home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုဗစ် အပြီးမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ်တွေကို ဆက်ပြီး ခံစားရမှာလား။

ကိုဗစ် အပြီးမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ်တွေကို ဆက်ပြီး ခံစားရမှာလား။

ကိုဗစ် ကာလမှာ နှာခေါင်းစည်းတွေ၊ face shield တွေ၊ လက်အိတ်တွေ၊ PPEတွေကို ဖောဖောသီသီ သုံးလာကြတာက ငြင်းစရာ မလိုတဲ့ အချက်ပါ။ ဒါတွေကို သုံးပြီးရင် ဘယ်လိုစွန့်ပစ်ကြလဲဆိုတာက နောက်အနာဂတ် ပတ်ဝန်းကျင် ညစ်ညမ်းမှုအတွက် အများကြီးသက်ရောက်မှု ရှိလာပါပြီလို့ ပညာရှင်များကာထောက်ပြလာကြပါပြီ။ ကိုဗစ်အပြီးမှာ တို့လူသားမျိုးနွယ်တွေ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဒဏ်ကို ဆက်ပြီး ခံကြရဦးမှာလား။

ကိုဗစ် ကာလနဲ့ တိုးတက်လာတဲ့ ပလတ်စတစ် အသုံးပြုမှု

ကိုဗစ် စဖြစ်တုန်းက တစ်ခါသုံး နှာခေါင်းစည်းတွေ သုံးရတယ် ဆိုပေမယ့် ဒီလောက်ထိ ကိုဗစ် က ကြာမယ်လို့ မထင်ထားတဲ့အတွက် ဘယ်သူကမှ စိုးရိမ်စရာလို့ မတွေးခဲ့ကြပါဘူး။ ဒါပေမယ့် အောက်ပါ ကိန်းဂဏန်းတွေ ကြည့်လိုက်ရင် ကြေက်ခမန်းလိလိ တိုးတက်လာတာကို တွေ့ရမှာပါ။

လေ့လာချက်တွေအရ တစ်ကမ္ဘာလုံးမှာ တစ်လကို လက်အိတ် ၆၅ ဘီလီယံ (သန်းပေါင်း ၆၅၀) သုံးပါတယ်။ နှာခေါင်းစည်းက ဒါရဲ့ ၂ဆပါ။ တစ်လကို ၁၂၉ ဘီလီယံ (သန်းပေါင်း ၁၂၉၀) သုံးပါတယ်။ ဆိုလိုတာက တစ်မိနစ်ကို နှာခေါင်းစည်း ၃ မီလီယံ (၃သန်း) လောက် ဝိုင်းသုံးကြတဲ့ သဘောပါ။

နောက်လေ့လာချက်တစ်ခုမှာတော့ နေ့တိုင်း နှာခေါင်းစည်း၊ face shield ၃.၄ ဘီလီယံလောက်ကို ပြန်ပြီး စွန့်ပစ်ကြပါတယ်တဲ့။ ဒီထဲမှာ အာရှက အများဆုံးပါပဲ။ တစ်နေ့ကို နှာခေါင်းစည်းပေါင်း ၁.၈ ဘီလီယံ စွန့်ပစ်ပါတယ်။ တစ်ခါအာရှမှာမှ လူဦးရေများတဲ့ တရုတ်နိုင်ငံက တစ်ရက်ကို ၇၀၂ မီလီယံ စွန့်ပစ်ပါတယ်။

စွန့်ပစ်တယ်၊ တစ်ခါသုံး စတာတွေပြောပေမယ့် တကယ်တမ်း နှာခေါင်းစည်းကစလို့ PPEအထိ လူတွေနဲ့ ဝေးရာကို ရောက်မသွားခဲ့ပါဘူး။ ပတ်ဝန်းကျင်ထဲမှာပဲ တဝဲလည်လည် ဖြစ်နေခဲ့ပါတယ်။

ဒါတင်ပဲလားဆိုတော့ ဆိုင်ထိုင်စားတွေ မရတော့တဲ့အတွက် အပြင်ကနေ မှာစားမယ်၊ ပါဆယ်ဆွဲစားမယ်။ ရလာတာက ပလတ်စတစ် အိတ်တွေ၊ ခွက်တွေပါပဲ။ သိသာချင်ရင် နောက်ဖေး ကြောင်အိမ်ကို ဖွင့်ကြည့်လိုက်ပါ။ ပြန်သုံးဖို့ သိမ်းထားတဲ့ ပလတ်စတစ် ခွက်တွေ၊ ဇွန်းတွေ တထပ်ကြီး တွေ့ရပါလိမ့်မယ်။ ပြန်မသုံးဘူး။ စွန့်ပစ်မယ်ဆိုရင်လည်း ဒီပလတ်စတစ်တွေက ဒီကမ္ဘာမှာပဲ ရှိနေဦးမှာပါ။

ဒီပလတ်စတစ်တွေက ဘာဖြစ်သွားမှာလဲ။

နှာခေါင်းစည်း၊ face shield စတာတွေကို polypropyleneလို့ခေါ်တဲ့ ပလတ်စတစ် အမျိုးအစားနဲ့ ပြုလုပ်ထားတာဖြစ်ပြီး သူကနေ ပိုပိုပြီး သေးတဲ့ မိုက်ခရို ပလတ်စတစ်၊ နာနို ပလတ်စတစ် စတာတွေ ဖြစ်သွားမှာပါ။ ဒါတွေက နှစ်ပေါင်း ရာနဲ့ချီပြီး ပတ်ဝန်းကျင်ရဲ့ ရေထု၊ မြေထုထဲမှာ ရှိနေမှာပါ။ Environmental Advances ရဲ့ အဆိုအရ တစ်ခါသုံး နှာခေါင်းစည်း တစ်ခုတည်းကနေ တစ်နေ့ကို ၁၇၃,၀၀၀ မိုက်ခရို ဖိုင်ဘာထုတ်နိုင်ပါတယ်။

လူသားတွေ စွန့်ထုတ်လိုက်တဲ့ နှာခေါင်းစည်း၊ လက်အိတ် စတာတွေက ချောင်းတွေ၊ မြောင်းတွေကနေ ပင်လယ် သမုဒ္ဒရာတွေထဲကို ရောက်သွားပါတယ်။ ရေထဲမှာလည်း ရှိနိုင်သလို တစ်နေရာရာမှာ သောင်သင်ပြီး ကုန်းပေါ်လည်း ပြန်ရောက်လာနိုင်ပါတယ်။ နောက်ဆုံးဒုက္ခရောက်ရတာကတော့ တောသိတဲ့ကောင် တိရိစ္ဆာန်လေးတွေပါပဲ။ သိတဲ့အတိုင်းပဲ သူတို့တွေ မြိုချမိမယ်၊ လက်တွေခြေတွေ မှာ ပတ်မိပြီး မလှုပ်နိုင်ဖြစ်မယ်။ Animal Biologyက လေ့လာချက်အရဆိုရင် ပင်ကွင်းတွေ၊ ခြေတံရှည်ငှက်တွေ၊ ဇင်ယော်တွေ စတာတွေမှာ သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်တဲ့။

ဒီလိုသာ ဆက်သွားမယ်ဆိုရင်၊ ပလတ်စတစ် အသုံးပြုမှုတွေ၊ စနစ်မကျတဲ့ စွန့်ပစ်မှုတွေကို မထိန်းသိမ်းဘူးဆိုလို့ရှိရင် သမုဒ္ဒရာထဲက ပလတ်စတစ် ပမာဏက နောက် အနှစ်၂၀မှာ ခုလက်ရှိထက် ၃ဆ ဖြစ်သွားမှာပါ။ ဒီတိုးလာတဲ့ ၃ဆအတွက်လည်း ဖြေရှင်းစရာ နည်းလမ်း မရှိသေးပါဘူး။ တကယ်လို့ နိုင်ငံတကာက ပူးပေါင်းပြီး ဝိုင်းထိန်းသိမ်းပေးမယ်ဆိုရင်တောင် ၃ဆရဲ့ ၇ရာခိုင်နှုန်းလောက်ပဲ လျှော့ကျသွားမှာပါ။

ဆိုလိုတာက အနာဂတ်မှာ လူသားတွေက ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဒဏ်တွေကို ခံရဖွယ်ရှိပါတယ်။

ကိုဗစ် မှာ နှာခေါင်းစည်းက မတပ်မဖြစ်လေ။ ဘာကြောင့် လျှော့သုံးရမှာတုန်း။

ဟုတ်ပါတယ်။ ကိုဗစ်အတွက် နှာခေါင်းစည်းက အဓိကကျတဲ့ ကာကွယ်ရေး နည်းလမ်းပါ။ ဒီလိုပဲ Face shieldတွေ၊ PPEတွေကလည်း ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ဆက်ပြီး သုံးနေရဦးမှာပါပဲ။ ကိုဗစ်ကာကွယ်ဆေးတွေကို အဆက်မပြတ် ထိုးနှံပြီး ရောဂါကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် ဒါကလည်း အောင်မြင်နိုင်ပါ့မလား။ ဘယ်လောက်ကြာမလဲဆိုတာ မသိနိုင်ပါဘူး။ တကယ်ပဲ ကိုဗစ်နဲ့ တစ်သက်လုံး ယှဉ်တွဲနေထိုင်ရတာမျိုးလည်း ရှိပါတယ်။ ဆိုလိုတာက တစ်သက်လုံး နှာခေါင်းစည်း တပ်ရမယ် ဆိုတာမျိုးပါ။

တစ်ဖက်မှာကလည်း နှာခေါင်းစည်း အသုံးပြုမှုက နေ့စဉ်နဲ့ အမျှတက်နေပါတယ်။ တခြား ပလတ်စတစ်အသုံးပြုမှုတွေကလည်း သိသိသာသာ လျော့ကျသွားခြင်း မရှိပါဘူး။ ဒီလိုဆို တကယ်ပဲ ပတ်ဝန်းကျင် “နာ” လာမှာပါ။ ရေထု၊ မြေထု ညစ်ညမ်း၊ ဂေဟစနစ် ပျက်ယွင်းပြီး လူသားတွေရဲ့ ကျန်းမာရေးကို ထပ်ပြီး ခြိမ်းခြောက်လာမှာပါ။ ခုထက်ပိုဆိုးတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။

နှာခေါင်းစည်းတွေကြောင့် ပတ်ဝန်းကျင် မညစ်ညမ်းစေဖို့

  • နှာခေါင်းစည်းတွေကို စနစ်တကျ စွန့်ပစ်ပါ။ လမ်းမှာ တခြား အမှိုက်ဆိုရင် ကောက်ပြီး ပစ်ပေးဖို့ ဝန်မလေးပေမယ့် နှာခေါင်းစည်းဆိုရင် ရောဂါကူးမှာစိုးလို့ ဘယ်သူမှ မကိုင်ချင်ပါဘူး။ ဒါကြောင့် ကိုယ့်တာဝန် ကိုယ်ယူပြီး စနစ်တကျ စွန့်ပစ်ပါ။
  • နှာခေါင်းစည်းအတွက် သက်သက်အမှိုက်တောင်းထားပါ။
  • ပြန်လည် အသုံးပြုလို့ ရတာကို ပြန်သုံးပါ။ ဥပမာ Face shieldဆိုရင် မျက်နှာပြင်ကို ဆပ်ပြာရည် ဒါမှမဟုတ် အရက်ပြန်နဲ့ ပိုးသတ်ပြီး ပြန်သုံးလို့ရပါတယ်။
  • နှာခေါင်းစည်းကို အစားထိုးသုံးပါ။ လူသိပ်မများတဲ့နေရာ၊ အလုံပိတ်မဟုတ်တဲ့ နေရာမှာဆို အဝတ် နှာခေါင်းစည်း တပ်လို့ရပါတယ်။ လေ့လာချက်တွေအရလည်း စနစ်တကျ ချုပ်ထားတဲ့ အဝတ်နှာခေါင်းစည်းတွေက တစ်ခါသုံး နှာခေါင်းစည်းတွေနဲ့ ကာကွယ်နိုင်စွမ်း အတူတူပါပဲ။
  • တစ်ခါသုံး နှာခေါင်းစည်းတွေကို ပြန်လည်အသုံးပြုဖို့ စနစ်ကျတဲ့ နည်းလမ်းတွေလည်း ရှိသင့်ပါတယ်။ ဥပမာ နှာခေါင်းစည်းတွေ စျေးသက်သာလို့ ဆိုပြီး တစ်ခါတပ်လိုက်၊ ထမင်းစားချိန်ကျရင် ဖြုတ်ပြီး လွှင့်ပစ်၊ ပြီးရင် အသစ်ပြန်တပ်။ ဒါဆို တစ်ယောက်တည်းကို တစ်နေ့ နှာခေါင်းစည်း ၃-၄ခု ကုန်မှာပါ။ စျေးကြီးတာ၊ နည်းတာကြောင့် မဟုတ်ဘဲ ပတ်ဝန်းကျင်မထိခိုက်စေဖို့ နှာခေါင်းစည်း အသုံးပြုမှုကို ကန့်သတ်ပါ။ သန့်ရှင်းနေတယ်ဆိုရင် ဘူးထဲမှာ သေချာသိမ်းပြီး တစ်နေကုန် သုံးနိုင်ပါတယ်။
  • ပညာရှင်များအနေနဲ့လည်း ဆွေးမြေ့လွယ်ပြီး ပလတ်စတစ်နည်းတဲ့ တစ်ခါသုံး နှာခေါင်းစည်းတွေကို တီထွင်ပေးကြပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 21/09/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။