home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သွားထပ် လေးတွေက သင့်ရဲ့ ထူးခြားမှုတစ်ခုပါ။

သွားထပ် လေးတွေက သင့်ရဲ့ ထူးခြားမှုတစ်ခုပါ။

သွားတွေ ထပ်နေလို့ ကြည့်လို့ မကောင်းဘူး ထင်နေတာလား။ အရင်ဆုံး သိရမှာက သွားထပ် တာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကလေးတွေရော လူကြီးတွေရော သွားထပ်တတ်ပါတယ်။ ပြီးတော့ သွားထပ်တာကို မဖြစ်မနေ ပြန်ပြင်စရာ မလိုပါဘူး။ သွားထပ်လေးတွေက သင့်ရဲ့ ချစ်မွှေးပါ။ တချို့ဆို သွားထပ်လေးတွေနဲ့ သိပ်ကို ချစ်စရာကောင်းပြီး ဆွဲဆောင်မှု ရှိပါတယ်။ သင့်ကို ထူးခြားစေတဲ့ အမှတ်အသား တစ်ခုပါပဲ။ လူတွေက သွားထပ်ကြောင့် ကိုယ့်ကိုယ်ကိုယ် မလှဘူးထင်ရင်၊ စကားပြောရတာ အဆင်မပြေရင်၊ တခြား သွားနဲ့ ခံတွင်း ရောဂါတစ်ခုခု ဖြစ်လာမှပဲ ပြန်ညှိကြတာပါ။ ဒီတိုင်းထားလိုက်တာများပါတယ်။ ကိုယ့်ရဲ့ ထူးခြားတဲ့ သွားထပ်လေးတွေက ဘယ်ကဘယ်လို ဖြစ်လာတာလဲ။ တစ်ချိန်ချိန်မှာ စိတ်ကူးပြောင်းသွားလို့ ပြင်ချင်တယ်ဆိုရင် ဘယ်လို ကုသမှုတွေ ရှိလဲဆိုတာ ပြောပြပေးပါမယ်။

သွားထပ် တာ ဘာကြောင့်လဲ။

ငယ်သွားရော ကြီးသွားရော ထပ်နိုင်ပါတယ်။ ဒါမှမဟုတ် သွားလဲတဲ့အချိန်မှာ ထပ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ကလေးသွားတွေက ထပ်တာ များပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မေးရိုးလေးတွေက သေးသေးလေးတွေ ဆိုတော့ သွားတွေက တစ်ခုနဲ့ တစ်ခု ထပ်ပြီး ပေါက်ရလို့ပါ။

နောက်ပြီး လက်မတို့၊ ချိုလိမ်တို့ကို အချိန်ကြာကြာ စုပ်တဲ့ကလေးတွေကလည်း သွားကို သွားသွားတွန်းတဲ့အတွက် သွားထပ်နိုင်ပါတယ်။ မျိုးရိုးကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

ငယ်သွားထပ်ရင် ကြီးသွားလည်း ထပ်မှာပဲလို့ ယတိပြတ်မပြောနိုင်ပေမယ့် ထပ်သွားကြတာ များပါတယ်။ ကလေးက ငယ်ငယ်တုန်းက မျက်နှာကို ထိခိုက်မိလို့ ဖြစ်ဖြစ်၊ သွားပိုးစားလို့ပဲ ဖြစ်ဖြစ် သွားတွေ စောစောကျိုးခဲ့မယ်ဆိုရင် ကြီးသွားထွက်လာတဲ့အခါ သွားဖုံးသေးသေးလေးနဲ့ မဆန့်လို့ ထပ်ကုန်တတ်ပါတယ်။

ကြီးသွားတွေပါ ထပ်စေတဲ့အကြောင်းတွေကတော့

  • မေးရိုးအရွယ်အစား

ဟိုး ကမ္ဘာဦးလူသားတွေကတော့ အသားစားတာများတဲ့အတွက် မေးရိုးတွေက ကြီးကြပါတယ်။ တဖြည်းဖြည်း ခေတ်ပြောင်းလာတဲ့အခါ ပေါင်မုန့်တို့၊ ထမင်းတို့၊ ခေါက်ဆွဲတို့ အစာပျော့ပျော့တွေ စားလာကြတဲ့အတွက် မေးရိုးက သိပ်ဝါးစရာမလိုတော့ ဆိုဒ်လည်း သေးလာပါတယ်။ ဒီလိုဆင့်ကဲပြောင်းလဲလာတဲ့အတွက် သွားတွေမညီတာ၊ ထပ်တာတွေ ဖြစ်လာပါတယ်။

  • ကြွက်သားလုပ်ဆောင်ချက် မှားယွင်းခြင်း

မျက်နှာနဲ့ မေးရိုးက ကြွက်သားတွေ အလုပ်လုပ်တာကို ပြောတာပါ။ Myofunctional habits လို့ ခေါ်ပါတယ်။ ဥပမာပြောရရင် လက်မစုပ်တာ၊ နို့ဘူး၊ ချိုလိမ်စို့တာ၊ သွားတွေကို လျှာနဲ့ သွားသွားထိုးတာ၊ ပါးစပ်နဲ့ အသက်ရှူတာ စတာတွေပဲ ဖြစ်ပါတယ်။ ဒါတွေကြောင့် သွားတွေ ထပ်တာလည်း ဖြစ်နိုင်ပါတယ်။

  • မေးရိုးပုံစံမကျတာ

အပေါ်မေးရိုးက ရှေ့ကို ခေါထွက်နေတာမျိုး၊ အောက်မေးရိုးက ရှေ့ကို ထွက်နေတာမျိုး တွေ့ဖူးပါသလား။ အရပ်အခေါ်တော့ သွားခေါပေါ့။ ဒါကို အလိုင်းမင်း (alignment) မကျဘူးလို့ ပြောကြပါတယ်။ ခုနကပြောခဲ့တဲ့ Myofunctional habits မမှန်တာကြောင့်လည်း မေးရိုးပုံမကျတာ ဖြစ်တတ်ပါတယ်။

  • မျိုးရိုးဗီဇ

သင့်မိဘတွေမှာ သွားထပ်လေးတွေ ရှိတယ်ဆိုရင် သင့်မှာလည်း ဖြစ်နိုင်ချေရှိပါတယ်။ သွားခေါတာလည်း ဒီလိုပါပဲ။ မိဘဆီက အမွေရနိုင်ပါတယ်။

  • သွားကို ပုံမှန် မစစ်ဆေးခြင်း

သွားဆရာဝန်နဲ့ ပုံမှန်ပြသတာက သင့်မှာရှိတဲ့ သွားဖုံးရောဂါတွေ၊ သွားပိုးပေါက်တွေ အကြောင်းကို သိရုံသာမကပါဘူး။ သင့်ရဲ့ သွားထပ်လေးတွေ ကောင်းကောင်းရှိနေလား၊ သင့်ကို ဒုက္ခရောက်အောင် လုပ်နေပြီလားဆိုတာကိုပါ စစ်ဆေးပြီးသားဖြစ်သွားပါတယ်။

  • အာဟာရမပြည့်ဝခြင်း

သွားကလည်း အရိုးလိုပဲ ကောင်းကောင်းဖွံ့ဖြိုးဖို့ အာဟာရလိုပါတယ်။ ကလေးဘဝမှာ အာဟာရမပြည့်ဝဘူးဆိုရင် သွားတွေ ကောင်းကောင်းဖွံ့ဖြိုးမှာ မဟုတ်သလို သွားပိုးစားပြီး ပျက်စီးတာကြောင့် သွားထပ်ဖို့ အလားအလာ ပိုများပါတယ်။

  • ထိခိုက်ဒဏ်ရာ

မျက်နှာမှာ ဒဏ်ရာရလို့ သွားကျွတ်သွားတယ်ဆိုရင် ပြန်ထွက်လာတဲ့အခါ သွားထပ်ဖို့များပါတယ်။

သွားထပ် တာကြောင့် ဘာတွေ အခက်အခဲတွေ့နိုင်လဲ။

သွားထပ်တာက လူကို အနှောင့်အယှက်မဖြစ်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ တချို့လူတွေမှာ

  • သွားဖုံးရောဂါတွေ
  • အစာဝါးရ ခက်တာကြောင့်အစာမကြေတာတွေ
  • သွားအချင်းချင်း ပွတ်တိုက်မိတာကြောင့် သွားပဲ့တာ၊ မေးရိုးတွေနာတာ၊ ခေါင်းကိုက်တာ
  • စကားပြောရခက်တာ။ လေယူလေသိမ်း အဆင်မပြေတာ
  • ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာ စတာလေးတွေ ကြုံရနိုင်ပါတယ်။

ဘယ်လိုကုသနည်းတွေ ရှိလဲ။

ခုနောက်ပိုင်း သွားမညီတာ၊ သွားထပ်တာတွေအတွက် ကုသနည်းတွေ အများကြီး ပေါ်နေပါပြီ။ အားလုံးသိကြတဲ့

  • Metal braces ဆိုတဲ့ သံကွင်းလေးတွေ တပ်တာ
  • Ceramic braces သူကတော့ အပေါ်ကသံကွင်းလေးတွေလောက် မသိသာပါဘူး။
  • Invisible braces အကြည်ရောင်လေးတွေ
  • Lingual braces သူလည်း တပ်ထားရင် မသိသာပါဘူး။ စျေးတော့ပိုကြီးပါတယ်။
  • Teeth-straightening surgery ဆိုတဲ့ ခွဲစိတ်ကုသမှုတွေအထိ လုပ်လို့ရပါတယ်။

သွားထပ်တာနဲ့ ပတ်သတ်လို့ ကုသတဲ့သူတွေက သွားပြဿနာ ဆိုတာထက် ကြည့်မလှမှာစိုးလို့ သွားညှိကြတာများပါတယ်။ မဖြစ်မနေညှိရမယ်လို့ မဆိုလိုပါဘူး။ ဒါက တစ်ယောက်ချင်းဆီရဲ့ သဘောထားပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 05/10/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။