backup og meta

ညဘက်ဆီးခဏခဏသွားတာက သွေးတိုးရောဂါအစပျိုးနေတာဖြစ်နိုင်တယ်နော်။ သတိထား!

ညဘက်ဆီးခဏခဏသွားတာက သွေးတိုးရောဂါအစပျိုးနေတာဖြစ်နိုင်တယ်နော်။ သတိထား!
တစ်ညတစ်ည အိပ်မရအောင်ဆီးခဏခဏထသွားနေရတဲ့သူတွေများရှိလား။ ညအိပ်ချိန်မှာပြည့်ပြည့်ဝဝ အိပ်ပျော်တာက ခန္ဓါကိုယ်ကိုပေါ့ပါးလန်းဆန်းစေနိုင်သလို ခွန်အားတွေလည်းပြည့်စေတယ်နော်။ ကျန်းမာဖို့အတွက်လည်း အရေးပါတဲ့အရာတစ်ခုပေါ့။ အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါအရေးပါတဲ့ အိပ်စက်ချိန်မှာ ခဏခဏဆီးထသွားနေရမှတော့တော်တော်လေးဂွကျတဲ့ကိစ္စနော်။ ဒါက ဒီလောက်နဲ့တင်ပြီးသွားတာမဟုတ်ပါဘူး။ ညအိပ်ချိန်မှာ ဆီးခဏခဏထသွားနေရတာကသွေးတိုးရောဂါခံစားနေရတာလည်းဖြစ်နိုင်ပါတယ်နော်။

မကြာခဏဆီးသွားနေရတယ်ဆိုတာ

မကြာခဏဆီးသွားနေရတာက အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေအတွက်ပါ စိတ်နှောင့်အယှက်ဖြစ်ရတဲ့ကိစ္စပါနော်။နေ့ခင်းမှာဖြစ်ဖြစ် ညမှာဖြစ်ဖြစ် ခဏခဏဆီးသွားနေရတာကတော်တော်လေးအဆင်မပြေတာပါနော်။ မကြာခဏ ဆီးသွားနေတာက နေရတာအဆင်မပြေဖြစ်စေတာတင် မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ရောဂါတစ်ခုခုရဲ့ ရှေ့ပြေးလက္ခဏာလည်း ဖြစ်နေနိုင်ပါသေးတယ်နော်။

ဘယ်သူတွေမှာ မကြာခဏဆီးသွားတာဖြစ်နိုင်လဲ

မကြာခဏ ဆီးသွားတာက လူတိုင်းမှာဖြစ်တဲ့ ပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။ သက်လတ်ပိုင်းအရွယ် အမျိုးသားတွေ နဲ့ အမျိုးသမီးတွေ၊ ဖိုးဖိုးဖွားဖွားတွေ နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ဆီးခဏခဏသွားတာ ဖြစ်နိုင်ပါတယ်။

ဒါတွေကြောင့် ဆီးခဏခဏသွားရတာပါ

သင့်ကို ခဏခဏဆီးသွားစေရတဲ့ အကြောင်းအရင်းက တစ်ခုနှစ်ခုမကပါဘူး။ အသက်အရွယ်အပိုင်းအခြား၊ ကျား/မ ကွဲပြားမှုပေါ်လိုက်ပြီး မကြာခဏဆီးသွားနိုင်ခြေက ကွာခြားမှုရှိနိုင်ပါတယ်။ သင့်ကို မကြာခဏဆီးသွားနေရစေတဲ့ အကြောင်းအရင်းတွေထဲမှာ ဒီအချက်တွေကလည်း တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။

ညအိပ်ချိန် ဆီးခဏခဏထသွားနေရတာက သွေးတိုးရဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်နော်

ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအသစ်တစ်ရပ်အရ ညအိပ်ချိန်မှာ ဆီးခဏခဏထသွားနေရတာက ဆားအများကြီးစားမိတာကြောင့် ဖြစ်နိုင်သလို သွေးတိုးရောဂါခံစားနေရတာလည်း ဖြစ်နိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။ ညဘက်မှာ ဆီးခဏခဏထသွားရတာကို ဖြစ်စေတဲ့ ဖြစ်နေကျအနေအထားတစ်ရပ်က အရည်သောက်များတာ (ရေကနေစလို့ အချိုရည်၊သစ်သီးဖျော်ရည်၊ကော်ဖီ၊လက်ဖက်ရည်နဲ့ အယ်လ်ကိုဟောတွေ)၊ အိပ်မရတဲ့အခြေအနေ တစ်ရပ်ရပ်ဖြစ်နေတာ၊ ဆီးအိမ်ကျုံ့ဆန့်မှု များနေတာကြောင့်ဖြစ်နိုင်ပါတယ်။

သာမန်လူတစ်ယောက်က ညအိပ်ချိန် ၈ နာရီအတွင်း ဆီးတစ်ခါမှ ထမသွားဘဲ အိပ်စက်လေ့ရှိကြပါတယ်။ ဒါပေမယ့် တစ်ခါတလေတော့ ၈ နာရီအိပ်စက်ချိန်မှာ တစ်ကြိမ်လောက် ဆီးထသွားတတ်ပါတယ်။ ဒါက ပုံမှန်အနေအထားပါ။ တကယ်လို့ ညဘက်အိပ်ချိန်မှာ ဆီးထသွားရတဲ့အကြိမ်ရေက ၂ ကြိမ်ကနေ ၆ကြိမ်လောက်အထိဖြစ်လာမယ်ဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်ဖြစ်သွားပါပြီ။

ဒီလိုဖြစ်တဲ့အချိန်မှာ စဉ်းစားရမှာက ဆီးအိမ်မှာပြဿနာတစ်ခုခုရှိနေလားဆိုတာနဲ့ ဆီးကျိတ်ပြဿနာတစ်ခုခုရှိနေလားဆိုတာပါ။ အပေါ်မှာပြောခဲ့တဲ့ အချက်တွေထဲက တစ်ခုခုကြောင့်လည်းဖြစ်နိုင်တာပေါ့။ တကယ်လို့ ဒီအခြေအနေတစ်ခုခုကြောင့်လား သွေးတိုးတာကြောင့်လား ဆိုတာကို သိချင်ရင်လုပ်လို့ရမယ့် လွယ်ကူတဲ့နည်းလမ်းတစ်ခုရှိပါတယ်နော်။ ဒါကတော့နေ့စဉ်စားသုံးနေတဲ့ ဆားပမာဏကိုလျှော့ကြည့်လိုက်ပါ။ ဒီလိုလျှော့ကြည့်လိုက်လို့ ညဘက်ဆီးသိပ်ထ မသွားရတော့ဘူးဆိုရင်တော့ ပြဿနာအရင်းအမြစ်က သွေးတိုးနေတာဖြစ်နိုင်ပါတယ်နော်။

မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ဆီးခဏခဏထသွားတာက အငန်စားသုံးမှုများတာကြောင့် နဲ့သွေးတိုးနေတာကြောင့် ဖြစ်နိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ အာရှနိုင်ငံသားတွေက အနောက်ဥရောပနိုင်ငံကလူတွေထက် အငန်စားသုံးမှုပိုများကြပါတယ်။ ဒါကြောင့် သွေးတိုးရောဂါခံစားရနှုန်းကလည်း မြင့်ပါတယ်။ အချို့ဆို ကိုယ့်မှာ သွေးတိုးရှိလို့ရှိမှန်းမသိတာတောင် ဖြစ်နိုင်ပါတယ်နော်။

သွေးပေါင်ချိန်မြင့်တက်နေချိန်၊ သွေးတိုးနေချိန်မှာ ခန္ဓါကိုယ်က ခဏခဏဆီးသွားချင်လာတတ်ပါတယ်။ ဒီအချက်ကို ခိုင်မာစေဖို့ သုတေသီတွေဟာ လူ ၃၇၄၉ ဦးကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုရလဒ်အရ အငန်ကဲတဲ့ အစားအစာတွေ စားသုံးမှုများသူတွေက ညအိပ်ချိန်မှာ အခြားသူတွေထက် ဆီးခဏခဏသွားနေရတာကို တွေ့ရှိခဲ့ရပါတယ်။ ညဘက်မှာ ပုံမှန်ထက် ဆီးခဏခဏထသွားနေရသူတွေက သွေးတိုးရောဂါဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းပိုများနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

ကမ္ဘာတလွှားမှာရော မြန်မာနိုင်ငံမှာပါ လူတော်တော်များများ အသက်ဆုံးရှုံးနေရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ သွေးတိုးတာကလည်း တစ်ခုအပါအဝင်ပါ။ သွေးတိုးတာကလည်း အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်စေနိုင်တာကြောင့် Hello ဆရာဝန်ပရိသတ်ကြီးကိုပြောချင်တာက ဆားလျှော့စားပါ။ အငန်ကဲတာတွေကို တတ်နိုင်သမျှလျှော့ပါ။ ကျန်းမာစွာစားသောက်တတ်တဲ့ အလေ့အထကိုမွေးမြူပါ။ အရက်နဲ့ ဆေးလိပ်ကိုဖြတ်လို့ ကိုယ်အလေးချိန်ထိန်းညှိပြီး ပုံမှန်လေ့ကျင့်ခန်းလေးလုပ်ပေးပါလို့ အကြံပြုတိုက်တွန်းပါရစေနော်။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Urination: Frequent Urinationhttps://my.clevelandclinic.org/health/diseases/15533-urination–frequent-urination Acessed Date 11 April 2019

Frequent urination at night may be a sign of hypertensionhttps://www.medicalnewstoday.com/articles/324893.php Accessed Date 11 April 2019

What CausesNight Time Urination?https://www.healthline.com/symptom/night-time-urinationAccessed Date 11 April 2019

ယခုပုံစံ

20/06/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပြုပြင်ထားတဲ့ အစားအစာတွေကိုကြိုက်တတ်တာလား။ အသက်တိုမယ်နော် သတိထား

ဒိုက်ထိုးနိုင်တဲ့ အကြိမ်ရေကိုကြည့်ပြီး နှလုံးရောဂါခံစားရနိုင်ခြေရှိ၊ မရှိ ခန့်မှန်းပြမယ်



Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement