အရင်ကတော့ ဂိမ်းဆော့တာနဲ့ ပတ်သက်ပြီး ကောင်းတဲ့အမြင်ရော၊ ဆိုးတဲ့အမြင်ပါ ရှိနေကြတယ်။ မိဘတွေအနေနဲ့တော့ ဆိုးတယ်လို့ မြင်တာ ပိုများမှာပေါ့ဗျာ။ အထူးသဖြင့် ပညာရေးကို အလွန်အလေးထားတဲ့ မိဘတွေဆိုရင် ကိုယ့်ကလေးတွေ ဂိမ်းဆော့တာကို တကယ့်ပြစ်မှုကြီး တစ်ခုကျူးလွန်မိသလို မြင်တတ်ကြမှာပါ။
ခုလို ကိုဗစ်ကာလမှာ မိဘတွေနဲ့ တီးခေါက်ကြည့်မိသလောက် ကလေးတွေနဲ့ ကျောင်းတက်နေဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေ အရင်ကထက် ပိုပြီး ဂိမ်းဆော့လာတယ်လို့ ပြောနေကြတယ်။ အစပိုင်းတော့ သူတို့တွေအနေနဲ့ အပြစ်ပြောဆိုတာ၊ ဆူပူရိုက်နှက်တာမျိုးတွေ လုပ်ပေမယ့် နောက်ပိုင်းမှာတော့ ဘာမှမပြောဘဲ လွှတ်ထားလိုက်ကြတယ်လို့ ဖွင့်ဟလာကြတယ်။
ကလေးများနှင့် ဂိမ်းဆော့ခြင်း
အရင်တုန်းကတော့ ကလေးတွေ ဂိမ်းဆော့တာနဲ့ပတ်သက်ပြီး သိပ်သဘောမကျတဲ့သူတွေထဲမှာ ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ခဲ့ပါတယ်။ မိဘတွေလိုမျိုး ပညာရေးမှာ လစ်ဟင်းသွားမယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် မဟုတ်ဘဲ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်တယ်ဆိုတဲ့ အချက်ကြောင့်ပါ။
ဒီဘက်ခေတ်ကလေးတွေက ကျွန်တော်တို့ခေတ်ကလို မဟုတ်ဘဲ အထိုင်အရမ်းများပါတယ်။ ကျောင်းသွား၊ ကျူရှင်တက်၊ ငြိမ်ငြိမ်လေးထိုင် အိမ်စာလုပ်၊ စာကျက်၊ ရုပ်ရှင်ကြည့်၊ ပြီးရင် အိပ်မယ်။ ဒါတွေကို ပြန်တွေးကြည့်ရင် လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်း၊ အားကစား လုပ်တဲ့အချိန်ဆိုတာ မရှိသလောက်နည်းပါတယ်။
ကလေးတစ်ယောက်က အရပ်ရှည်ပြီး ကြီးမားသန်စွမ်းလာဖို့ဆိုတာ ခန္ဓာကိုယ်က အမြဲလှုပ်ရှားနေရပါတယ်။ တစ်နေရာတည်းမှာပဲ ငြိမ်ငြိမ်လေးထိုင်နေရင် ဖွံ့ဖြိုးမှုကို နှေးကွေးစေသလို ကလေးရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း ကျဆင်းသွားစေပါတယ်။ ဒါ့အပြင် ဂိမ်းဆော့တာက စွဲတတ်တော့ ကလေးတွေ မျက်လုံးနဲ့ အမြင်အာရုံထိခိုက်မှာ၊ အာရုံကြောအားနည်းလာမယ့် ပြဿနာကလည်း စိတ်ပူစရာပါ။
ဒါပေမယ့် ခုလိုကပ်ဘေးကာလမှာတော့ ကလေးတွေ ဂိမ်းဆော့လာတာနဲ့ပတ်သက်ပြီး အပြစ်တင်လို့ မရတော့ပါဘူး။ ကျောင်းတွေ၊ ကျူရှင်တွေကလည်း ပိတ်တယ်၊ ကိုဗစ်စဖြစ်တဲ့အချိန်ဆိုတာ အခြေခံကျောင်းတက်နေရသေးတဲ့ ကျောင်းသားကလေးငယ်တွေအတွက်တော့ ကျောင်းပိတ်နေဆဲကာလဖြစ်လို့ စာသင်ထားတာလည်း မရှိတဲ့အတွက် သူတို့တွေ စာလုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။
စာလုပ်ချိန်တွေကလည်း နည်းသွားတယ်၊ သူငယ်ချင်းတွေနဲ့လည်း မတွေ့ရ၊ အပြင်လည်း မထွက်ရဆိုတော့ ကလေးတွေအတွက် စိတ်ဖိစီးမှုတွေ၊ အထီးကျန်တာတွေ နည်းသွားအောင်၊ မေ့ပျောက်သွားအောင်လို့ အချိန်အတိုင်းအတာတစ်ခုပေးပြီး ဂိမ်းပေးဆော့တာမျိုး လုပ်တာက သူတို့တွေရဲ့ စိတ်ကျန်းမာရေးအတွက် အကျိုးဖြစ်စေမယ်လို့ ကျွန်တော်ကတော့ ယူဆတယ်ဗျ။
မိဘတွေအနေနဲ့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းသင့်လဲ။
ကျွန်တော့်အမြင်အရတော့ တန်ဆေး၊ လွန်ဘေး သဘောအတိုင်း အကုန်လုံးကို အချိန်အကန့်အသတ်နဲ့ လုပ်စေချင်တယ်။ တစ်နေ့တာအတွက် စာလုပ်ရမယ့်အချိန်၊ ထမင်းစားရမယ့်အချိန်၊ မိသားစုလိုက် စကားပြော၊ လေ့ကျင့်ခန်းလုပ်မယ့်အချိန်၊ အိမ်အလုပ်တွေ ဝိုင်းကူလုပ်ပေးဖို့အချိန်၊ ဂိမ်းဆော့ဖို့အချိန်၊ ရုပ်ရှင်ကြည့်ချိန်၊ အိပ်ချိန်ဆိုပြီး သူ့အချိန်နဲ့သူ အကန့်အသတ်လုပ်ပေးထားခြင်းက မိဘတွေအတွက်ရော ကလေးတွေအတွက်ပါ အဆင်ပြေစေမှာပါ။
ဂိမ်းဆော့လို့ မျက်လုံးထိခိုက်မှာ ကြောက်တဲ့ မိဘများအတွက်တော့ ကိုယ့်ရဲ့ကလေးကို သဘာဝအလင်းရောင် ကောင်းကောင်းရနိုင်မယ့် မနက်ခင်း၊ နေ့လယ်ခင်းအချိန်တွေမှာသာ ဂိမ်းပေးဆော့ပါ။ အမှောင်ထဲမှာ ဂိမ်းဆော့တာမျိုး တွေ့ရင် နေရာပြောင်းဆော့ဖို့ သတိပေးပါ။ စာလုပ်ရမယ့်အချိန်မှာ ဂိမ်းဆော့တာမျိုးတော့ ပေးမလုပ်ပါနဲ့။ တစ်ရက်တလေ သတ်မှတ်ချိန်ထက် အချိန်အနည်းငယ် ဂိမ်းပိုဆော့တာမြင်ရင်လည်း မဆူပါနဲ့။ လွှတ်ပေးထားလိုက်ပါ။ ကလေးက သူ့အလုပ်သူ လုပ်နေတယ်ဆိုရင် ဒါက သိပ်ပြီးပြဿနာရှိတဲ့အရာမဟုတ်ပါဘူး။
ကလေးတွေ ကိုဗစ်ကပ်ဘေးကာလမှာ ဂိမ်းဆော့လို့ ဘာကောင်းကျိုးရနိုင်လဲ။
- ကလေးတွေရဲ့ စိတ်ကိုပျော်ရွှင်စေတယ်။
- စိတ်ဖိစီးမှုတွေ၊ အထီးကျန်တာ၊ စိတ်ဓာတ်ကျတာကို လျော့ကျစေတယ်။
- တစ်နေရာတည်းမှာ လှောင်ပိတ်နေတဲ့ ခံစားချက်ကို လျော့ကျစေတယ်။
- ပြင်ပမှာ ဖြစ်နေတဲ့ အခြေအနေဆိုးတွေကို မေ့ပျောက်သွားစေတယ်။
- အလုပ်လုပ်နေတဲ့ မိဘတွေကို အနှောင့်အယှက် မဖြစ်စေဘူး။
ဆယ်ကျော်သက်တွေလည်း ထိုနည်းတူပါပဲ။ လုပ်ငန်းခွင် ဝင်နေရတဲ့ လူငယ်၊ လူလတ်ပိုင်းတွေအနေနဲ့ ဂိမ်းဆော့လို့တော့ ရပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ အလုပ်တာဝန်ကို လစ်ဟင်းလို့ မရဘူးဆိုတာတော့ သိမှာပါ။ ညဘက်တွေ မအိပ်ဘဲ ဂိမ်းဆော့တာမျိုး၊ တစ်နာရီထက်ပိုပြီး ဆက်တိုက် ဂိမ်းအကြာကြီး ဆော့တာမျိုးကို မလုပ်ပါနဲ့။ မျက်လုံးက ပြာလာတာ၊ အလင်းမှုန်တွေ ထွက်လာတာ၊ အမြင်အာရုံ ဝေဝါးလာတာ၊ ခေါင်းမူးလာတာဆိုရင် ဂိမ်းဆော့တာ ချက်ချင်းရပ်ပြီး မျက်စိမှိတ်အနားယူပါ။ အိပ်ချိန်ကို ပုံမှန်အတိုင်း တစ်နေ့ ၇-၈ နာရီ ရအောင် အိပ်စက်အနားယူပါ။ အစာအာဟာရကို စုံလင်စွာ စားသုံးပေးပါ။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
[embed-health-tool-bmi]