backup og meta

ညမအိပ်တဲ့ ဇီးကွက်လေးတို့ မျက်စိ မထိခိုက်ကြစေဖို့


Yun Sandi Nan Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညမအိပ်တဲ့ ဇီးကွက်လေးတို့ မျက်စိ မထိခိုက်ကြစေဖို့

    ညဆို တော်တော်နဲ့ မအိပ်တဲ့ ဇီးကွက်လေးတို့ရေ။ ယူတို့က မအိပ်ရုံတင် မကဘူး၊ မျက်စိ ကို အမျိုးစုံ အသုံးချလေ့ရှိကြတာနော်။

    တစ်နေကုန် အသုံးပြုနေရတဲ့ မျက်လုံးလေးတွေကလေ လူအိပ်ချိန်မှာမှ နားရတာပါ။ ဒါကို အိပ်လည်းမပျော်ရော တီဗီကြည့်လိုက်၊ စာဖတ်လိုက်၊ ဖုန်းကြည့်လိုက်၊ ကွန်ပျူတာ ကြည့်လိုက်နဲ့ တစ်နေ့လုံးစာထက်တောင် ပိုပင်ပန်းနေရရှာတာပေါ့။

    ဘာဆက်ဖြစ်လာမလဲ

    ဘာဖြစ်ရမလဲ… မနက်ကျ အဲဒီမျက်လုံးက ကြည့်လို့ မကောင်းတော့ဘူး၊ အိပ်ရေးပျက်တော့ မျက်စိ တွေ ကျိန်းစပ်၊ မျက်ရည်ခြောက်သွေ့၊ အမြင်အာရုံမကောင်း၊ အာရုံစူးစိုက်ကြည့်လို့မရ၊ မျက်ရည်ပူတွေကျ၊ မျက်လုံးအောင့်တာတွေ တစ်ခုမဟုတ် တစ်ခု ဖြစ်ပြီး အလုပ်လုပ်လို့ ဘယ်ကောင်းတော့မှာလဲ။

    ဒီလိုဖြစ်နေရတဲ့ ယူတို့အတွက် အသုံးဝင်မယ့် နည်းလေးတွေက –

    မျက်လုံး အဖွင့်အပိတ် လုပ်ပေးပါ

    မျက်လုံး ထဲမှာ ခိုးလိုးခုလု ဖြစ်နေတယ်လို့ ခံစားနေရပြီး ကျိန်းစပ်သလို၊ အောင့်သလို ခံစားနေရရင် မျက်လုံး အဖွင့်အပိတ် လေ့ကျင့်ခန်းလုပ်ကြည့်ပါ။ မျက်စိ အကြောပြေပြီး နေရသက်သာပါလိမ့်မယ်။

    ဒီနည်းက မျက်ရည်ခန်းခြင်းကို သက်သာစေပြီး အမှုန် ဝင်နေရင်လည်း သူ့အလိုလို ဖယ်ရှားပြီးသား ဖြစ်စေနိုင်ပါတယ်။ မျက်စိတဝိုက် သွေးလည်ပတ်မှု ကောင်းစေပြီး မျက်စိညောင်းသက်သာစေပါတယ်။

    • မျက်စိမှိတ်ပြီး ၂ စက္ကန့်နေပါ။
    • မျက်စိမှိတ်လျက်နဲ့ မျက်ခွံကိုကျုံ့ပြီး ၂ စက္ကန့်။
    • ပြီးရင် မျက်စိပြန်ဖွင့်ပြီး ၂ စက္ကန့်။
    • ဒီအတိုင်း အစက ပြန်လုပ်ပေးပါ။ သုံးလေးကြိမ်လောက် လုပ်ပြီးရင် မျက်စိဝေဒနာ သက်သာသွားပါလိမ့်မယ်။

    အေးတဲ့အရာ တစ်ခုခု ကပ်ပေးပါ

    မျက်လုံးအောင့်တာ၊ ကျိန်းစပ်တာတွေကို ချက်ချင်းသက်သာစေတာက အအေးကပ်တာပါပဲ။ တစ်ခုခုကြောင့် မျက်စိယားတာ၊ စပ်တာတွေ တောင် သက်သာစေနိုင်ပါတယ်။

    • ရေခဲရေ ဆွတ်ထားတဲ့ အဝတ်လေး (wet tissue အေးအေးလေး ဆိုလည်း ရပါတယ်) ကို မျက်ခွံပေါ်မှာ ကပ်ပြီး ငါးမိနစ် ထားပါ။
    • ဒါမှမဟုတ် ရေခဲတုံးလေး တွေကို ပုဝါလေး နဲ့ ပတ်ပြီး မျက်ခွံမှာ ကပ်ပါ။ ငါးမိနစ်၊ ဆယ်မိနစ် ထားပါ။ ၂ ကြိမ် မှ ၃ ကြိမ် လုပ်ပေးနိုင်ပါတယ်။

    ခပ်ဖွဖွ နှိပ်နယ်ပေးပါ

    နာရီ အတော်ကြာ ဖုန်း သို့မဟုတ် ကွန်ပျူတာ ကြည့်ပြီး အလုပ်လုပ်ရတာကြောင့် ဖြစ်လာတဲ့ မျက်စိ ညောင်းတာ၊ မျက်စိအောင့်တာတွေ အတွက် အနှိပ်နည်းကို သုံးနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်း အတွက်လည်း အသုံးဝင်တဲ့ နည်းပါ။

    • လက်ဖဝါးမှာ သံလွင်ဆီ‌လေး နည်းနည်း ပွတ်ပါ။
    • လက်ချောင်းလေးတွေ သုံးပြီး မျက်ခုံးအပေါ်က ကြွက်သားတွေနဲ့ မျက်ခွံကို ၁၀ စက္ကန့်လောက် ဖွဖွ နှိပ်နယ်ပေးပါ။
    • အောက်မျက်ခမ်း၊ အောက်မျက်ရိုးနားကို ၁၀ စက္ကန့်လောက် နှိပ်ပေးပါ။
    • နားထင် နဲ့ ပါးရိုး အပေါ်ပိုင်းကို နှိပ်ပေးပါ။
    • တစ်နေ့ တစ်ကြိမ်၊ နှစ်ကြိမ် လုပ်ပေးနိုင်ပါတယ်။

    လက်ဖဝါး အနွေးဓာတ် ပေးပါ

    လက်ဖဝါးကုထုံး ကလည်း နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ စာဖတ်တာ ကြာသွားလို့ ဒါမှမဟုတ် ကွန်ပျူတာတီဗီကြည့်တာ ကြာသွားလို့ မျက်စိညောင်းလာပြီ ဆိုရင် ပိုအသုံးဝင်ပါတယ်။

    • သက်တောင့်သက်သာ ဖြစ်မယ့် အနေအထား နဲ့ ထိုင်ပါ။
    • လက်ဖဝါး နှစ်ဖက်ကို ပူနွေးလာတဲ့ အထိ ပွတ်ပါ။
    • မှိတ်ထားတဲ့ မျက်ခွံပေါ်မှာ လက်နဲ့ အုပ်ထားပါ။ မဖိရပါ။
    • ဖြေလျော့ပြီး စက္ကန့်၃၀လောက် ငြိမ်နေပေးပါ။
    • မျက်လုံးကို ဖြည်းဖြည်းဖွင့်ပြီး ဟိုဟိုဒီဒီ ကြည့်ပါ။
    • ဒီနည်းကို ၃ ကြိမ်မှ ၅ ကြိမ် ထပ်လုပ်ပေးပါ။

    မျက်စိ ကို ကာကွယ်ပါ

    မျက်စိနဲ့ ပတ်သက်တဲ့ ဝေဒနာကို မဖြစ်စေမယ့် အကောင်းဆုံးနည်းလမ်းက ဆင်ခြင်ကာကွယ်ခြင်း ပါပဲ။

    • ဖုန်း၊ ကွန်ပျူတာ သို့မဟုတ် တီဗီမျက်နှာပြင်ကို တစ်ဆက်တည်း အကြာကြီး ကြည့်နေရင် မျက်စိ နဲ့ ပတ်သက်တဲ့ ဝေဒနာ တွေက ဖြစ်လာမှာပဲဆိုတော့ ကြည့်နေတဲ့ ကြားမှာ ခဏလောက်တော့ မျက်လုံးလွှဲပြီး နားနားပေးပါ။
    • အိပ်ရေးဝအောင် အိပ်ပါ။ အိပ်ရေးပျက်ခံခြင်းက မျက်စိဝေဒနာ မကြာခဏ ဖြစ်စေတတ်ပါတယ်။
    • မျက်လုံးထဲ တစ်ခုခု ဝင်သွားတယ်ဆိုရင် အရမ်းမပွတ်ပါနဲ့။ ဖယ်ထုတ်နိုင်မယ့် နည်းကို လိုက်နာပါ။
    • တော်တန်ရုံ နေရခက်တဲ့ ဝေဒနာကတော့ လက်ရှိ မျက်စိသုံးနေတဲ့ အလုပ်ကို ရပ်လိုက်ပြီး မျက်စိ ခဏမှိတ်၊ အနားပေးလိုက်ပါ။
    • မျက်ကပ်မှန် ဝတ်တတ်သူတွေ ဆိုရင် မျက်စိကို မထိခိုက်အောင်၊ ပိုးမဝင်အောင် ပုံမှန်သန့်ရှင်းမှု ဂရုစိုက် ပေးရပါမယ်။ နာကျင်မှု တစ်ခုခု ဖြစ်လာရင် ချက်ချင်းချွတ်ပြီး ဆရာဝန်ပြပါ။
    • မျက်စိ ပိုးဝင်တာတွေ ဖြစ်နေရင် အိုင်းလိုင်နာ၊ ဘာညာ ဘာမှမလိမ်းပါနဲ့။

    မျက်စိနဲ့ ပတ်သက်လာရင်လေ ဝေဒနာ အသေးအဖွဲပဲ ဖြစ်ပါစေ၊ ခံစားရတာ သိပ်ကြာလာရင် ဆရာဝန် ပြဖြစ်အောင် ပြပါ။ မပေါ့ဆပါနဲ့ လို့ သတိပေးချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement