backup og meta

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေ တဲ့ လက္ခဏာ ၁၀ ရပ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေ တဲ့ လက္ခဏာ ၁၀ ရပ်

    စိတ်ဖိစီးမှုများတာ မကောင်းပါဘူး။ ဒါပေမယ့် ဘယ်အခြေအနေကို စိတ်ဖိစီးမှုများတယ်လို့ ဆိုနိုင်မလဲ။ ဘယ်လောက်အတိုင်းအတာဆိုရင် စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေ ပြီလို့ ပြောနိုင်မလဲ။ ဒီလိုမေးခွန်းမျိုးကိုကျ ဖြေဖို့ ခက်ပါလိမ့်မယ်။

    ဒီကနေ့ခေတ်မှာ လူတိုင်းအတွက် စားဝတ်နေရေးပူပင်သောကတွေအပြင် တခြားသော စိတ်ဖိစီးစရာ အခြေအနေတွေက ပိုပြီးတိုးပွားလို့လာနေပါတယ်။ ဒါကြောင့်လည်း လူတိုင်းရဲ့ ပါးစပ်ဖျားမှာ စိတ်ဖိစီးတယ်၊ သောကများတယ်၊ စိတ်ဓာတ်ကျတယ်ဆိုတဲ့ စကားတွေ မကြာခဏကြားနေရတတ်ပါတယ်။ အရွယ်ရောက်ပြီးသူတိုင်းရဲ့ ၃၃% လောက်မှာ ဒီဝေဒနာခံစားရတတ်တာမို့ ဘယ်လောက်အဖြစ်များတယ်ဆိုတာကို သိမြင်နိုင်မယ်ထင်ပါတယ်။

    ဒါပေမယ့် ကိုယ်ဘယ်လောက် စိတ်ဖိစီးမှုများနေလဲ၊ ဘယ်လောက် အန္တရာယ်များတဲ့အဆင့်ကိုရောက်နေပြီလဲဆိုတာကိုတော့ သာမန်လူတစ်ယောက်အနေနဲ့ ပြောနိုင်ဖို့ ခက်ခဲပါတယ်။

    ဒါကြောင့်ဒီဆောင်းပါးမှာတော့ အလွန်အမင်းစိတ်ဖိစီးမှု ဝေဒနာခံစားနေရသူတွေမှာ ပြသတတ်တဲ့ လက္ခဏာ ၁၀ ရပ်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

    စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေ တဲ့ လက္ခဏာ ၁၀ ရပ်

    ၁။ ဝက်ခြံ

    စိတ်ဖိစီးမှုများလာပြီဆိုရင် ဝက်ခြံတွေ သိသိသာသာ ထွက်လာတတ်ပါတယ်။ တချို့ဝက်ခြံမထွက်တတ်သူတွေမှာဆိုရင် သိသာတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ ဟော်မုန်းအပြောင်းအလဲဖြစ်စေပြီး ဝက်ခြံတွေပိုထွက်လာအောင် တွန်းအားပေးနိုင်ပါတယ်။

    ၂။ ခေါင်းကိုက်တာ

    စိတ်ဖိစီးသူတိုင်း သိတဲ့ လက္ခဏာတစ်ရပ်က ခေါင်းကိုက်တာပါ။ အရမ်းပြင်းထန်လာရင် ခေါင်းကိုက်ရုံတင်မကပါဘူး။ ဇက်ကြောအထိ ကိုက်ခဲနာကျင်လာတတ်ပါတယ်။ စိတ်ဖိစီးမှုဝေဒနာခံစားရသူတွေရဲ့ ၆၇% လောက်ဟာ ခေါင်းကိုက်တဲ့ ဝေဒနာကိုပါ တွဲဖက်ခံစားရတတ်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။

    ၃။ နာတာရှည်နာကျင်ကိုက်ခဲမှု

    အကြောင်းပြချက် မယ်မယ်ရရမရှိဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ နာကျင်ကိုက်ခဲတာမျိုးကလည်း စိတ်ဖိစီးမှုမြင့်မားနေတဲ့ လက္ခဏာတစ်ရပ်ပါ။ ဒီဝေဒနာက လူငယ်တွေမှာ ပိုအဖြစ်များပါတယ်။

    ၄။ မကြာခဏဖျားတာ

    စိတ်ဖိစီးမှုများနေသူတွေဟာ ကိုယ်ခံအားစနစ်လည်း အားနည်းလာတတ်ပါတယ်။ ဒါကြောင့် နေရင်းထိုင်ရင်း ခဏခဏဖျားနာနေတတ်ပါတယ်။ တချို့လူတွေပြောပြောနေကြတာရှိတယ်လေ ‘ခဏခဏဖျားတယ်။ ဘာလို့မှန်းမသိဘူး’ ဆိုတာမျိုး။ အဲ့ဒီလိုအဓိကဖြစ်စေတဲ့ အချက်က စိတ်ဖိစီးမှုများနေတာကြောင့်ပါပဲ။ ဖျားရုံတင်မကပါဘူး တချို့ဆိုရင် အသက်ရှူလမ်းကြောင်းဝေဒနာတွေပါ ခံစားရတာပါ။

    ၅။ အိပ်မပျော်တာ

    Stress တွေများလာတာနဲ့အမျှ ခန္ဓာကိုယ်ကြီးက အင်အားဆုတ်ယုတ်လာသလို အိပ်မပျော်တဲ့ဝေဒနာကလည်း ထပ်ချပ်မကွာ ကပ်လိုက်ပါလာတတ်ပါတယ်။ ဒီလိုအခြေအနေမှာ ရေဓာတ်ဆုံးရှုံးတာနဲ့ သွေးတွင်းသကြားပမာဏကျဆင်းတာမျိုးတွေလည်း ဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်။ အိပ်မပျော်တာကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲဝေဒနာတွေက အလွန်များပြားလွန်းတာကြောင့် သတိထားဖို့ လိုအပ်ပါတယ်။

    ၆။ လိင်စွမ်းဆောင်ရည်ကျဆင်းလာတာ

    စိတ်ဖိစီးမှုများလာရင် အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ လိင်စွမ်းဆောင်ရည် ကျဆင်းသွားတတ်ပါတယ်။ ပြီးမြောက်ဖို့ခက်တာ၊ စိတ်မပါတာမျိုးတွေအဖြစ်များပါတယ်။ ပြီးမြောက်သွားရင်တောင်မှ သိသာတဲ့ ကျေနပ်နှစ်သက်မှုမရရှိတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

    ၇။ အစာခြေစနစ်ပြဿနာ

    ဝမ်းသွားတာ၊ ဗိုက်အောင့် ဗိုက်နာတာတွေကလည်း စိတ်ဖိစီးမှုများတာနဲ့ ဆက်စပ်နေတတ်ပါတယ်။ လေ့လာချက်တွေအရ စိတ်ဖိစီးမှုဝေဒနာ အတော်ပြင်းထန်လာရင် အစာခြေအင်္ဂါတွေကိုပါ သက်ရောက်နိုင်ပြီး Irritable bowel syndrome (IBS) ဒါမှမဟုတ် Inflammatory bowel disease (IBD) တွေဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

    ၈။ အစာစားချင်စိတ်အပေါ် သက်ရောက်တာ

    အစားတွေ အလွန်အကျွံစားသောက်မိနေတာမျိုး၊ ဒါမှမဟုတ် အစာစားချင်စိတ်ပျောက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ညသန်းခေါင် အစားတွေ အရမ်းစားချင်စိတ်ပေါ်လာတာမျိုးကလည်း သင့်ရဲ့ စိတ်ဖိစီးမှု အခြေအနေကို ဖော်ပြနေပါတယ်။ ပြင်းထန်စွာ စိတ်ဖိစီးတဲ့အခါ ၈၁% ဟာ အစားအသောက်ပုံစံပြောင်းလဲသွားတတ်ပြီး ၆၂% က အလွန်အကျွံစားသောက်ဖြစ်ပြီး ၃၈% က အစားစားချင်စိတ်ပျောက်သွားပါတယ်။

    ၉။ စိတ်ဓာတ်ကျခြင်း

    စိတ်ဖိစီးမှုဝေဒနာနဲ့ တွဲလျက်က စိတ်ဓာတ်ကျတာပါ။ တစ်ခုဖြစ်ရင် နောက်တစ်ခုပါ ဆက်ပါလာတတ်ပါတယ်။ ဒါပေမယ့် မိသားစုမျိုးရိုးနဲ့ ဟော်မုန်းလယ်ဗယ်အပေါ်တော့မူတည်တတ်ပါတယ်။ စိတ်ဖိစီးပြီး စိတ်ဓာတ်အလွန်ကျနေပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ထိဖြစ်နိုင်ခြေရှိတာမို့ ဂရုစိုက်သင့်ပါတယ်။

    ၁၀။ နှလုံးခုန်နှုန်းမြန်တာ

    စိတ်ဖိစီးမှုများလာလေလေ မကောင်းတဲ့ဟော်မုန်းတွေ ပိုထုတ်လေလေဖြစ်တာမို့ နှလုံးခုန်နှုန်းကို အလွန်အမင်းမြန်ဆန်စေတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါတွေ ဖြစ်နိုင်ပါတယ်။

    ကိုယ်တိုင် Stress ရှိနေတာကို သိထားတဲ့အပြင် အထက်မှာဖော်ပြခဲ့တဲ့ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်လာရပြီဆိုရင် သင့်ရဲ့ စိတ်ဖိစီးမှုအခြေအနေက အတော်လေး ပြင်းထန်နေပြီဆိုတဲ့ အနေအထားမျိုးဖြစ်ပါတယ်။

    စိတ်ဖိစီးမှုကင်းဝေးစေဖို့ဆိုရင် ကိုယ်ရောစိတ်ပါကျန်းမာအောင်နေထိုင်ပြီး လူကိုအထောက်အကူဖြစ်စေမယ့် အစာအာဟာရတွေကို လုံလောက်မျှတစွာ မှီဝဲစားသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ စိတ်ဖိစီးမှုဝေဒနာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

    စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ရာမှာ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုကောင်းမွန်တဲ့နည်းလမ်းဖြစ်တာကို မမေ့ဖို့ သတိပေးလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement