backup og meta

Covid-19 ကာလမှာ ကလေးတွေရဲ့ ပညာရေးကို မိဘတွေဘယ်လိုကူညီမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Covid-19 ကာလမှာ ကလေးတွေရဲ့ ပညာရေးကို မိဘတွေဘယ်လိုကူညီမလဲ

    ဒီလိုမျိုး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်နေချိန်မှာ ကလေးရော လူကြီးပါ စိုးရိမ်ပူပန်နေမှာ၊ စိတ်ဖိစီးနေမှာကတော့ အသေအချာပါပဲ။ ကိုယ်တိုင် လူငယ်ဘဝတုန်းက ဘဝကြီးက သိပ်ပြီး စိတ်ပူစရာ မရှိ၊ အေးဆေးနေတယ် ဆိုပေမယ့် ကိုယ့်မိသားစု ကိုယ်စီနဲ့ မိဘနေရာ ရောက်လာပြီဆိုရင်တော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်လာပါပြီ။

    ခုလို အချိန် တချို့ရုံးတွေက ပြန်ဖွင့်ပြီဆိုပေမယ့် စာသင်ကျောင်းတွေကတော့ ပိတ်ထားဆဲပါပဲ။ ဒီတော့ မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးရဲ့ ပညာရေး နှောင့်နှေးကြန့်ကြာသွားမှာ စိုးရိမ်မိမှာပဲလေ။ ဒီဆောင်းပါးမှာ မိဘတွေရဲ့ သောကအပူကို အေးငြိမ်းစေပြီး ကလေးတွေအတွက်ရော မိဘတွေအတွက်ပါ အဆင်ပြေစေမယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

    ၁။ Covid-19 အကြောင်းကို ကလေးကို သေချာရှင်းပြပါ။

    မိဘတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကလေးကို ဒီလိုအချိန်မှာ ရောဂါနဲ့ ပတ်သက်ပြီး ဖြစ်ပွားပုံတွေ၊ ကူးစက်ပုံတွေ၊ အခြေအနေ အကျဉ်းချုပ်ကို ပြောပြထားသင့်ပါတယ်။ ဒါဟာ ကလေးကို ကြောက်အောင် ခြောက်တာ မဟုတ်ပါဘူး။ လက်ရှိအခြေအနေကို ကလေးကို နားလည်သဘောပေါက်စေတာပါ။

    ၂။ ပုံမှန်အတိုင်း တစ်နေ့တာကို လည်ပတ်ပါ။

    အပြင်မသွားရတာကလွဲရင် ကိုယ့်ကလေးရဲ့ တစ်နေ့တာကို အရင်က လုပ်နေကျအတိုင်းပဲ ပုံသွင်းထားပါ။ ညဆို စောစောအိပ်မယ်၊ မနက်ဆို စောစောထမယ်။ ထမင်းစားမယ်၊ စာလုပ်မယ်၊ နေ့လည်နေ့ခင်း ငိုက်ရင် တစ်ရေးတစ်မော အိပ်မယ်၊ အွန်လိုင်းကနေ ကလေးအတွက် အကျိုးရှိတာလေးတွေ ရှာပြီး သင်ပေးမယ်၊ သူတို့တွေနဲ့အတူ အချိန်ကုန်ဆုံးပေးဖို့ကိုပဲ စဉ်းစားပါ။

    ၃။ အွန်လိုင်းအတန်းတွေ ရှိရင် မပျက်ပါစေနဲ့။

    ကျွန်တော်တို့နိုင်ငံရဲ့ ကျောင်းအများစုကတော့ ဒါမျိုး စနစ်ကို ကျင့်သုံးနိုင်ခြင်း မရှိသေးတဲ့အတွက် မိဘတွေအနေနဲ့ လုပ်ပေးလို့ ရတာဆိုရင် ကလေးကို သင်ထားပြီးသားစာတွေ ပြန်နွှေးခိုင်းတာမျိုး လုပ်ပေးလို့ ရပါတယ်။ ကိုယ်တိုင်ကလည်း ကလေးတွေရဲ့ စာကို သေချာဖတ်ပြီး ကိုယ်နားလည်သလောက် ပြန်သင်ပေးတာ၊ အထွေထွေဗဟုသုတ သင်ပေးတာမျိုး လုပ်လို့ ရပါတယ်။

    ၄။ ကလေးတွေကို စာအုပ်ပေးဖတ်ပါ။

    စာအုပ်ဆိုရာမှာ ကျောင်းဖတ်စာအုပ် တစ်မျိုးတည်းကို ဆိုလိုခြင်း မဟုတ်ပါဘူး။ ကလေးရဲ့ ပညာရေးအတွက် အကျိုးရှိစေမယ့် အတွက်အချက်ဆိုင်ရာ စာအုပ်မျိုး၊ ဘာသာစကားဆိုင်ရာ စာအုပ်တွေ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးနိုင်မယ့် စာအုပ်မျိုးတွေ ပေးဖတ်ပါ။ ဒီလိုအချိန်က ကျောင်းစာရော၊ ပြင်ပ ဗဟုသုတတွေပါ မှီဝဲဖို့ အကောင်းဆုံးအချိန်ပါ။

    ၅။ ကလေးကို အနားယူချိန် ပေးပါ။

    လူကြီးတွေလည်း အလုပ်ပင်ပန်းရင်လည်း အနားယူဖို့ လိုသလို ကလေးတွေလည်း စာဖတ်တာ ကြာလာရင် ပျင်းပြီး ငြီးငွေ့တတ်ပါတယ်။ အဲ့လို မဖြစ်ရအောင်လို့ သူ့အချိန်အတိုင်းအတာနဲ့ သူ စာဖတ်ခိုင်း၊ ကျန်တဲ့အချိန်မှာ ကစားတာ၊ ရုပ်ရှင်၊ ကာတွန်းကား ကြည့်ခိုင်းတာမျိုး လုပ်လို့ ရပါတယ်။

    ၆။ အစာအာဟာရကို သေချာကျွေးပါ။

    ဒါတွေ အားလုံးက ကပ်ဘေးကာလ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ မိဘတစ်ယောက်အနေနဲ့ သားသမီးအတွက် လုပ်ကို လုပ်ပေးရမယ့် ကိစ္စတွေပါ။ ခုလို ကာလမျိုးမှာတော့ ခဏခဏ အပြင်ထွက်တာထက် တစ်ပတ်စာ လိုသလောက်ကို ဈေးဝယ်ပြီး ကလေးတွေရော၊ ကျန်တဲ့ မိသားစုဝင်တွေပါ အားရှိစေဖို့ ချက်ပြုတ်ကျွေးမွေးပါ။

    ၇။ အနားယူချိန် များများပေးပါ။

    အိပ်ရေးဝတဲ့ ကလေးတစ်ယောက်ဟာ စာဖတ်စွမ်းရည် မြင့်တက်သလို ဦးနှောက်မှတ်ဉာဏ်ကိုလည်း ကောင်းစေတဲ့အတွက် ရေရှည်မှာ ကလေးရဲ့ ပညာရေးအတွက် အကျိုးများစွာ ရှိစေပါတယ်။ ကလေးကို နေ့ခင်း အိပ်ချင်ရင် တစ်ရေးတစ်မော ပေးအိပ်ပါ။ ညဘက်မှာလည်း စောစောပေးအိပ်ပါ။

    ၈။ ကလေးနဲ့ အတူ ကစားပေးပါ။

    ကလေးတွေအနေနဲ့ ပုံမှန်လို အပြင်ထွက် မကစားရ၊ သူငယ်ချင်းတွေနဲ့လည်း မတွေ့ရတော့ တော်တော်လေး ပျင်းနေမှာပါ။ ဒီတော့ မိဘတွေအနေနဲ့ ကိုယ့်ကလေးနဲ့ ကစားပေးတာမျိုး လုပ်လို့ ရပါတယ်။ ဒါမှမဟုတ်လည်း ကလေးနဲ့အတူ စကားပြောပေးတာ၊ ရယ်စရာလေးတွေ ပြောတာ၊ ရုပ်ရှင်အတူကြည့်တာ၊ စကားစမြည်ပြောတာမျိုး လုပ်လို့ ရပါတယ်။ အဓိက ကလေးနဲ့ အချိန်အတူတူ ကုန်ဆုံးပေးလေ မိဘနဲ့ ကလေးကြား သံယောဇဉ်ကို ပိုတိုးစေဖို့ပါပဲ။

    ၉။ ကိုယ်တိုင်လည်း လေ့လာသင်ယူပါ။

    ကလေးကို စာလုပ်ခိုင်းရုံနဲ့ မပြီးပါဘူး။ ကိုယ်တိုင်လည်း လုပ်ဖို့ လိုပါတယ်။ မိဘဆိုတာ သားသမီးတွေအတွက် အတုမြင် အတတ်သင်တဲ့ စံနမူနာပါ။ သားသမီးကိုတော့ တစ်နေ့လုံး စာလုပ်ခိုင်းပြီး မိဘတွေက ရုပ်ရှင်ကြည့်နေရင်တော့ အဆင်မပြေဘူးပေါ့။ ဒီတော့ အွန်လိုင်းကနေ ဖြစ်ဖြစ် ကိုယ့်အတွက် အကျိုးရှိစေမယ့် လက်မှုပညာ၊ ဘာသာစကားဆိုင်ရာ၊ သမိုင်း၊ ပထဝီ၊ ကျန်းမာရေးအကြောင်း အစရှိတဲ့ အထွေထွေ ဗဟုသုတရစေမယ့် ဗီဒီယိုတွေ၊ သတင်းတွေကို ရှာဖတ်ပြီး လေ့လာပါ။ ကလေးကိုလည်း ပြန်ပြောပြပြီး သင်ပေးပါ။

    မိဘတစ်ယောက်အနေနဲ့ အဖက်ဖက်ကနေ စိုးရိမ်နေရတဲ့အချိန်မှာ ကလေးရဲ့ ပညာရေးအတွက်ပါ ထပ်ပြီး ပူရရင်တော့ ရင်ထဲမှာ အပူမီးမကျနိုင်ပဲ ဖြစ်နေမှာပေါ့။ ခုပြောပြသွားတဲ့ အချက်တွေက ဒီကာလမှာ စိတ်ညစ်နေကြမယ့် မိဘတွေအတွက် အနည်းငယ် စိတ်သက်သာရာရစေမယ်လို့ မျှော်လင့်မိပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement