backup og meta

သားသားမီးမီးတို့ကို ပျိုးထောင်ရတာ ပျော်စရာအကောင်းဆုံးပါ


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသားမီးမီးတို့ကို ပျိုးထောင်ရတာ ပျော်စရာအကောင်းဆုံးပါ

    သားသမီးတိုင်းကို ရင်နဲ့အမျှချစ်ကြတဲ့သူတွေက မိဘတွေကလွဲလို့ အခြားသူမရှိပါဘူး။ မေမေက ကိုးလဆယ်လလွယ်ပြီး မွေးဖွားပေးသလို ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် မေမေနဲ့ ဗိုက်ထဲက ကလေးဘေးကင်းစေဖို့ အမြဲမပြတ်စောင့်ကြည့်ပေးသူက ဖေဖေပါ။ ဒီလိုမေမေနဲ့ဖေဖေရဲ့ အနှိုင်းမဲ့တဲ့ မေတ္တာတွေကြောကြောင့် သားသားမီးမီးတို့က ကျန်းမာပျော်ရွှင်စွာ လူလားမြောက်လာရတာပါ။

    မိဘတွေက ဖြစ်ချင်တာတွေကို ထုတ်မပြောရင်တောင် ဘာလို့သိနေတာလဲ။

    ဒီခံစားချက်ကို ကိုယ်တိုင်ကြုံဖူးမယ်ထင်ပါတယ်။ ဘာစားချင်လိုက်တာ၊ ဘာလေးကိုတော့ ရှာနေတာ မတွေ့ဘူးဆိုပြီး အမှုမဲ့အမှတ်မဲ့ပြောလိုက်ရင်တောင် ချက်ကျွေးတာ၊ အဆင်သင့်ရှာပေးထားတာတွေကြောင့် အံ့အားသင့်ခဲ့ရတဲ့ မေမေ့ရဲ့ အလိုက်သိမှုတွေကြောင့် အဆင်ပြေခဲ့ရတာ ရေတွက်လို့မကုန်အောင်ပါ။

    အဖေတွေဟာ အမေတွေလောက် ဂရုစိုက်မှုတွေကို သိသိသာသာဖော်ပြလေ့မရှိကြပေမယ့် ဘေးကနေ မသိမသာ ထိန်းကျောင်းပေးနေပါတယ်။

    နေ့စဉ်ဘဝပြဿနာတွေမှာ ပါဝင်လေ့မရှိရင်တောင် ဘဝရဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချဖို့ တွေဝေမှုတွေဖြစ်နေချိန်မှာ အကောင်းဆုံးဖြစ်အောင် လမ်းပြပေးတတ်ကြပါတယ်။

    ငယ်ငယ်မှာ ချစ်ခြင်းမေတ္တာအပြည့်အဝရရှိခဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြည့်ဝသူတွေအဖြစ်ကြီးပြင်းလာကြပါတယ်။ ချစ်ခြင်းမေတ္တာကိုလည်း လက်ဆင့်ကမ်းမျှဝေတတ်ကြပါတယ်။ ကိုယ်တိုင်မိဘနေရာရောက်တဲ့အခါမှာလည်း အကောင်းဆုံးလုပ်နိုင်ဖို့ အလားအလာရှိသူတွေဖြစ်ကြပါတယ်။

    သားသမီး ပျိုးထောင်ခြင်းမှရရှိတဲ့ပီတိ

    သားသမီးတွေကို ပျိုးထောင်ချင်မှ ရရှိလာတဲ့ ပျော်ရွှင်မှုတွေက နှိုင်းယှဉ်လို့မရပါဘူး။ သင်ရော သင့်ရဲ့ သားသားမီးမီးကို အကောင်းဆုံးပျိုးထောင်ပြီး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကိုဖော်ပြဖို့ အဆင်သင့်ဖြစ်ပြီလား။ ဒါဆိုရင်တော့  မိဘတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဒီနည်းလမ်းလေးတွေနဲ့ ပြသလိုက်ပါ။

    အာဟာရပြည့်ဝအောင် ကျွေးမွေးတာက မေမေဖေဖေတို့ရဲ့ တာဝန်တွေထဲကတစ်ရပ်ပါ။ ဒါကြောင့် ကလေးကို အစားစစားတတ်တဲ့အရွယ်ကစပြီး အာဟာရပြည့်ဝအောင် ကျွေးမွေးပေးတာက ကလေးကို ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေမှာပါ။

    ထမင်း – ကြီးထွားဖို့လိုအပ်တဲ့ ကစီဓာတ် ရရှိစေပြီး အင်အားပြည့်ဝစေမှာပါ။ ကိုယ်ခံအားကို အကောင်းဆုံးတည်ဆောက်ပေးသလို ကူးစက်ရောဂါတွေအန္တရာယ်ကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

    အသားအရိုးနဲ့ကြွက်သားတွေ သန်မာဖွံ့ဖြိုးစေဖို့လိုအပ်တဲ့ ပရိုတင်း၊ သွေးအားနည်းရောဂါမဖြစ်စေဖို့ ကာကွယ်ပေးတဲ့ သံဓာတ်၊ အာရုံစူးစိုက်မှု ကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးတဲ့ အာဟာရဓာတ်တွေ ပြည့်စုံစွာပါဝင်နေပါတယ်။ ဒါကြောင့် ကလေးကို ငယ်ငယ်ကတည်းက အဆီမပါတဲ့ အနီရောင်အသား၊ ကြက်သားတို့ကို ကျွေးပေးပါ။

    ကြက်ဥ – ပရိုတင်းကြွယ်ဝသလို ဗီတာမင် D လည်းပြည့်ဝစွာပါဝင်နေပါတယ်။ ကယ်လ်ဆီယမ် စုပ်ယူမှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ အာဟာရပြည့်ဝစေသလို ကလေးတော်တော်များများ အကြိုက်တွေ့မယ့် အစားအစာတစ်မျိုးပေါ့။

    နို့နဲ့နို့ထွက်ပစ္စည်း –  ကယ်လ်ဆီယမ်နဲ့ပရိုတင်းတို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးပေးရုံနဲ့ ကလေးကို အကောင်းဆုံးကြီးထွားသန်မာစေနိုင်မှာပါ။ အရိုးနဲ့သွားတွေကို ကြံ့ခိုင်စေပြီး ကြွက်သားဖွံ့ဖြိုးစေနိုင်ပါတယ်။

    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ – အမြင်အာရုံကောင်းစေမယ့် ဗီတာမင် A၊ ကိုယ်ခံအားကောင်းစေနိုင်တဲ့ ဗီတာမင် C၊ ဖောလိတ်၊ ဇင့်ဓာတ် တို့ပါဝင်နေပါတယ်။ အမျှင်ဓာတ်လည်းကြွယ်ဝတာကြောင့် အစာခြေစနစ်ကျန်းမာပြီး အာဟာရပြည့်ဝစေမှာပါ။

    သစ်သီးတွေ – ကလေးက ဗီတာမင် C လိုမျိုးကိုယ်ခံအားကောင်းစေတဲ့ အာဟာရဓာတ်တွေကို သစ်သီးတွေကနေရရှိပါတယ်။ ဒါကြောင့် ကလေးကို သစ်သီးလေးတွေ ပြင်ဆင်ကျွေးမွေးဖို့လည်း မမေ့ပါနဲ့။

    အစေ့အဆန်တွေ – အစေ့အဆန်တွေက ကလေးရဲ့ဦးနှောက်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ Omega-3 Fatty Acid ကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက အစေ့အဆန်လေးတွေကိုပါ ပြင်ဆင်ကျွေးမွေးပေးပါ။

    အခွံမာသီးတွေ – အခွံမာသီးတွေမှာ ကလေးတွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ omega-3 fatty acids ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကလေးကို ဉာဏ်ရည် ထက်မြက်စေချင်ရင်တော့ ငယ်စဉ်ကတည်းက အခွံမာသီးတွေကို ထည့်သွင်းပြင်ဆင်ပေးသင့်ပါတယ်။

    ဒိန်ချဉ် – ကလေး အရိုးနဲ့သွားတွေ သန်မာစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ် ကြွယ်ဝစေနိုင်သလို ပရိုတင်းနဲ့ အကျိုးပြုဘက်တီးရီးယားတွေ (Probiotics (Lactobacillus) ) လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အူနံရံတွေကို အာဟာရစုပ်ယူမှု အားကောင်းစေပြီး ကလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။

    အာဟာရပြည့်ဝအောင်ဖြည့်ဆည်းပေးတာအပြင်

    • ကလေးကို အချိန်ပေးတာ၊
    • အတူတူ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာ၊
    • စာဖတ်ပြတာ၊
    • အခက်အခဲတွေကို အတူတူဖြေရှင်းပေးတာ၊
    • အတွေ့အကြုံတွေကို နားထောင်ပေးတာ၊
    • အတူတူဈေးဝယ်သွားတာ၊
    • အတူတူပြင်ဆင်ချက်ပြုတ်တာ၊
    • အားကစားပွဲတွေ အတူတူကြည့်တာကလည်း မိဘနဲ့ သားသမီးတို့ကြားက ချစ်ခြင်းမေတ္တာကို ခိုင်မြဲစေပြီး ကလေးကို အကောင်းဆုံး ပျိုးထောင်နိုင်စေဖို့ အထောက်အပံ့ပေးနိုင်မှာပါ။

    ကိုယ်တိုင်ပျိုးထောင်လိုက်တဲ့ ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာမှုက ဘာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ ပျော်ရွှင်မှုပါ။ ကဲ…..မေမေဖေဖေတို့ရေ ရင်နဲ့အမျှချစ်ရတဲ့ သားသားမီးမီးတို့ကို အကောင်းဆုံးပျိုးထောင်ပြီး မိဘဖြစ်ရတဲ့ ပီတိကို ခံစားဖို့ အဆင်သင့်ပဲလား……

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement