backup og meta

ဘိုးဘိုးဘွားဘွားတွေအတွက် အံကပ် သန့်ရှင်းရေးလုပ်နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘိုးဘိုးဘွားဘွားတွေအတွက် အံကပ် သန့်ရှင်းရေးလုပ်နည်း

    အသက်လေးကြီးလာလို့ စားလို့ ဝါးလို့ မကောင်းတော့ရင်၊ သွားတွေ မစုံတော့ဘူးဆိုရင် သွားစိုက်မှာလား၊ အံကပ် တပ်မှာလား စဉ်းစားလာကြပါပြီ။ ဒီထဲမှာ အံကပ်တပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ ဘိုးဘိုးဘွားဘွားတွေများရှိရင် ဒီအံကပ်ကို ဘယ်လို သန့်ရှင်းရေး လုပ်ရမလဲဆိုပြီး စဉ်းစားနေကြမှာပါ။ အံကပ်ဆိုတာ ကိုယ့်ရဲ့ မွေးစားသွားတွေပါပဲ။ ဒါကြောင့် ကိုယ်ပိုင်သွားတွေလိုပဲ ဂရုစိုက်ရမှာပါ။ သွားတိုက်ဖို့လိုသလို အံကပ်တွေကိုလည်း ပုံမှန် သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။

    သွားဆရာဝန်က သေသေချာချာ ရှင်းပြလိုက်ပေမယ့် ဘိုးဘိုးဘွားဘွားတွေက အကုန်မှတ်မိချင်မှ မှတ်မိမှာပါ။ ဒါကြောင့် အိမ်မှာရှိတဲ့ သားသမီးတွေ မြေးတွေက အံကပ်သန့်ရှင်းရေးလုပ်နည်းကို သေသေချာချာ ပြန်ရှင်းပြနိုင်ဖို့ လိုပါတယ်။

    အံကပ် တွေကို ကြာကြာလည်းတပ်ချင်တယ်၊ သန့်သန့်ရှင်းရှင်းလည်း ထားချင်တယ်ဆိုရင်

    • အစာစားပြီးတိုင်း အံကပ်ကို ဖြုတ်ပြီး ဆေးပေးပါ။

    ဘေစင်အောက်မှာ ရေဖွင့်ပြီး ရေနိုင်နိုင်နဲ့ ဆေးပေးတာက အံကပ်မှာကပ်နေတဲ့ စားကြွင်းစားကျန်တွေကို သန့်စင်ပေးပါတယ်။ ဆေးနေရင်း အောက်ပြုတ်မကျအောင် သတိတော့ထားပေါ့။ အစာစားပြီးတိုင်း ဆေးဖို့ အဆင်မပြေရင် ပလုတ်လောက်တော့ ကျင်းပေးစေချင်ပါတယ်။

  • အံကပ်တွေကို သေချာကိုင်တွယ်ပါ၊
  • အံကပ်တွေက ကိုယ့်ရဲ့ အံပုံနဲ့ ကိုက်အောင် လုပ်ထားတာပါ။ ဒါကြောင့် ဖြုတ်ရင်း၊ ဆေးရင်း မပြုတ်ကျအောင်၊ ကွေးတာ၊ ဆွဲဆန့်တာ မလုပ်မိအောင် သတိထားရမှာပါ။

    • အံကပ်ဖြုတ်ပြီးရင် ခံတွင်းကိုလည်း သန့်ရှင်းရေး လုပ်ပါ။

    နူးညံ့တဲ့ အမွေးရှိတဲ့ သွားပွတ်တံကို သုံးပြီး ကိုယ့်ရဲ့ သွားတွေ၊ သွားဖုံးတွေ၊ လျှာတွေကို သန့်ရှင်းရေး လုပ်ပေးပါ။ အထူးသဖြင့် အိပ်ခါနီး အံကပ်ဖြုတ်ရင် လုပ်ဖြစ်အောင် လုပ်ပါ။  အံကပ်ဂျယ်သုံးရင် ဂျယ်ကို ဖယ်ပြီး သန့်ရှင်းရေး လုပ်ပါ။ ဒီလိုတိုက်ပေးတာက ခံတွင်းထဲမှာ သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။

    • အံကပ်ကို နေ့တိုင်း သန့်ရှင်းရေး လုပ်ပေးပါ။

    အံကပ်ကို နေ့တိုင်းဖြုတ်ပြီး ဆေးပေးပါ။ နူးညံ့တဲ့ သွားပွတ်တံလေးရယ်၊ အံကပ်ဆေးတဲ့ အရည်လေးရယ် သုံးပြီးတော့ပေါ့။ သွားတိုက်ဆေးနဲ့ ဆေးတာက ရေရှည်မှာ အံကပ်ကို ပျက်စီးစေလို့  တတ်နိုင်ရင် အံကပ်ဆေးဖို့ ထုတ်ထားတဲ့ ဆေးရည်ကို သုံးစေချင်ပါတယ်။ ဆေးရည်လေးကို သုံးပြီး စားကြွင်းစားကျန်တွေ၊ အစွန်းအထင်းတွေကို သေချာ သန့်ရှင်းပေးပါ။ ဒါပေမယ့် ဖြည်းဖြည်းတိုက်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်း တိုက်ရင် အံကပ်ပုံပျက်သွားမှာပါ။ နောက်ပြီး အံကပ်မချွတ်ချင်လို့ ပါးစပ်ထဲမှာ တပ်ပြီး ဆေးရည်နဲ့ သန့်ရှင်းရေး မလုပ်ပါနဲ့။ ဒါက ခံတွင်းကို ပျက်စီးစေပါတယ်။

    • ညဘက်ဖြုတ်ရင် ရေစိမ်ထားပါ။

    အံကပ်တွေက ပုံမပျက်ဖို့ဆို စိုစွတ်နေရမှာပါ။ ဒါကြောင့် ညဘက်ဖြုတ်အိပ်ရင် အံကပ်စိမ်တဲ့ရေဖြစ်ဖြစ်၊ ရိုးရိုးရေမှာပဲ ဖြစ်ဖြစ် စိမ်ထားပါ။ ဒီတိုင်းထားလို့ ခြောက်သွားရင် ပုံပျက်သွားပါမယ်။ နောက်ပြီး ရေနွေးပူထဲ ထည့်စိမ်ရင်လည်း ပုံပျက်သွားနိုင်ပါတယ်။

  • ပြန်တပ်မယ်ဆို ရေဆေးပါ။
  • မနက်နိုးလို့ အံကပ်ကို ပြန်တပ်မယ်ဆိုရင် ရေပြန်ဆေးပါ။ အထူးသဖြင့် အံကပ်စိမ်တဲ့ရေထဲ ထည့်ထားရင်ပေါ့။ ဒီအရည်က မျိုချမိရင် ပျို့အန်တာ၊ ဗိုက်နာတာ၊ လည်ချောင်းမှာ ပူတာတွေ ဖြစ်တတ်လို့ပါ။

    • ခံတွင်းကို အမြဲစစ်ဆေးပါ။

    အံကပ်တပ်တဲ့သူက အသားမကျဘူးဆိုရင် အံကပ်နဲ့ သွားဖုံးနဲ့ ပွတ်မိပြီး အနာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အံကပ်ဖြုတ်တိုင်း သွားဖုံးတွေကို သေချာ စစ်ဆေးပါ။ လျှာအောက်ကိုလည်း သေချာ စစ်ဆေးပါ။ အနာရှိရင်၊ သွားဖုံးနာရင် ဆက်မတပ်ဘဲ သွားဆရာဝန်နဲ့ ပြသပါ။

    စစတပ်ချင်းဆို ခိုးလို့ခုလုနဲ့ နေတတ်မှာ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ နေသားကျသွားမျာပါ။ ဒါပေမယ့် အံကပ်နဲ့ ကိုယ်နဲ့ မကိုက်ဘူးထင်ရင်၊ ချောင်လွန်း၊ ကြပ်လွန်းရင် ဆရာဝန်ဆီ ပြန်သွားပါ။ ပြန်ညှိပါ။ ဘာမှမဖြစ်လည်း ၆လ တစ်ခါလောက် သွားဆရာဝန်နဲ့ အံကပ်ကို စစ်ဆေးဖို့ လိုပါတယ်။ ဒါမှ ချောင်နေလား၊ အထဲမှာ အံကပ်နဲ့ တိုက်မိပြီး အနာတွေ ရှိနေလားဆိုတာ စစ်ဆေးလို့ရမှာပါ။ ပုံမှန်ဆိုရင်တော့ အံကပ်တစ်ခုက ၅နှစ်ကနေ ၇နှစ်အထိ ခံပါတယ်။

    • ဒါတွေနဲ့ အံကပ်ကို လုံးဝ သန့်ရှင်းရေး မလုပ်ပါနဲ့။

    -ကြမ်းတမ်းတဲ့ သွားပွတ်တံတွေ၊ သွားတိုက်ဆေးတွေ

    သွားဖြူဆေးတွေ

    -ကလိုရင်းပါတဲ့ အရောင်ချွတ်ဆေးတွေ

    -ရေနွေးပူတွေ စတာတွေကိုတော့ လုံးဝရှောင်ဖို့ လိုပါတယ်။

    ခုလောက်ဆို ဘိုးဘိုးဘွားဘွားတွေ အံကပ် သန့်ရှင်းရေး လုပ်မယ်ဆို ဘယ်လို ကူရမလဲဆိုတာ သိလောက်ပြီလို့ ယူဆပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement