backup og meta

ဆားငန်ရည်နဲ့ ခံတွင်းကျန်းမာရေး အကျိုးပြုပုံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆားငန်ရည်နဲ့ ခံတွင်းကျန်းမာရေး အကျိုးပြုပုံ

    ဆားငန်ရည်ဆိုတာ ခံတွင်းကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်တဲ့ အိမ်တွင်းဆေးဝါးတစ်လက်ပါပဲ။ သွား၊ လျှာ၊ သွားဖုံး၊ လည်ချောင်းကိုလည်း သန့်ရှင်းပေးတယ်။ သွားကိုက်၊ သွားနာ၊ အနာပေါက်တာ၊ ခံတွင်းအနံ့ဆိုးဖြစ်တာ၊ လည်ချောင်းနာတာ၊ သွားနှုတ်ပြီးချိန်မှာ သွားဖုံးထဲ ပိုးမဝင်စေဖို့နဲ့ အနာကျက်မြန်စေဖို့ ဆားငန်ရည်နဲ့ ပလုတ်ကျင်းတတ်ကြပါတယ်။

    ဆားငန်ရည်နဲ့ ပလုတ်ကျင်းဖို့ သွားနဲ့ခံတွင်းဆရာဝန်တိုင်း ဘာလို့အကြံပြုတာလဲ။

    အလွယ်ကူဆုံးနဲ့ ဘေးထွက်ဆိုးကျိုးမရှိသလောက် နည်းသလို အိမ်တိုင်းမှာလည်း ဆားတွေ အလွယ်တကူဆောင်ထားတတ်ကြတာဆိုတော့ သုံးဖို့လည်း အဆင်ပြေစေပါတယ်။ ကုန်ကျစရိတ်လည်း နည်းတယ်။ လုပ်ဖို့အတွက် အချိန်စက္ကန့်ပိုင်းလောက်ပဲ ပေးရတာကြောင့် ဆားငန်ရည်နဲ့ အမြဲပလုတ်ကျင်းဖို့ အကြံပြုရခြင်း ဖြစ်ပါတယ်။

    ဆားငန်ရည်ဟာ ခံတွင်းကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုပေးနိုင်လဲ။

    ၁။ ပါးစပ်ထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သန့်စင်ပေးတယ်။ သွားတိုက်တံနဲ့ အလွယ်တကူ မရောက်နိုင်တဲ့ သွားကြားထဲက ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးနိုင်တယ်။

    ၂။ သွားသေချာမတိုက်ခြင်းကြောင့် အပေါ်ယံသွားကြွေလွှာပေါ် အကျိအချွဲတက်ခြင်းကို နှေးကွေးစေတယ်။

    ၃။ ခံတွင်းအနံ့ဆိုး ထွက်တတ်တဲ့သူတွေဆိုရင် တစ်နေ့ကို တစ်ကြိမ်လောက်ဖြစ်ဖြစ် သွားတိုက်ပြီးတိုင်း ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးခြင်းဖြင့် ခံတွင်းအနံ့ဆိုးကို သက်သာစေတယ်။ အယ်လ်ကိုဟော ပါဝင်တဲ့ ခံတွင်းသန့်စင်ဆေးရည်နဲ့ မတည့်တဲ့သူတွေဆိုရင် ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးလို့ ရပါတယ်။

    ၄။ လည်ချောင်းနာတဲ့သူတွေဆိုရင် ပါးစပ်ပတ်ပတ်လည်ကို တစ်ကြိမ်၊ အာခေါင်စပ် ရောက်တဲ့အထိ ခေါင်းကိုအနည်းငယ်မော့ပြီး တစ်ကြိမ် ၂ကြိမ်တိတိ ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးခြင်းဖြင့် လည်ချောင်းနာဝေဒနာကို အမြန်သက်သာစေနိုင်သလို ပျောက်တာလည်း မြန်စေပါတယ်။

    ၅။ ပါးစပ်မှာ Ulcer ကဲ့သို့ အဖြူရောင်အနာကွက်လေးတွေ ပေါက်နေတဲ့အခါ ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးခြင်းဖြင့် ပိုးသေစေတယ်။ ဆေးဆိုင်ကနေ အနာပျောက်လိမ်းဆေးတွေကို လိမ်းပေးပြီးသွားရင်လည်း အရောင်ကျစေနိုင်ပြီး အနာကို သေးစေကာ မြန်မြန်ပျောက်စေနိုင်ပါတယ်။

    ၆။ သွားဖုံးရောင်ခြင်း၊ သွားဖုံးသွေးယိုခြင်း၊ ရေစီးကမ်းပြိုဖြစ်ခြင်း၊ သွားပိုးပေါက်ဖြစ်ခြင်း၊ သွားပိုးစားခြင်းကိုလည်း ကာကွယ်ပေးနိုင်တယ်။

    ၇။ သွားနှုတ်ပြီး ၂၄နာရီနောက်ပိုင်းမှာ ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးမယ်ဆိုရင် အနာကျက်မြန်စေပြီး အနာမရင်းအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ သတိထားရမှာက သွားနဲ့ခံတွင်းဆရာဝန်ရဲ့ ဆေးပညာအတည်ပြုချက်ရမှသာ လုပ်သင့်ပါတယ်။ အထူးသဖြင့် အံဆုံးသွားနှုတ်တဲ့သူဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် ဆားငန်ရည်နဲ့ ပလုတ်မကျင်းခင် အရင်မေးဖို့လိုအပ်ပါတယ်။

    ၈။ အအေးမိ၊ ဖျားနာ၊ တုပ်ကွေးဖြစ်နေချိန်မှာလည်း ပလုတ်ကျင်းလို့ရပါတယ်။ ခံတွင်းနဲ့ လည်ချောင်းထဲမှာ ရှိနေတဲ့ ချွဲသလိပ်တွေကို ကြေစေပြီး ဘက်တီးရီးယားပိုးတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။

    သွားနဲ့ခံတွင်းကျန်းမာရေးအတွက် ဒီနည်းလမ်းတွေကို လိုက်နာပါ။

    ၁။ ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်ပေးပါ။ သွားတိုက်တဲ့အခါမှာလည်း နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ သွားတိုက်ဖို့ အရေးကြီးပါတယ်။

    ၂။ သွားတိုက်ပြီးရင် လျှာခြစ်ပါ။ လျှာခြစ်ဖို့အတွက် လျှာခြစ်တံအပျော့စားလေး သို့မဟုတ် သွားပွတ်တံနဲ့ အသုံးပြုလို့ရပါတယ်။

    ၃။ အားလုံးလုပ်ပြီးသွားရင် ပါးစပ်ကို ခံတွင်းသန့်စင်ဆေးရည် သို့မဟုတ် ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးပါ။

    ၄။ ဆားငန်ရည်ပြုလုပ်တဲ့နေရာမှာ အိမ်သုံးဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရေကျက်နွေးတစ်ခွက်နဲ့ ရောမွှေပေးရပါမယ်။ ၁၀ စက္ကန့်မှ ၁၂ စက္ကန့်ထိ အကြာဆုံး ဆားငန်ရည်နဲ့ ပလုတ်ကျင်းပြီးသွားရင် ထွေးထုတ်ပစ်ပါ။ မမျိုချပါနဲ့။ လည်ချောင်းမှာ ဆားတွေကပ်နေရင် ရေနည်းနည်းငုံပြီး ပလုတ်ကျင်းကာ ထွေးထုတ်ပစ်ပါ။

    ၅။ တစ်ပတ်ကို ၃ကြိမ်မှ ၄ကြိမ်ထိ လုပ်ပေးနိုင်ရင် လုံလောက်ပါတယ်။

    ၆။ အစာစားပြီးတဲ့အခါ ရေနဲ့ပလုတ်ကျင်းပါ။ သွားပွတ်ကြိုးသုံးပြီး သွားကြားထဲ ညှပ်နေတဲ့ စားကြွင်းစားကျန်တွေကို ရှင်းထုတ်ပစ်ပါ။

    ၇။ သွားနဲ့ခံတွင်းဆေးခန်းကို ၆လတစ်ကြိမ် ပုံမှန်သွားပြပေးပါ။

    ကိုယ့်ရဲ့ ရုပ်နဲ့ခန္ဓာကျန်းမာရေးအပေါ် အများကြီးသက်ရောက်မှုရှိစေတာကြောင့် ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သေချာလိုက်နာပြီး ကိုယ့်ရဲ့ခံတွင်းကို သန့်ရှင်းအောင်ထားဖို့ ထပ်မံအကြံပြုပါရစေ။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement