backup og meta

ဒီလက္ခဏာတွေ ရှိနေရင် အစာအိမ်ကင်ဆာ ကို သတိထားပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒီလက္ခဏာတွေ ရှိနေရင် အစာအိမ်ကင်ဆာ ကို သတိထားပါ။

    အစာအိမ်ကင်ဆာ ဆိုတာ အသိနောက်ကျတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ ဒါကြောင့် သိပြီဆိုရင် အဆင့် ၃၊ ၄လောက်နဲ့ တခြားနေရာတွေကို ပြန့်နှင့်ပြီး ဖြစ်ပါတယ်။ အဖြစ်အများဆုံးကင်ဆာထဲမှာလည်း ပါပါတယ်။

    အစာအိမ်ဆိုတာ အက်စစ်တွေနဲ့ ပြည့်နေပေမယ့် အထဲကို ဝင်လာသမျှ အစားအစာတွေကို အကောင်းအဆိုး မရွေး ချေဖျက်ပေးရတာလည်း သူပါပဲ။ အထူးသဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ အစားအသောက်တွေတော်တော်များများမှာ ဆိုးဆေးတွေ၊ တာရှည်ခံအောင် လုပ်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် အစာအိမ်က ပိုပြီး ဒဏ်ခံရပါတယ်။

    အစာအိမ်က အကြီးကြီးဖြစ်သလို သူ့ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ကင်ဆာ ဖြစ်နိုင်ပါတယ်။ ဥပမာ အစာရေမျိုပြွန်နဲ့ ဆက်တဲ့နေရာမှာ ဖြစ်မလား။ ကိုယ်ထည်မှာ ဖြစ်မလား၊ ထိပ်ပိုင်းမှာ ဖြစ်မလား၊ အူနဲ့ ဆက်တဲ့ နေရာနားမှာ ဖြစ်မလား ဖြစ်နိုင်ပါတယ်။

    ကင်ဆာ အမျိုးအစားကလည်း အလုံးအကျိတ်လား၊ အနာကျိတ်လား၊ အချွဲထုတ်တဲ့ ဂလင်းတွေက ဖြစ်လာတဲ့ ကင်ဆာကျိတ်လား စသဖြင့် အမျိုးမျိုးရှိပါတယ်။

    ခက်တာက အစာအိမ်ကင်ဆာမှာ ကင်ဆာရယ်လို့ ပြောဖို့ လက္ခဏာ သီးသန့်မရှိတာပါပဲ။ ဒါကြောင့် ဖြစ်လို့ ဖြစ်မှန်းတောင် မသိဘဲ ရောဂါကို မွေးထားသလို ဖြစ်ပြီး သိတဲ့အချိန်ကျရော ရောဂါက ရင့်နေပါပြီ။ ဒါကြောင့် အောက်ကလက္ခဏာလေးတွေ ရှိလာရင် သတိထားပေးပါ။

    အစာအိမ်ကင်ဆာ မှာ အတွေ့ရများတဲ့ လက္ခဏာတွေ

    အစပိုင်းမှာဆိုရင်

  • အစာမကြေဘူး
  • လေပွမယ်
  • ဗိုက်ကယ်မယ်
  • ပျို့မယ်
  • အစားအသောက် ပျက်မယ် စတာတွေ ဖြစ်နိုင်ပါတယ်။
  • ဒီလက္ခဏာတွေ ခံစားရတိုင်း အစာအိမ်ကင်ဆာတော့ မဟုတ်ပါဘူး။ သာမန်လူတွေလည်း ရံဖန်ရံခါ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာ ခပ်စိပ်စိပ် ဖြစ်လာရင်၊ အရင်က ဒီလို ဖြစ်လေ့ဖြစ်ထမရှိဘဲနဲ့ ခုမှ စဖြစ်လာရင်၊ အသက်၄၀ကျော်မှ စဖြစ်ရင်တော့ သတိထားသင့်ပါတယ်။

    ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်ရင် အစာအိမ်မှန်ပြောင်းလေး ကြည့်သင့်ပါတယ်။ ပိုရန်ကောလို့ မထင်ပါနဲ့။ စောစောသိလေ ကုလို့ရလေပါပဲ။

    အဲ့ဒါကနေ နောက်ပိုင်း ရောဂါရင့်လာရင်တော့

    • ဗိုက်အောင့်တာ
    • ဝမ်းထဲမှာ သွေးပါတာ -ကင်ဆာကျိတ်က သွေးထွက်တတ်ပါတယ်
    • အန်တာ – သိသာတဲ့အချက်က အစာအိမ်ထဲမှာ အကျိတ်ခံနေတာကြောင့် အရင်လို မစားနိုင်ပါဘူး။ မနက်စာကို ပုံမှန်အတိုင်း စားနိုင်ပေမယ့် နေ့လယ်စာ၊ ညစာ နည်းသွားပါတယ်။ တချို့ဆို ညစာ လုံးဝမစားနိုင်တော့ပါဘူး။ ဗိုက်တင်းနေလွန်းလို့ လက်ထိုးပြီး အန်မှ နေသာပါတယ်လို့ လူနာတွေ ပြောကြပါတယ်။
    • မျိုချရခက်တာ – အထူးသဖြင့် အစာရေမျိုပြွန်နဲ့ ဆက်နေတဲ့ နေရာက ကင်ဆာတွေဆို ပိုဖြစ်ပါတယ်။
    • ဗိုက်မှာ အလုံးစမ်းမိတာ
    • တဖြည်းဖြည်း ပိန်လာတာ – တချို့များဆို လပိုင်းအတွင်းမှာတင် အရိုးပေါ် အရေတင် ဖြစ်လာပါတယ်။ အစားအသောက်ပျက်တာ၊ မျိုချရမကောင်းတာ၊ အန်ထွက်တာ စတာတွေကြောင့် အာဟာရချို့တဲ့ လာလို့ပါ။

    ဒီအခြေအနေဆိုရင်တော့ ခပ်မြန်မြန်လေး ဆေးရုံသွားလိုက်တာ ကောင်းပါတယ်။

    ဘာကြောင့် အစာအိမ်ကင်ဆာ ဖြစ်လာတာလဲ။

    ဒီလောက်ဆိုးတဲ့ ရောဂါ ဘာလို့ ဖြစ်လာရတာလဲဆိုတာ အသေအချာတော့ မပြောနိုင်သေးပါဘူး။ ထုံးစံအတိုင်း ကင်ဆာတွေရဲ့ သဘောအရ ဒီအန်အေနဲ့ ဆဲလ်ပွားတာတွေ ပုံစံမမှန်လို့ ဖြစ်ရတာပါ။

    ဒါပေမယ့် ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲဆိုတောတော့ သိကြပါတယ်။

    • အဝလွန်တာ၊ စားချဉ့်ရည်ဆန်တက်တဲ့ ရောဂါရှိရင် အစာရေမျိုပြွန်နဲ့ ဆက်တဲ့ နေရာမှာ ကင်ဆာဖြစ်တတ်ပါတယ်။ အဲ့ဒီနေရာက ဆဲလ်တွေက အက်စစ်ဒဏ်ခံရတာကြောင့် ခဏခဏ ပျက်စီးကုန်လို့ပါ။
    • အသီးအရွက်အစားနည်းတဲ့သူတွေ
    • ကျပ်တင်ထားတဲ့ အစားအစာ စားတဲ့သူတွေ
    • အငန်စားတဲ့သူတွေ
    • အကင်စားတဲ့သူတွေ
    • မိသားစုမှာ အစာအိမ်ကင်ဆာ မျိုးရိုးရှိရင်
    • H. pylori လို့ ခေါ်တဲ့ အစာအိမ်ရောင်စေတဲ့ ဘက်တီးရီးယား ခဏခဏ ကူးစက်ခံရရင်
    • နာတာရှည် အစာအိမ်ရောင်ရင်
    • Pernicious anemia လို့ ခေါ်တဲ့ သွေးအားနည်းရောဂါတစ်မျိုး ရှိနေရင်
    • ဆေးလိပ်စွဲသောက်ရင်
    • အစာအိမ်မှာ အသားပိုအလုံးတွေ ရှိနေရင် ဖြစ်နိုင်ခြေ များပါတယ်။

    နောက်ပြီး ထူးထူးခြားခြား အေသွေးသမားတွေက ပိုဖြစ်နိုင်ပါတယ်တဲ့။ ဒါကတော့ ခိုင်လုံတဲ့အထောက်အထားတွေ ထပ်ရှာရဦးမှာပါ။

    ဒါဆို ကင်ဆာ မဖြစ်အောင် ဘယ်လိုနေကြမလဲ။

    ကင်ဆာ မဖြစ်ချင်ရင် ခုနကပြောတဲ့အချက်တွေကို ရှောင်ရုံပါပဲ။ မျိုးဗီဇကြောင့် ဖြစ်တာကို ရှောင်လို့မရပေမယ့် ကိုယ့်ရဲ့ နေထိုင် စားသောက်ပုံကို ပြောင်းလဲလိုက်ရင် အထိုက်အလျောက် ကာကွယ်နိုင်မှာပါ။ ဥပမာ ပြောရရင်

    • လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်လို့ ဝိတ်ကျရင် ကင်ဆာဖြစ်နိုင်ခြေလည်း နည်းသွားပါတယ်။
    • အသီးအရွက်စားပါ။ နေ့စဉ်စားတဲ့ထဲမှာ အသီးအရွက် ပါပါစေ။
    • အငန်လျှော့ပါ။ ကင်ထားတာတွေ၊ ပြုပြင်ထားတဲ့အစားအသောက်တွေ၊ တာရှည်ခံပစ္စည်းပါတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ လျှော့စားပါ။
    • ဆေးလိပ်မသောက်ပါနဲ့။ သောက်နေရင် ဖြတ်လိုက်ပါ။ ဆေးလိပ်က အစာအိမ်ကင်ဆာ အပါအဝင် တခြားကင်ဆာတွေကိုလည်း ဖြစ်စေပါတယ်။
    • အစာအိမ်ရောင်တာကို အမြစ်ပြတ်အောင်ကုပါ။ အစာအိမ်ရောင်ခြင်းရဲ့ အဓိက တရားခံက H. pylori ဘက်တီးရီးယားပါပဲ။ ဒါက ပိုးသတ်ဆေးကို စနစ်တကျသောက်ရင် ပျောက်ပါတယ်။ ဒါကြောင့် ရောဂါကို မွေးမထားဘဲ မြန်မြန်ကုလိုက်ပါ။ ခဏခဏ ရောင်နေရင် ကြာလာရင် ကင်ဆာပြောင်းသွားပါလိမ့်မယ်။
    • အစာအိမ်ထိခိုက်စေတဲ့ အပြုအမူတွေကို ရှောင်ပါ။ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးတွေပါ။ အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်ကို သွေးယိုစေတာ၊ အနာဖြစ်စေတာကြောင့် ကြာလာရင် ကင်ဆာဖြစ်လာတတ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို စွဲသောက်မယ့်အစား ဆရာဝန်နဲ့ ပြပြီး သေချာကုပါ။

    ဒီလောက်ဆိုရင် အစာအိမ်ကင်ဆာကို ရာနှုန်းပြည့်မဟုတ်တောင် အထိုက်အလျောက်တော့ ကာကွယ်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement