backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သွားအရောင် ပြောင်းစေနိုင်တဲ့ အစားအသောက်တွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 30/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွားအရောင် ပြောင်းစေနိုင်တဲ့ အစားအသောက်တွေ

တချို့တွေရှိတယ်၊ သွားပုံမှန်တိုက်တယ်၊ ခံတွင်းသန့်ရှင်းရေးကို သိပ်ဂရုစိုက်ပေမယ့်လည်း သွားလေးတွေ မဖြူလာဘူး။ သွားအရောင် ဝါတာတာလေးက ရှိနေတုန်းပဲ။ မသိရင် သွားပုံမှန်မတိုက်သလိုမျိုး အထင်ခံရပါသေးတယ်။ ကိုယ်သောက်သုံးနေရတဲ့ဆေးကြောင့် သွားတွေဝါတတ်တယ်ဆိုပေမယ့် အစားအသောက်တွေကြောင့်ရော မဖြစ်နိုင်ဘူးလား။ ဒီတော့ သွားအရောင် ပြောင်းစေနိုင်တဲ့ အစားအသောက်တွေ အကြောင်း လေ့လာလိုက်ရအောင်နော်။

သွားအရောင် ပြောင်းစေနိုင်တဲ့ အစားအသောက်တွေ

သွားအရောင် ပြောင်းစေနိုင်တဲ့ အစားအသောက်တွေ ကတော့

(၁) လက်ဖက်ရည်

လက်ဖက်ရည်ချိုး ဆိုတဲ့စကားလုံး ကြားဖူးတယ်မဟုတ်လား။ လက်ဖက်ရည်ပန်းကန်လုံး၊ ရေနွေးအိုးတို့မှာဆို ချိုးတွေကပ်လာတတ်တယ်လေ။ သွားမှာလည်း ဒီလိုပါပဲ။ သောက်ပါများလာရင် လက်ဖက်ရည်က ကော်ဖီလိုပဲ အရောင်စွန်းထင်းလာနိုင်ပါတယ်။

(၂) ဆော့စ်

ဆော့စ်လေး နဲ့ တို့စားရတာ ပိုအရသာရှိပေမယ့် သူ့မှာ အရောင်ပါဝင်နေတဲ့ ပဲပိစပ်၊ ခရမ်းချဉ်သီး၊ အနှစ်တွေကြောင့် အရောင်စွန်းထင်းစေပါတယ်။ သိပ်မသိသာပေမယ့် ငရုတ်ဆီအချဉ်ရည်နဲ့ ဆော့စ်တွေ မကြာခဏစားတတ်၊ များများစားတတ်သူတွေမှာ ကြာရင် အရောင်ရှိလာမှာပါပဲ။

(၃) အချိုရည်

အက်စစ်ဓာတ်ပါဝင်မှုများတဲ့ အချိုရည်တွေက သွားကိုထိခိုက်စေနိုင်ပါတယ်။ အရောင်ဆိုးဆေးပါတဲ့ အားဖြည့်အချိုရည်တွေဆို သွားကြွေလွှာကို ပျက်စီးစေပြီး အရောင်စွန်းကျန်စေနိုင်တယ်။

(၄) ဝိုင်

ဝိုင်ရဲ့အရောင်က ဝိုင်ဖန်ခွက်ထဲမှာ လှပပေမယ့် သွားမှာတော့ အလှပျက်စေနိုင်ပါတယ်။ ဥပမာ – ဝိုင်နီ ဆိုရင် သူ့မှာပါဝင်တဲ့ အက်စစ်ဓာတ်နဲ့ အရောင်ရင့်ရင့်ကြောင့်  သွားရဲ့  ဖြူစင်မှုကို ပျက်ယွင်းစေနိုင်ပါတယ်။ ဝိုင်ဖြူကျတော့လည်း အက်စစ်ဓာတ်ပါဝင်မှုပိုများလို့ သွားကိုထိခိုက်စေနိုင်တာပါပဲ။

(၅) အသီးအနှံ

ဘလူးဘယ်ရီ၊ သလဲသီးအနီ၊ ချယ်ရီသီးတို့လို အရောင်စိုစို၊ ရင့်ရင့် အသီးအနှံတွေကြောင့်လည်း သွားကို စွန်းထင်းစေနိုင်ပါတယ်။ ဒီအသီးတွေနဲ့ထုတ်လုပ်တဲ့ ဖျော်ရည်နဲ့ ယိုတွေကြောင့်လည်း အရောင်ကျန်စေနိုင်တယ်။

(၆) ဂက်စ်ပါတဲ့အချိုရည်

ဆိုဒါ၊ ကိုလာနဲ့ တခြားဂက်စ်ပါတဲ့အချိုရည်တွေကို လျှော့သောက်သင့်ပါ။ သူတို့က အရောင်ဖျော့တယ် ဆိုရင်တောင် အက်စစ်ဓာတ်နဲ့ ဓာတုပစ္စည်းတွေကြောင့် သွားကြွေလွှာကို အားနည်းထိခိုက်စေနိုင်ပါတယ်။

(၇) သကြားလုံး

အချိုကြိုက်တဲ့သူတွေရဲ့ သကြားလုံး၊ ပီကေ၊ ဂျယ်လီတို့ကြောင့်လည်း လျှာရော၊ သွားတွေရော အရောင်စွန်းကျန်စေနိုင်တယ်။

ဒီလိုမစွန်းရအောင် ဘယ်လိုလုပ်ကြမလဲ

ဆင်ခြင်စားသောက်မယ်

ဒီလိုအရောင်စွန်းထင်းစေနိုင်တဲ့ အစားအသောက်တွေကို ရှောင်ဖို့မလိုပေမယ့် စွဲစွဲမြဲမြဲ စားသောက်တာ၊ စားပြီးချိန် သွားပုံမှန်သန့်စင်မှုမလုပ်တာတွေ သတိပြုဆင်ခြင်ရင်ရပါတယ်။ ဥပမာ အသီးအနှံတွေဆိုရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အပြည့်အဝပါနေတာကြောင့် စားသင့်တဲ့အမျိုးအစားထဲမှာ ပါဝင်နေတာပါ။

ပိုက်နဲ့ သောက်ပါ

အချိုရည်တွေ၊ ဖျော်ရည်တွေသောက်တဲ့အခါ ပိုက်နဲ့စုပ်သောက်တာက သွားကို ထိတွေ့မှု နည်းစေပါတယ်။

အကြာကြီးငုံမထားပါနဲ့

ဒီလိုစွန်းထင်း စေနိုင်တဲ့ အစားအသောက်တွေကို ပါးစပ်ထဲမှာ ကြာကြာ ငုံမထားပါနဲ့။ ငုံထားပြီး နည်းနည်းချင်း သောက်တာ၊ မျိုချတာမျိုးက အရောင်စွန်း ကျန်ဖို့ ပိုလွယ်စေပါတယ်။

စားသောက်ပြီးရင် ခံတွင်းသန့်ရှင်းပါ

သွားအရောင် စွန်းကျန်စေနိုင်တဲ့ အစားအသောက် တစ်ခုခု စားပြီးရင် အနည်းဆုံးတော့ ရေနဲ့ ပလုပ်ကျင်းတာ ဖြစ်ဖြစ် ခံတွင်းသန့်ရှင်းပေးသင့်ပါတယ်။ ဒါပေမယ့် သတိထားရမယ့် အချက်က အက်စစ်ဓာတ်ပါတဲ့ အစားအသောက် စားပြီးရင် မိနစ် ၃၀ ကနေ ၁ နာရီလောက် နေမှ သွားတိုက်သင့်ပါတယ်။ ဒါမှ ကြွေလွှာ မထိခိုက်စေမှာပါ။ နောက်တစ်နည်းက အချိုမပါတဲ့ ပီကေ စားရင်လည်း သွားမှာ ကပ်ငြိနေတာတွေ ပါသွားစေနိုင် ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 30/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement