backup og meta

အံကပ်တပ် ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

အံကပ်တပ် ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

အသက်ကြီးလို့ သွားတွေ မကောင်းတော့ဘူးဆိုရင် စားဖို့၊ စကားပြောဖို့ အခက်အခဲရှိလာတတ်ပါတယ်။ ခုခေတ်မှာ ဆေးပညာတွေ တိုးတက်နေပြီဆိုတော့ ဒါဟာ ပြသနာ တစ်ခု မဟုတ်တော့ပါဘူး။ အသက်ကြီးတော့ သွားမကောင်းတော့ရော ဘာဖြစ်လဲ။ ဆေးပညာနဲ့ ပြုပြင်လိုက်ရင် အရင်လိုပဲ စားလို့ သောက်လို့ ရသွားတာပေါ့။ ဒီလို လွယ်ကူအောင် လုပ်ပေးတဲ့ထဲမှာ အံကပ်တပ် တာလည်း အပါအဝင်ပါပဲ။ ခုခေတ် ဘိုးဘိုးဘွားဘွားတွေ အတွက်တော့ အံကပ်တပ်တာဟာ မထူးဆန်းတော့တဲ့ ကိစ္စပါပဲ။ ဒါကြောင့် အိမ်က ဘိုးဘိုးဘွားဘွားတွေကို အံကပ်တပ်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုရင် သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို အရင်လေ့လာကြည့်ရအောင်ပါ။

အံကပ်တပ် ခြင်းရဲ့ ကောင်းကျိုးများ

  • အစာစားရလွယ်လာတယ်။

အံကပ်တပ်ရတဲ့ အကြောင်းရင်းကလည်း ဒါကြောင့်ပါပဲ။ ငယ်ငယ်တုန်းကလို ကြက်ပေါင်တုံးကြီးကို မကိုက်နိုင်သည့်တိုင်အောင် ပုံမှန်စားတာ သောက်တာလောက်တော့ ကောင်းကောင်း လုပ်နိုင်ပါတယ်။ ပြောမယ့်သာ ပြောသာ သွားမကောင်းလို့ ကောင်းကောင်း မစားနိုင်ဘဲ အာဟာရပြတ်တဲ့ ဘိုးဘိုးဘွားဘွားတွေ အများကြီး ရှိတာကြောင့် ဒီကိစ္စကို အထင်မသေးသင့်ပါဘူး။

  • နုပျိုစေတယ်။

အံကပ်တပ်တာ လူကို နုပျိုစေလို့လားဆိုရင် အံကပ်တပ်ထားတဲ့သူကို အရင်မေးကြည့်လိုက်ပါ။ ညရောက်လို့ အံကပ်ချွတ်လိုက်ရင် မျက်နှာပုံစံ ဘယ်လောက်ပြောင်းသွားလဲဆိုတာ ပြောပြပါလိမ့်မယ်။ အသက်ကြီးလာတဲ့အခါ သွားတွေပဲ ကျိုးကုန်တာ မဟုတ်ပါဘူး။ မေးရိုးတွေလည်း ပါးကုန်ပါတယ်။ ဒါသဘာဝပါပဲ။ ဒါကြောင့် ပါးတွေချိုင့်ပြီး နှုတ်ခမ်းနားက ကြွက်သားတွေ ရှုံ့ကုန်တာပါ။ အံကပ်တပ်လိုက်တဲ့အခါ ဒါတွေအကုန် သူ့နေရာနဲ့သူ တင်းတင်းရင်းရင်း ဖြစ်ပြီး ပိုပြီး နုပျိုသွားပါတယ်။

  • ပြုံးနိုင် ရယ်နိုင်လာတယ်။

ကလေးတွေ သွားကျိုးထားရင် ရယ်ဖို့ ရှက်သလိုပဲ လူကြီးတွေလည်း ရှက်တတ်ပါတယ်။ အံကပ်တပ်လိုက်တော့ လွတ်လွတ်လပ်လပ်ပြောဆိုပြီး ရယ်မောနိုင်တာပေါ့။

  • သွားတွေမရှိ၊ သွားဖုံးတွေ မကောင်းလည်း တပ်လို့ရတယ်။

အံကပ်ရဲ့ အားသာချက်က ပါးစပ်ထဲမှာ သွားတွေ မရှိလည်း ဒါမှမဟုတ် သွားဖုံးတွေ မကောင်းလည်း ပုံသွင်းပြီး တပ်လို့ရတာပါပဲ။ Bridgesဆိုလို့ရှိရင် သွားနည်းနည်းလောက်ကျန်မှ တပ်လို့ရတာပါ။ သွားစိုက်မယ်ဆိုရင်လည်း အောက်က သွားဖုံးကောင်းမှ အဆင်ပြေမှာပါ။

  • ထိန်းသိမ်းရလွယ်တယ်။

အံကပ်က တစ်နေကုန်တပ် ညအိပ်ရင် ဖြုတ်ပြီး ဆေးရုံပါပဲ။ အရင်က အိပ်ခါနီးရင် သွားတိုက်တယ်။ ခုတော့ အိပ်ခါနီးရင် အံကပ်ဆေးတယ်ပေါ့။ သေသေချာချာသာ ထိန်းသိမ်းတတ်ရင် ၅နှစ်ကနေ ၇နှစ်လောက်အထိ ခံပါတယ်။

အံကပ်တပ် ခြင်းရဲ့ ဆိုးကျိုး

နောက်တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် အံကပ်တပ်တာက

  • အလုပ်ရှုပ်တယ်။

အရင်ဆုံး အံကပ်လုပ်မယ်ဆို အံပုံယူရတာနဲ့၊ မလိုတဲ့ သွားတွေ ရှင်းထုတ်ပစ်တာနဲ့၊ တစ်ခါ ပုံကျမကျ တပ်ကြည့်တာနဲ့၊ မကျရင် ပြန်ပြင်တာနဲ့ သွားဆရာဝန်ဆီ အခေါက်ခေါက်အခါခါ သွားနေရမှာပါ။ ဒါကလည်း ကိုယ်နဲ့ ကွက်တိမကျရင် ဘယ်လိုမှ အဆင်မပြေဘူးဆိုတော့ ခဏခဏ ပြင်နေရတာပေါ့။

  • အသားမကျဘူး။

အံကပ်တပ်ထားတဲ့ လူကြီးတွေ ပြောနေကျစကားက ‘ကိုယ့်သွား မဟုတ်တော့ ဘယ်လိုကြီးလဲမသိဘူး။’ ဆိုတာ ပါပဲ။ စစတပ်ချင်းမှာ ပါးစပ်ထဲမှာ တစ်ခုခု စွပ်ထားသလို နေလို့ အသားကျမှာ မဟုတ်ပါဘူး။ နောက်မှ တပ်ရင်း၊ တပ်ရင်းနဲ့ အသားကျသွားတာပါ။

  • ဆေးရကြောရတယ်။

ညရောက်ပြီဆို အလုပ်တစ်ခုပိုလာပါပြီ။ အံကပ်ဆေးတာပါ။ အရင်က ကိုယ့်သွားကိုယ်တိုက်ရာကနေ ခုအံကပ်ဆေးရပါပြီ။ ဆေးတာကလည်း သူ့ဆေးရည်နဲ့သူ၊ သွားပွတ်တံ အပျော့စားလေးနဲ့ ဖြည်းဖြည်းလေး ဆေးပေးရတာပါ။ ပြီးရင်လည်း ခြောက်မသွားအောင် ရေစိမ်ထားပါသေးတယ်။ ဒါမှ ကြာကြာခံမှာကိုး။ ဒီတော့ လူကြီးတွေ အလုပ်ပိုတာပေါ့။

  • စကားပြောရ အဆင်မပြေဘူး။

စစတပ်တပ်ချင်းဆို အသားမကျသေးတော့ စကားပြောရင် လေသံတွေ ဝဲကုန်ပါတယ်။ ပြောနေရင်းနဲ့ မေးရိုးနားကနေ အသံကလည်း တစ်ချက် တစ်ချက် ထွက်လာပါသေးတယ်။ အားရပါးရရယ်မိရင်၊ ချောင်းဆိုးရင် ရှေ့ကို ပြုတ်ထွက်လာမလားစိုးပြီး စိုးရိမ်နေရပါသေးတယ်။ အစားစားတော့လည်း မာလွန်းတာတွေ စားလို့မရသလို စစချင်းဆို ကိုယ့်ဟာကိုယ့် ထိန်းပြီး ဝါးနေရပါတယ်။

အံကပ်က ကိုယ်နဲ့ ကွက်တိမဖြစ်တဲ့အခါ သွားဖုံးကို သွားသွားတိုက်မိပြီး သွားဖုံးအနာဖြစ်တတ်ပါတယ်။ ဒီအနာက ပါးစပ်ထဲမှာမို့လို့ တော်ရုံတန်ရုံ သတိမထားမိတတ်ပါဘူး။ ဒါပေမယ့် အရေးကြီးပါတယ်။ ညအိပ်လို့ အံကပ်ဖြုတ်တိုင်း ပါးစပ်ထဲမှာ အနာရှိမရှိ စစ်ကြည့်တဲ့ အလေ့အကျင့် လုပ်ထားပါ။ တချို့ကလည်း မပွန်းအောင်လို့ အံကပ်နဲ့ သွားဖုံးကြားမှာ ဝါရှာလို ဂျယ်လေး ခံထားတတ်ပါတယ်။

ဒါတွေက အံကပ်မတပ်ခင် စဉ်းစားသင့်တဲ့ အချက်တွေပေါ့။ စဉ်းစားကြည့်ပြီး အဆင်ပြေမယ်ထင်ရင် တပ်လို့ရပါတယ်။ ပိုသိချင်တာ ဒါမှမဟုတ် တခြားနည်းလမ်းတွေ သိချင်ရင် သွားဆရာဝန်နဲ့ ဆွေးနွေးဖို့ အကြံပြုလိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.medic8.com/cosmetic-dentistry/dentures/benefits-dentures.html

https://www.southfloridadentalcare.com/dentures-pros-and-cons/

https://www.webmd.com/oral-health/dental-health-dentures#1

ယခုပုံစံ

15/09/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွားထပ် လေးတွေက သင့်ရဲ့ ထူးခြားမှုတစ်ခုပါ။

စိတ်ဖိစီးမှုကြောင့် သွားနဲ့ ခံတွင်းကို ထိခိုက်နိုင်ပါတယ်



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement