backup og meta

အယ်လ်ဇိုင်းမားရောဂါ စတင်လာခြင်းလက္ခဏာများ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


28/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အယ်လ်ဇိုင်းမားရောဂါ စတင်လာခြင်းလက္ခဏာများ

    အယ်လ်ဇိုင်းမားရောဂါ ဟာ မှတ်ဉာဏ်နဲ့ အသိဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းတဲ့ရောဂါဖြစ်ပြီး ကမ္ဘာပေါ်မှာ လူသန်းပေါင်း ၅၀ ကျော်ခန့် ကြုံတွေ့နေ တဲ့ပြဿနာ ဖြစ်ပါတယ်။ အသက် ၆၅ နှစ်နဲ့အထက် အသက်ကြီးပိုင်းတွေမှာ ဖြစ်တာများပေမယ့် တခါတရံ အသက် ၄၀-၅၀ အရွယ်တွေမှာ ဖြစ်တာလည်း တွေ့ရတတ်ပါတယ်။ အသက်လေးဆယ်ကျော်အရွယ်တွေမှာ အယ်လ်ဇိုင်းမားဖြစ်ရင် ရောဂါအမည်တပ်ဖို့ ခက်ခဲတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်တဲ့ ပြဿနာတွေနဲ့ ဆင်တူနေလို့ ဖြစ်ပါတယ်။

    အယ်လ်ဇိုင်းမားရောဂါ စတင်လာခြင်းလက္ခဏာများ

    အယ်လ်ဇိုင်းမားဟာ ဦးနှောက်ကို ထိခိုက်လာတဲ့အခါ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ကျဆင်းခြင်း၊ ကျိုးကြောင်းဆင်ခြင်မှုနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ကျဆင်းခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ကျဆင်းခြင်းဟာ ဖြည်းဖြည်းချင်းဖြစ်လာတာမို့ သိပ်မသိသာပါဘူး။

    အယ်လ်ဇိုင်းမားရောဂါ စတင်လာရင် ဘာတွေကြုံနိုင်သလဲ

    အယ်လ်ဇိုင်းမားရောဂါ အစပျိုးလာချိန်မှာ မှတ်ဉာဏ် စတင်ချို့ယွင်းလာပါတယ်။ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်မှု၊ ဆင်ခြင်မှုတွေလည်း စွမ်းရည်ကျဆင်းပြီး နေ့စဉ်ဘဝကို ထိခိုက်လာနိုင်ပါတယ်။ သင့်အနီးအနားက မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေဆီမှာ အောက်ပါ လက္ခဏာတွေ ကြုံလာရင်တော့ အယ်လ်ဇိုင်းမားဝင်လာတာဖြစ်နိုင်လို့ ဆရာဝန်ပြသဖို့ တိုက်တွန်းသင့်ပါတယ်။

  • မှတ်ဉာဏ်အားနည်းလာခြင်း
  • မကြာခဏ သတိမေ့တတ်လာပါတယ်။ အရေးကြီးတဲ့ နေ့ရက်တွေ၊ အထိမ်းအမှတ်ကိစ္စတွေပါ မေ့လာပါတယ်။ မေးခွန်းတွေမေးလာတတ်ပြီး သိပြီးသား၊ ပြောပြီးသားကိစ္စတွေကိုပါ ထပ်တလဲလဲမေးမြန်းလာပါတယ်။

  • အစီအစဉ်မကျခြင်း
  • ကိစ္စတခုခုကို စီမံဆောင်ရွက်နိုင်စွမ်း နည်းပါးလာပါတယ်။ ကိန်းဂဏန်းတွေနဲ့ ပတ်သက်ရင် ပိုဆိုးပါတယ်။ စာရင်းဇယားမှတ်သားတာမျိုး၊ လစဉ်မီတာဆောင်ခြင်းမျိုး စတဲ့ပုံမှန်ကိစ္စတွေကိုတောင် စီမံဖို့ ခက်ခဲလာပါတယ်။ ပြဿနာဖြေရှင်းနိုင်စွမ်း လျော့နည်းလာပါတယ်။

    • လုပ်နေကျအလုပ်များ မလုပ်နိုင်တော့ခြင်း

    အာရုံစူးစိုက်ဖို့ ခက်ခဲလာပါတယ်။ အနည်းငယ်တွေးခေါ်ပြီး လုပ်ကိုက်ရတဲ့ နေ့စဉ်လုပ်နေကြလုပ်ငန်းတွေကို ဆောင်ရွက်ရ ခက်ခဲလာပါတယ်။ ဥပမာ ကားမောင်းနေကြဖြစ်ပေမယ့် မောင်းနေကြ နေရာတွေလမ်းတွေကို ကောင်းကောင်းမမှတ်မိတော့တာမျိုး ဖြစ်ပါတယ်။

    • အချိန်နဲ့ နေရာ သိရန်ခက်ခဲခြင်း

    နေ့ရက်တွေ မှတ်သားဖို့ ခက်ခဲလာပါမယ်။ နောက်နေ့ဘာလုပ်ရမလဲ မဆုံးဖြတ်တတ်တော့ပါဘူး။ ဒီထက်ဆိုးလာရင် ဘယ်နေရာရောက်နေသလဲ၊ ဘယ်လိုရောက်လာသလဲ၊ ဘာလုပ်ဖို့ ရောက်လာသလဲပါ မမှတ်မိဘဲ ဖြစ်နေတတ်ပါတယ်။

    • အမြင်အာရုံချို့ယွင်းခြင်း

    စာဖတ်ဖို့ ခက်လာပါတယ်။ အကွာအဝေးကိုလည်း မခန့်မှန်းနိုင်ပါဘူး။ အရောင်တွေမှတ်သားနိုင်စွမ်းလည်း ထိခိုက်လာပါတယ်။ ဒါကြောင့် ကားမောင်းဖို့ အခက်အခဲ ရှိပါတယ်။ မီးပွိုင့်အရောင်တွေ မကွဲတော့လို့ပါ။

    စကားဝိုင်းဖွဲ့ပြောရာမှာလည်း အခက်အခဲရှိပါတယ်။ ပြောနေရင်းနဲ့ ရပ်သွားတာ၊ ဘယ်လိုစကားလုံး သုံးနှုန်းရမယ် မသိတော့တာမျိုးတွေ ကြုံလာတတ်ပါတယ်။ ပြောပြီးသားတွေကို ထပ်တလဲလဲပြောနေခြင်းလည်း ရှိတတ်ပါတယ်။ အရာဝတ္တုတခုခုကို ဘယ်လိုခေါ်သလဲဆိုတာပါ ရုတ်တရက် မမှတ်မိတာ ဖြစ်နိုင်ပါတယ်။

    • ရှောင်ဖယ်လာခြင်း

    ယခင်ပါဝင်နေကျ လူမှုရေးလုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေကနေ ရှောင်ရှားလာပါတယ်။ ဝါသနာပါတဲ့ အလုပ်တွေကိုလည်း မလုပ်ဖြစ်တော့ပါဘူး။ ရောဂါအခြေအနေပိုဆိုးလေ ရှောင်ဖယ်တာ ပိုများလာလေပါပဲ။

    စိတ်အတက်အကျလည်း ဖြစ်လာနိုင်ပါတယ်။ အာရုံရှုပ်ထွေးခြင်း၊ စိတ်ကျခြင်း၊ စိတ်ပူခြင်း၊ ကြောက်လန့်တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပေါ်လာနိုင်ပါတယ်။

    ………………………………

    အကယ်၍ သင့်မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေမှာ အထက်ပါလက္ခဏာမျိုးတွေ တွေ့လာရရင် အယ်လ်ဇိုင်းမားရောဂါ အစပျိုးလာတာ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ပြဿနာကို တတ်နိုင်သလောက် နားလည်ကူညီပေးပြီး ဆရာဝန်နဲ့ ပြသဖို့ တိုက်တွန်းသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    28/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement