backup og meta

ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

    ဒီရောဂါနဲ့ အသက်ရှင်ဖို့ဆိုတာက လွယ်တာတော့ မဟုတ်ပါဘူး။ လူကောင်းလို ဟန်မပျက် သွားလာလှုပ်ရှားနိုင်ပေမယ့် စိတ်ထင့်ရတဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ကောင်းတာက ဆရာကောင်း သမားကောင်း၊ ဆေးဝါးကောင်းတွေကြောင့် ခုချိန်ထိ ဟန်မပျက်နေနိုင်ခဲ့တာပါ။

    ကလေးယူကြရအောင်လေလို့ သူစပြောတုန်းက စိတ်ထဲမှာ အတွေးတွေ ဆက်တိုက်ဝင်လာခဲ့တယ်။ ကျွန်မ ဘယ်လိုလူမျိုးဆိုတာ သူမသိတာလည်း မဟုတ်။ ဘာကြောင့်များ ဒီလိုပြောထွက်လေသလဲလို့တော့ စိတ်ခုမိပါသေးတယ်။

    ကျွန်မက ကျွန်မအတွက် စိတ်ပူတာမဟုတ်ဘူး။ ဘာပူစရာရှိမှာလဲ။ ဒီဆေးတွေသောက်လာရတာ နှစ်တွေ နည်းတာမှမဟုတ်တာ။ ဒီလိုသောက်ခဲ့လို့လည်း ကျွန်မကိုယ်ထဲမှာ ပိုးတွေကို ထိန်းချုပ်နိုင်နေပြီး စက်က စစ်ဆေးလို့ မတွေ့နိုင်တဲ့ပမာဏကိုတောင် ရောက်နေပြီပဲ။ ကိုယ့်ဆီကနေလည်း တခြားသူဆီကိုလည်း မကူးနိုင်တော့ဘူး။ ဒါကြောင့်လည်း အမျိုးသားက ကလေးယူရအောင်လို့ ပြောတာနေမှာ။

    ဒါပေမဲ့ ရလာမယ့်ကလေးအတွက် ကျွန်မ စိတ်မချဖြစ်မိပါတယ်။ ။ ဒီပိုးက ကိုယ်ဝန်ဆောင်တဲ့အချိန်မှာရော၊ မွေးတဲ့အချိန်မှာရော၊ နို့တိုက်တဲ့အချိန်မှာရော၊ အမေဆီကနေ ကလေးကို ကူးနိုင်တယ်ဆိုတာ ကျွန်မသိပြီးသားပါ။ ကျွန်မမှာ ပိုးကိုထိန်းချုပ်လျှော့ချထားနိုင်ပေမဲ့ ကလေးဆီကို မတော်တဆ ကူးသွားမှာ အရမ်းစိုးရိမ်မိတယ်။

    …………

    ဘာပိုးရှိတာလဲဆိုတာ ရှင်တို့  သိချင်နေတာလား။ ကျွန်မပြောပြမှာပါ။

    ကျွန်မကလေးကို ကျွန်မလို မဖြစ်စေချင်ဘူး။ HIV ပိုးက ကျွန်မမွေးကတည်းက မိဘတွေဆီကနေရခဲ့တဲ့ အမွေလို့လည်း ကျွန်မ မပြောရက်ပါဘူး။ ပိုးရှိတဲ့ကျွန်မဖေဖေကနေ မသိလိုက်ဘဲ မေမေ့ဆီကို ကူးခဲ့တယ်၊ မေမေကနေမှ ကျွန်မဆီကိုပေါ့။ ဗဟုသုတနည်းပါးခဲ့တဲ့ ကျွန်မမိဘနှစ်ပါးက ကျွန်မကို ရောဂါပိုးမဝင်အောင် တားဖို့ မစွမ်းနိုင်ခဲ့ဘူး။ ဒီလိုနဲ့ ကျွန်မ ဆေးတွေကို အရွယ်နဲ့မလိုက် သောက်ခဲ့ရတယ်။ ဒီလိုသောက်ခဲ့လို့လည်း အခုချိန်မှာ ကောင်းကျိုးခံစားရတာပေါ့။

    အခုဆို ပိုးမရှိသူတွေလိုပဲ ကျွန်မနေထိုင်သွားလာလှုပ်ရှားနိုင်တယ်လေ။ အိမ်ထောင်လည်း ပြုနိုင်ခဲ့တယ်။ ART ဆေးအစွမ်းကြောင့် ကျွန်မကိုယ်ထဲမှာ HIV ပိုးကောင်ရေလည်း တိုင်းတာလို့ မရတဲ့အထိနည်းသွားပြီမို့ သာယာတဲ့ အိမ်ထောင်ဘဝလေးလည်း ပိုင်ဆိုင်ထားတယ်။ အကောင်းဆုံးကတော့ အမျိုးသားကိုလည်း မကူးစက်ဘူးဆိုတဲ့ အချက်ပဲ။ အမျိုးသားကို မကူးစက်သလို ကလေးကိုလည်း မကူးနိုင်ဘူးဆိုပေမယ့် ကိုယ်တိုင်ခံစားခဲ့ရသူမို့ ကျွန်မတွန့်ဆုတ်နေမိတုန်းပဲ။

    အမျိုးသားကတော့ လာမယ့်ဘေး ပြေးတွေ့လိုက်ပါတော့လားတဲ့။ ဒီလိုနဲ့ ကျွန်မတို့ ကလေးယူဖို့ဆုံးဖြတ်ချက် ချဖြစ်ခဲ့ပါတယ်။ ဒါနဲ့ ကျွန်မတို့လင်မယားနှစ်ယောက် ဆရာမကြီးဆီ သွားတွေ့ခဲ့တယ်။ ဆရာမကြီးက  ကျွန်မငယ်ငယ်ကတည်းက ကြည့်လာပေးခဲ့တဲ့ ဆရာဝန်၊ နောက်ပြီး ကျွန်မရဲ့ စိုးရိမ်မှုတွေကို အပြည့်အဝနားလည်ပေးနိုင်သူလည်းဖြစ်တယ်။

    ဆရာမကြီး ပြောပြတော့ ကျွန်မ တော်တော်ဝမ်းသာသွားတယ်။

    အဲဒါက ခုမှ ပိုးရှိမှန်းသိတဲ့သူတွေတောင် သိသိချင်း ဆေးတွေသောက်၊ ပိုးကို စစ်ဆေးလို့မတွေ့နိုင်လောက်တဲ့ထိနည်းအောင် ထိန်းချုပ်လျှော့ချပြီး ကလေးယူ၊ ကလေးမွေးသွားကြသတဲ့။

    ပိုးရှိတဲ့မိခင်၊ ပိုးရှိတဲ့ဖခင်၊ ပိုးရှိတဲ့မိဘနှစ်ပါးကမွေးတိုင်း ကလေးက ကူးစက်ခံရတာမဟုတ်ပါဘူးတဲ့။

    ပြီးတော့ ကျွန်မက ပိုးကောင်ရေ ကောင်းကောင်းထိန်းချုပ်ထားပြီး စစ်ဆေးကြည့်ရင်တောင် ရှာဖွေမတွေ့နိုင်လောက်အောင် နည်းနေပြီလေ။ ဒီလောက်ဆို ကိုယ်ဝန်ဆောင်ချိန်မှာရော နို့တိုက်ချိန်မှာပါ ကလေးဆီကို HIV ပိုးကူးဖို့ဆိုတာက ဖြစ်နိုင်ခြေ မရှိသလောက်နည်းတာပါတဲ့။ ဆေးကိုလည်း ပုံမှန်ဆက်သောက်သွားရမှာဖြစ်သလို ဆေးက ဗိုက်ထဲက ကလေးကိုလည်း အန္တရာယ်မဖြစ်စေလို့ စိတ်ချလက်ချ သောက်လို့ရပါတယ်တဲ့။ ဒါကြောင့် ကလေးယူမယ်ဆိုရင် စိတ်ချလက်ချသာ ယူပါတဲ့။

    ဒီလိုနဲ့ပဲ ကျွန်မမှာ ကိုယ်ဝန်လေးရှိလာခဲ့ပြီ။ ဆရာမကြီးကိုလည်း ကျွန်မ ပုံမှန်ရက်ချိန်းနဲ့သွားတွေ့တယ်။ ဗိုက်လည်း ပုံမှန်သွားအပ်တယ်။ ကိုယ်ဝန်ဆောင် အားဆေးတွေလည်း သောက်တယ်။ ART ဆေးကိုလည်း ပုံမှန်သောက်ပါတယ်။

    အယ်ထွာဆောင်းဆိုလား..တီဗွီဓာတ်မှန်ရိုက်ကြည့်တော့လည်း ကလေးက အခြေအနေကောင်းတယ်၊ ကျန်းမာတယ်ဆိုတာ သိရတယ်။ကျွန်မရင်ထဲ ပြောပြမတတ်အောင်ပါပဲ။ မွေးဖို့နီးလာတော့ ကျွန်မ ဘယ်လိုမွေးရမလဲဆိုတာ တိုင်ပင်ရပါပြီ။  ကျွန်မကိုယ်ထဲက ပိုးကောင်ရေကို ကောင်းကောင်းထိန်းချုပ်ထားနိုင်လို့ ရိုးရိုးမွေးလို့လည်းရတဲ့အကြောင်း ဆရာမကြီးကပြောတယ်။ ကျွန်မက ဗိုက်ခွဲရမှာကြောက်တာနဲ့ အတော်ပါပဲ။

    နောက်ဆုံးတော့ ကျွန်မတို့ဘဝထဲကို သမီးလေး ရောက်လာခဲ့ပါပြီ။ ကျွန်မသမီးလေးကို သူများမေမေတွေလိုပဲ အမေနို့ပဲ ကျွန်မတိုက်ပါတယ်။ ပြန်စဉ်းစားကြည့်ရင် ကျွန်မက တခြားမေမေတွေနဲ့ တူတူပါပဲ။ ပုံမှန်အတိုင်းပဲ ကိုယ်ဝန်ဆောင်တယ်၊ ကလေးမွေးတယ်၊ ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်တယ်။ ဖြည့်စွက်စာကျွေးရမယ့်အရွယ်ကျတော့ အာဟာရပြည့်အောင် သေချာစကျွေးတယ်။ မိခင်နို့ကိုလည်း တစ်နှစ်ပြည့်အောင်တိုက်ပြီးမှ တစ်လလောက် အချိန်ယူပြီး ဖြည်းဖြည်းချင်း နို့ဖြတ်လိုက်တယ်။

    ဪ….မေ့တော့မလို့…။ ကလေးကို ဒီရောဂါမပါလာဖို့ ပိုသေချာအောင်တော့ ဆရာဝန်တွေညွှန်ကြားထားတဲ့အတိုင်း မွေးကင်းစမှာ ARV ဆေးလေးတွေတော့ သေချာတိုက်ခဲ့ရသေးတယ်။

    အဆုံးသတ်ရရင်တော့ ဟုတ်တယ်။ ကျွန်မကလည်း မိခင်တွေထဲက မိခင်တစ်ယောက်ပါပဲ။ ART ဆေးသောက်ရတာကလွဲလို့ပေါ့။ ART ဆေးကို ပုံမှန်သောက်ခဲ့လို့လည်း ကျွန်မက ပိုးမရှိတဲ့ မိခင်တစ်ယောက်လို နေနိုင်တာပါ။

    အမျိုးသားကတော့ ပြောပါတယ်၊ သမီးလေးက ကျွန်မနဲ့သိပ်တူတာပဲတဲ့။ တစ်ခုပဲ.. သူ့ကိုယ်ထဲမှာတော့ ကျွန်မတုန်းကလို ရောဂါအမွေတစ်ခု ပါမလာခဲ့ပါဘူး။ ဒီအတွက်တော့ ကျွန်မတွေးလိုက်တိုင်း ပြောမပြတတ်လောက်အောင် ဝမ်းသာကြည်နူးမိနေတုန်းပါပဲ။

    ==========

    ART ဆေးဖြင့် HIV ပိုးကို ထိန်းချုပ်လျှော့ချထားနိုင်ကြောင်း ပိုမိုသိရှိလိုပါက https://www.facebook.com/UequalsUMyanmar တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement