backup og meta

နှာခေါင်းသွေးလျှံကြရာဝယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှာခေါင်းသွေးလျှံကြရာဝယ်

    နှာခေါင်းသွေးလျှံတယ်ဆိုတာ အဖြစ်များတဲ့ပြဿနာတစ်ခုပါ။ တစ်ခါတစ်လေမှာ ပြင်းထန်တဲ့ အခြေအနေတစ်ခု ဖြစ်သွားနိုင်ပြီး တစ်ခါတစ်ရံမှာတော့ အိမ်မှာတင် ကုလိုက်လို့ရပါတယ်။ နှာခေါင်းသွေးလျှံတာဟာ နှာခေါင်းတစ်ဖက်တည်းက ဖြစ်နိုင်သလို နှစ်ဖက်စလုံးက လျှံတာမျိုးလည်း ဖြစ်နိုင်ပါတယ်။  သွေးပမာဏဟာ နည်းနည်းလေးပဲ ဖြစ်နိုင်သလို များလည်းများနိုင်ပါတယ်။ အချိန်ကတော့ စက္ကန့်ပိုင်းကနေ (၁၅)မိနစ် ဒါမှမဟုတ် ဒီထက်ပိုကြာရင်လည်း ကြာနိုင်ပါတယ်။ ဆိုတော့ ဘာမဆို ဖြစ်နိုင်တဲ့ သဘောပေါ့လေ။

    နှာခေါင်းသွေးလျှံရင် ဘာလုပ်မလဲ။

    မတ်မတ်ထိုင်ပါ အရှေ့ကို အနည်းငယ်ကိုင်းပါ။

    မတ်မတ်ထိုင်ခြင်းဖြင့် နှာခေါင်းကသွေးပြန်ကြောတွေရဲ့ ဖိအားကို လျော့ကျစေနိုင်တဲ့အတွက် နှာခေါင်းသွေးလျှံတာကိုလည်း လျော့ကျသွားစေနိုင်ပါတယ်။ ရှေ့ကို ကိုင်းခြင်းအားဖြင့် သွေးကိုမျိုချမိတာမျိုး မလုပ်မိတော့ပါဘူး။ နှာခေါင်းသွေးကို မျိုမိတဲ့အခါ အစာအိမ်အတွက် မကောင်းပါဘူး။ နှာခေါင်း သွေးလျှံတဲ့အခါ ခေါင်းမော့လိုက်တာမျိုးကို လုံးဝမလုပ်ပါနဲ့။

    နှာခေါင်းကိုပိတ်လိုက်ပါ။

    လက်ညိုးနဲ့လက်မကိုအသုံးပြုကာ နှာခေါင်းကို ပိတ်လိုက်ခြင်းဖြင့် သွေးထွက်လာတဲ့ နေရာကို ပိတ်ထားသလို ဖြစ်စေနိုင်ပြီး တစ်ခါတစ်ရံမှာ သွေးတိတ်စေပါတယ်။ (၁၀)မိနစ်ကနေ (၁၅)မိနစ် လောက်ထိ ပိတ်ထားပါ။ ပါးစပ်နဲ့ အသက်ရှူပါ။ (၁၅)မိနစ်မှ တိတ်မသွားရင် နောက်တစ်ကြိမ် ထပ်လုပ်ပါ။ ဒါမှမတိတ်သေးရင်တော့ ဆေးရုံဆေးခန်းသွားဖို့ လိုလာပါပြီ။

    နောက်တစ်ခေါက်ထပ်မဖြစ်လာဖို့ ဘာလုပ်ကြမလဲ။

    နှာခေါင်းကို မနှိုက်မိပါစေနဲ့။ နှာခေါင်း သွေးလျှံနေချိန်မှာ သတိထားရမှာက ဦးခေါင်းကို နှလုံးထက်မြင့်တဲ့နေရာမှာထားပါ။ ဆိုလိုရင်းက တော့ မတ်တပ်ရပ်နေတာမျိုး၊ ထိုင်နေတာမျိုး ပြုလုပ်နိုင်ပါတယ်။ မလဲလျောင်းပါနဲ့။ ခေါင်းကို အောက်စိုက်မထားပါနဲ့။ ‘Petroleum Jelly”လိုအရာမျိုးကို ဂွမ်းစလေးနဲ့တို့ကာ နှာခေါင်းထဲသို့ ဖွဖွလေး လူးနိုင်ပါတယ်။ ‘Vaseline’ တံဆိပ်ထဲမှာ ‘Petroleum Jelly”ကို အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

    နှာခေါင်းသွေးလျှံခြင်း ထပ်ဖြစ်လာခဲ့ရင်တော့ နှာခေါင်းထဲက သွေးခဲတွေကို ဖယ်ရှားပါ။ ‘Oxymetazoline (Afrin)’ ပါတဲ့ နှာခေါင်းစပရေးလိုဟာမျိုးကို နှာခေါင်းထဲဖျန်းနိုင်ပါတယ်။ ဆေးဆိုင်တွေမှာ ဝယ်နိုင်ပါတယ်။ ပီးရင်တော့ နှာခေါင်းပိတ်တာမျိုးကို ထပ်လုပ်ပါ။ ဆရာဝန်ဆီရောက်အောင် သွားသင့်ပါပြီ။

    ဆရာဝန်ဆီ (ဆေးရုံ၊ ဆေးခန်း)ကို မဖြစ်မနေ ပြသသင့်တဲ့  အခြေအနေတွေကတော့

    • သွေးကျဲဆေး (Warfarin)ဆေးသောက်ထားသူဖြစ်ခြင်း
    • သွေးခဲရာမှာ ပြဿနာရှိတဲ့ ရောဂါရှိသူဖြစ်ခြင်း
    • သွေးအားနည်းလက္ခဏာရှိသူဖြစ်ခြင်း (နှလုံးတုန်တတ်ခြင်း၊ မောပန်းလွယ်ခြင်း)
    • နှုတ်ခမ်းနဲ့ အသားအရေ ဖြူဖျော့ခြင်း လက္ခဏာများရှိသူဖြစ်ခြင်း
    • နှစ်နှစ်အောက်ကလေး နှာခေါင်းသွေးလျှံခြင်း
    • မကြာခဏဆိုသလို နှာခေါင်းသွေးလျှံတတ်ခြင်း

    အရေးပေါ်ဌာနကို ချက်ချင်းသွားရောက်သင့်တဲ့ အခြေအနေတွေကတော့

    • မိနစ်(၂၀)ထက်ပိုပြီး နှာခေါင်းသွေး ဆက်တိုက်လျှံနေခြင်း
    • သွေးပမာဏများပြီး သွေးခဲများစွာပါဝင်လာခြင်း
    • အသက်ရှူရခက်လာခြင်း
    • နှာခေါင်းသွေးလျှံနေရာမှ သွေးပမာဏအများအပြား မျိုချမိခြင်း
    • ထိမိခိုက်မိ အခြေအနေတစ်ခုကြောင့် နှာခေါင်းသွေးလျှံခြင်း (ဥပမာ ကားတိုက်ခြင်း၊ အမြင့်မှ ပြုတ်ကျခြင်း စသည်)

    နှာခေါင်းသွေးဘာလို့လျှံရလဲ

    နှာခေါင်းအတွင်းမှာ  သေးငယ်ပြီး နူးညံ့တဲ့ သွေးကြောလေးတွေနဲ့ ပြည့်နှက်နေတာပါ။ သွေးအလွယ်တကူ ထွက်နိုင်ပါတယ်။

    အဖြစ်များတဲ့အကြောင်းတွေကတော့

    • နှာခေါင်း မကြာခဏ ကလော်ခြင်း
    • ထိမိခိုက်မိခြင်းနဲ့
    • ပတ်ဝန်းကျင်ဟာ စိုထိုင်းဆနဲ့ အပူချိန်များတာကြောင့် နှာခေါင်းအတွင်းမှာ ခြောက်သွေ့ပြီး အက်ကွဲ တတ်ခြင်းတွေပဲ ဖြစ်ကြပါတယ်။

    တစ်ခါတစ်လေမှာတော့ သွေးဟာ နှာခေါင်းရဲ့ အတော်နက်တဲ့နေရာကနေ ထွက်လာတတ်ပါတယ်။ ခေါင်းကို ပြင်းထန်စွာ ထိခိုက်မိခြင်း၊ မကြာသေးမီက နှာခေါင်းနဲ့ ပတ်သက်တဲ့ ခွဲစိတ်မှု ပြုလုပ် ထားခြင်းနဲ့ သွေးလွှတ်ကြောနံရံတွေ မာကြောခြင်း (arteriosclerosis)တို့ကြောင့် ဖြစ်နိုင်ပါတယ်။

    ဘယ်သူတွေက နှာခေါင်းသွေးလျှံတတ်သလဲ

    နှာခေါင်းသွေးလျှံခြင်းဟာ လူတိုင်းမှာဖြစ်နိုင်ပေမဲ့

    • အသက် (၂)နှစ်နဲ့ (၁၀)နှစ်အကြားကလေးတွေ
    • သက်ကြီးပိုင်းတွေ
    • ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ
    • သွေးကျဲဆေးသောက်နေရသူတွေ
    • သွေးခဲပြဿနာရှိသူတွေမှာ ပိုအဖြစ်များနိုင်ပါတယ်။ သွေးပေါင်ချိန်တက်နေရင်လည်း သွေးမတိတ်ဘဲ ရှိတတ်ပါတယ်။

    နှာခေါင်းသွေးလျှံတာ ကြောက်ရလား။

    နှာခေါင်းသွေးလျှံတာဟာ သာမန်အားဖြင့် အလွန်စိုးရိမ်စရာမဟုတ်ပေမဲ့ အကြိမ်ရေ များလာပြီး သွေးထွက်များရင်တော့ စိုးရိမ်ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးအားနည်းရောဂါ ဖြစ်လာတတ်ပါတယ်။ နှာခေါင်းသွေးလျှံတာဟာ သာမန်အနေအထားမဟုတ်ဘဲ အန္တရာယ်ရှိတယ်လို့ ဆရာဝန်က သတိပေးလိုက်ရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်နဲ့ သွားရောက်ပြသသင့်နေပါပြီ။

    နှာခေါင်းသွေးမလျှံအောင် ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့

    • နှာခေါင်းမနှိုက်ပါနဲ့
    • လက်သည်းအရှည်မထားပါနဲ့။ ညှပ်ပါ။
    • အိမ်ရဲ့ပတ်ဝန်းကျင်လေထုကို စိုထိုင်းဆညီမျှအောင်ထားပါ။
    • နှာခေါင်းနဲ့ ဦးခေါင်း ထိခိုက်နိုင်တဲ့ အပြုအမူမျိုးတွေ ပြုလုပ်မယ်ဆိုရင် (ဥပမာ၊ စက်ဘီး၊ ဆိုင်ကယ်၊ စီးတော့မယ်ဆိုရင်) အကာအကွယ်နဲ့ ပြုလုပ်ပါ။ (ဆိုင်ကယ်ဦးထုပ်ဆောင်းပါ။)
    • နှာခေါင်းလမ်းကြောင်းရှင်းအောင် ဖျန်းတဲ့ စပရေးတွေ အလွန်အမင်း အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
    • မကြာခဏဆိုသလို ပမာဏများစွာနှာခေါင်းသွေးလျှံလာရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ဆီသာ သွားရောက်ပြီး ဆေးကုသမှုခံယူပါ။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement