backup og meta

ဘာကြောင့် ချောင်းဆိုးမပျောက်သေးတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 07/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာကြောင့် ချောင်းဆိုးမပျောက်သေးတာလဲ

    ခုလို အအေးဓာတ်ကဲတဲ့ ရာသီမျိုးတွေမှာ လူအတော်များများ ချောင်းဆိုးတဲ့ ဝေဒနာကို ခံစားကြရလေ့ရှိပါတယ်။ အအေးမိလို့ပဲဖြစ်စေ၊ အဆုတ်အားနည်းလို့ပဲဖြစ်စေ၊ တခြားကျန်းမာရေးအခြေအနေတွေကြောင့်ပဲဖြစ်စေ ချောင်းဆိုးတာ၊ ချွဲကြပ်တာမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ နေလည်းကောင်းနေပြီ၊ အအေးမိဖျားနာဝေဒနာလည်း ပျောက်ကင်းနေပြီ၊ မိမိမှာလည်း ရောဂါ တစ်စုံတစ်ရာ မရှိပါပဲနဲ့ ချောင်းဆက်ပြီး ဆိုးနေသေးတာမျိုးတွေနဲ့ ကြုံရလေ့ရှိပါတယ်။ လက်လှမ်းမှီရာ ချောင်းဆိုးပျောက်ဆေးတွေနဲ့ ကုသကြည့်ပေမယ့်လည်း တိတိပပ ပျောက်ကင်းသွားတာမျိုးမရှိပဲ ချောင်းဆက်ဆိုးနေတတ်တာမျိုးပါ။ ဘာကြောင့် ချောင်းဆိုးမပျောက်သေးတာလဲ ….အောက်ပါ အချက် ၈ ချက်ကြောင့်ဖြစ်နိုင်ပါတယ်။

    ဘာကြောင့် ချောင်းဆိုးမပျောက်သေးတာလဲ

    ဘာကြောင့် ချောင်းဆိုးမပျောက်သေးတာလဲ ဆိုတော့

    – များသောအားဖြင့် တုပ်ကွေး၊ ဖျားနာအပါအဝင် တခြားသော ကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ပြီးတဲ့အခါမျိုးမှာ ချောင်းဆိုးနေတာလေးတော့ ကျန်ခဲ့လေ့ရှိပါတယ်။ ဖျားတာနာတာတွေ ပျောက်ကင်းသွားပေမယ့် ခုလို ချောင်းဆိုးတဲ့ အခြေအနေကျန်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းကတော့ အသက်ရှူလမ်းကြောင်းထဲမှာ ပိုးကပေးတဲ့ ဝေဒနာတွေကျန်နေသေးလို့ ဖြစ်ပါတယ်။

    ရောဂါပိုးတွေ မရှိတော့ပေမယ့် ပိုးတွေကြောင့် အသက်ရှူလမ်းကြောင်းထဲမှာ ရောင်ရမ်းတာ၊ oversensitive ဖြစ်တာတွေ ဖြစ်ကျန်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် တခါတစ်ရံမှာ နေကောင်းကျန်းမာလာပေမယ့် ရက်သတ္တပတ်အနည်းငယ်လောက်အထိ ချောင်းဆက်ဆိုးနေတတ်ပါတယ်။

  • ဖုံးကွယ်နေတဲ့ ကျန်းမာရေးပြဿနာများကြောင့်

  • – ရင်ပူတာ၊ ဓာတ်မတည့်တာနဲ့ ပန်းနာရောဂါအခံရှိနေတာတွေကြောင့်လည်း ချောင်းဆိုးပျောက်ခဲတာမျိုးဖြစ်နိုင် ပါတယ်။ အအေးမိတဲ့အခါတိုင်း ပန်းနာရောဂါထတာက ဖြစ်နိုင်ချေများတဲ့ ကိစ္စဖြစ်ပါတယ်။ အေးတဲ့ရာသီဥတုတွေနဲ့ အခြေအနေမျိုးတွေမှာ ပန်းနာရောဂါအခံရှိသူတွေဟာ ချောင်းဆိုးတာ ရင်ကြပ်တာတွေ မကြာခဏဖြစ်ပွားတတ်ပါတယ်။

    အိပ်ပျော်နေစဉ် မကြာခန အသက်ရှူရပ်တတ်တဲ့ရောဂါအခံရှိသူတွေမှာလည်း ချောင်းဆိုးဖြစ်ရင် တော်တော်နဲ့ မပျောက်ကင်းတတ်ပါဘူး။ ဒါပေမယ့် ဒီရောဂါလက္ခဏာတွေအားလုံးဟာ အလွယ်တကူကုသလို့ရနိုင်ပါတယ်။

  • စိတ်ဖိစီးမှုကြောင့်

    စိတ်ဖိစီးမှုကြောင့်လည်း ချောင်းအဆက်မပြတ်ဆိုးတာမျိုးတွေ ဆက်ဖြစ်နိုင်ပါတယ်။ ဖျားနာနေချိန်မှာ စိတ်ဖိစီးမှုများနေမှာဖြစ်တာမို့ ဒီအချက်ကလည်း ချောင်းဆိုးမှုကို အလျဉ်မပြတ်အောင် ထောက်ကူလေ့ရှိပါတယ်။ ဒါကို လျှော့ချဖို့ဆိုရင်တော့ ကောင်းမွန်စွာအနားယူတာက အကောင်းဆုံးပါပဲ။

  • ရေဓာတ် လုံလုံလောက်လောက် မဖြည့်တင်းပေးတာကြောင့်

    – ဖျားနာနေချိန်မှာ ရေ၊ ရေနွေး၊ သစ်သီးဖျော်ရည်၊ စွပ်ပြုတ်စတဲ့ ရေဓာတ်ရနိုင်တဲ့ သောက်သုံးဖွယ်ရာတွေကို လုံလုံလောက်လောက် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ အရည်များများသောက်ပေးခြင်းဟာ အသက်ရှူလမ်းကြောင်းကို ရှင်းလင်းစေပြီးတော့ ချွဲသလိပ်တွေကို လျှော့ချပေးနိုင်ပါတယ်။

    တစ်ခု သတိထားရမှာက အယ်လ်ကိုဟောလ်နဲ့ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီလို အရည်မျိုးတွေက အသက်ရှူလမ်းကြောင်းကို အကျိုးမဖြစ်ထွန်းစေနိုင်တဲ့အပြင် ရေဓာတ်ခန်းခြောက်စေတဲ့ ဆိုးကျိုးကိုပါ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။

    • Nasal Decongestant Spray ကို အလွန်အကျွံအသုံးပြုတာကြောင့်

    – အအေးမိဖျားနာတဲ့အခါမျိုးတွေမှာ Nasal Spray နှာပွင့်ဆေးဗူးလေးတွေ ဆောင်ထားကြလေ့ရှိပါတယ်။ ရင်ကြပ်တာ၊ နှာစေးတာ၊ အသက်ရှူမဝဖြစ်ချိန်တွေမှာ အဆိုပါ စပရေးဗူးတွေကို အသုံးပြုကြပါတယ်။ ဒါပေမယ့်လည်း အဆိုပါ စပရေးတွေကို အလွန်အကျွံအသုံးပြုတာကလည်း အသက်ရှူလမ်းကြောင်းထဲက အမှေးတွေကို ရောင်ရမ်းစေနိုင်တာမို့ ချောင်းဆိုးတဲ့အခါ တော်ရုံနဲ့ မသက်သာစေတဲ့ ဝေဒနာမျိုးကို ရင်ဆိုင်ရစေပါတယ်။

  • ပတ်ဝန်းကျင် လေထုကြောင့်

    – ပတ်ဝန်းကျင် လေထု ခြောက်သွေ့လွန်းရင် ဒါမှမဟုတ် စိုထိုင်းလွန်းရင်လည်း ချောင်းဆိုးတာရှည်တတ်ပါတယ်။ များသောအားဖြင့် ဆောင်းတွင်းတွေမှာ လေထုဟာ ခြောက်သွေ့တတ်ပြီး မိုးရာသီတွေမှာတော့ စိုထိုင်းစ မြင့်မားတတ်ပါတယ်။

    ဒီလို ပတ်ဝန်းကျင်အခြေအနေတွေကလည်း သင်ချောင်းဆိုးနေတာကို တော်တော်ရဲ့ မသက်သာအောင် တွန်းအားပေးနေနိုင်ပါတယ်။

  • ဘက်တီးရီးယားပိုး ကူးစက်တာကြောင့်

  • – တစ်ခါတစ်ရံမှာ အအေးမိဖျားနာလိုရောဂါမျိုးတွေ ဖြစ်ပြီးတဲ့အခါမျိုးတွေမှာ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတချို့ ကျန်ရစ်ခဲ့ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ အသက်ရှူလမ်းကြောင်းဟာ မူလအခြေအနေအနေကို ပြန်မရောက်သေးတာမို့ ရောဂါပိုးမွှားတွေ အလွယ်တကူ ကပ်ငြိဝင်ရောက်နိုင်နေတာကြောင့်ဖြစ်ပါတယ်။

    ဒါကြောင့် ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာတွေ ဆက်ပြီး ကျန်ရစ်နေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့ သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်တွေနဲ့ တွေ့ဆုံပြီး Antibiotic အသုံးပြုဖို့ လိုမလိုတိုင်ပင်သင့်ပါတယ်။

  • သွေးတိုးဆေးတွေကြောင့်

    – သင့်မှာ သွေးတိုးရောဂါ အခံရှိနေပြီး ဆေးလည်း သောက်နေရတယ်ဆိုရင်တော့ အဆိုပါ ဆေးတွေကြောင့်လည်း ချောင်းဆိုးမသက်သာတာဖြစ်နိုင်ပါတယ်။ အထူးသဖြင့်တော့ ACEI အမျိုးအစားတွေပါ။ ဒီအချက်က သွေးတိုးရှိတဲ့ လူတိုင်းမှာ ဖြစ်တာတော့မဟုတ်ပါဘူး။ ၅ ဦးမှာ ၁ ဦးနှုန်းလောက်တော့ ဖြစ်နိုင်ချေရှိပါတယ်။

  • အကောင်းဆုံး အကြံပြုချင်တာကတော့ တစ်ပတ်ထက်ပိုပြီး ချောင်းဆိုးဆက်မပြတ်ဖြစ်နေမယ်ဆိုရင် နီးစပ်ရာ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ တစ်ခါတစ်ရံမှာ ချောင်းဆိုးမပျောက်တာဟာ TB နဲ့ တခြားသော အဆုတ်နဲ့ သက်ဆိုင်တဲ့ ရောဂါကြီးကြီးမားမားတွေကြောင့်လည်းဖြစ်နိုင်တာမို့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 07/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement