backup og meta

လုံးဝကို လျစ်လျူရှုထားဖို့ မသင့်တဲ့ နှလုံးရောဂါ လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လုံးဝကို လျစ်လျူရှုထားဖို့ မသင့်တဲ့ နှလုံးရောဂါ လက္ခဏာများ

    နှလုံးရောဂါ ဆိုတာ သင့်ကို အသိမပေးဘဲ ဘွားကနဲ ပေါ်လာတတ်မျိုး မဟုတ်ပါဘူး။ နှလုံးမှာ တစ်ခုခုဖြစ်နေပြီ ဆိုတဲ့အကြောင်း သင့်ကို သတင်းပို့ပို့ပေးပါတယ်။ ခက်တာက နှလုံးကပေးပို့တဲ့ လက္ခဏာတွေကို လူတွေက သတိမမူ ပေါ့ပေါ့ဆဆနေတတ်တာပါပဲ။ နှလုံးရောဂါ လက္ခဏာဆိုတာကလည်း ရုပ်ရှင်တွေထဲကလို ရင်ဘတ်ကိုဖိပြီး လဲကျသွားသလိုမျိုး မရိုးရှင်းလှတဲ့အတွက် သူပေးပို့တဲ့ လက္ခဏာတွေကို Hello ဆရာဝန် ပရိတ်သတ်ကြီးဘက်က သေချာဖမ်းယူမိဖို့တော့ လိုပါလိမ့်မယ်။ ဒါဆို ဘယ်လို လက္ခဏာတွေရှိကြောင်း နှလုံးက ပြနေရင် မပေါ့ဆသင့်ဘူးလဲ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးထဲမှာ အသက် ၅၀ ကျော်တဲ့သူတွေ၊ အဝလွန် နေတဲ့သူတွေ၊ သွေးတိုးဆီးချိုရှိတဲ့သူတွေ၊ သွေးတွင်း အဆီဓာတ်များနေတဲ့သူတွေ ပါနေရင် နှလုံးရောဂါအတွက် ပိုလို့တောင်စိုးရိမ်ရတဲ့အတွက် ခုပြောပြမယ့် နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေကို လုံးဝ သိထားသင့်တယ်နော်။

    သတိထားသင့်တဲ့ နှလုံးရောဂါ လက္ခဏာများ 

    ၁ – ရင်ဘတ်အောင့်ခြင်း

    နှလုံးရောဂါလို့ဆိုလိုက်တာနဲ့ ရင့်ဘတ်အောင့်တာပါ တွဲနေတယ်ဆိုတာ အားလုံးသိကြမှာပါ။ နှလုံးသွေးကြော တစ်ချောင်းပိတ်သွားလို့ နှလုံးအရေးပေါ် အခြေအနေတစ်ခုခုဖြစ်တာနဲ့ နှလုံးအောင့်လာမယ်၊ မောလာမယ်၊ ရင်ဘတ်ပေါ်မှာ တစ်ခုခုဖိသလိုမျိုး ခံစားရတတ်ပါတယ်။ ဒါမျိုးက စိတ်လှုပ်ရှားသွားလို့ဖြစ်ဖြစ် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်လိုက်မိတာပဲ ဖြစ်ဖြစ် ပေါ်လာတတ်တဲ့ ရင်ဘတ်အောင့်ခြင်းလည်းဖြစ်တတ်ပြီး မိနစ် အနည်းငယ်လောက် ကြာတတ်ပါတယ်။ နှလုံးရောဂါဆိုတာကလည်း အများကြီးရှိတာကြောင့် ဘယ်လို အချိန်ဆို ရင်ဘတ်ပိုအောင့်လဲ၊ ဘယ်လိုလုပ်လိုက်ရင် သက်သာသွားလဲ၊ ကိုယ့်မှာအခြား ဘာရောဂါ အခံတွေ ရှိလဲဆိုတာကို ဆရာဝန်ကို သေချာရှင်းပြဖို့တော့ လိုပါတယ်။

    လုံးဝကို လျစ်လျူရှုထားဖို့ မသင့်တဲ့ နှလုံးရောဂါ လက္ခဏာများ

    ၂ – အစာမကြေ ရင်ပြည့်သလိုဖြစ်တာကြာနေပြီး နှလုံးနားက စူးစူးအောင့်ခြင်း။

    အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ပျို့အန်တာတွေဟာ အစာအိမ်တစ်ခုတည်း ကြောင့် ဖြစ်တတ်တာတွေ မဟုတ်ပါဘူး။ ဒီလို အစာမကြေတဲ့ လက္ခဏာတွေ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ နှလုံးရောဂါကြောင့် အစာအိမ်ဆီကို သွေးတွေ လုံလုံလောက်လောက် မပေးနိုင်တာကြောင့် ဖြစ်ရတာပါ။ ကိုယ်က အစာအိမ်ရောဂါ ဖြစ်နေတဲ့သူလည်း မဟုတ်၊ အစာမကြေစေတဲ့ အစားအစာတွေစားထားတာလည်း မဟုတ်ဘဲနဲ့ အစာမကြေပျို့အန်တာ၊ ရင်ဘတ်အောင့်တာတွေဖြစ်နေပြီဆိုရင် Hello ဆရာဝန် ပရိတ်သတ်ကြီးတို့ နှလုံးရောဂါကို ချန်လှပ်ထားလို့ မရပါဘူး။

    ၃ – ရင်ဘတ်အောင့်တဲ့ နေရာက လက်မောင်းကိုက်ခြင်း၊ အောင့်ခြင်း။ 

    ဖြစ်နေကျ နာမည်ကြီး နောက်ထပ် နှလုံးရောဂါ လက္ခဏာတစ်ခုကတော့ နှလုံး အပြင် နောက်ထက် ဘယ်ဘက်လက်မှာ ကိုက်ခဲပြီး အောင့်တာဖြစ်ပါတယ်။ Radiating pain လို့ခေါ်တဲ့ နှလုံးက ဖြစ်နေတဲ့နာကျင်တဲ့ ခံစားမှုဟာ လက်ဆီကို ပျံ့သွားတာရယ် ၊ လက်ဆီကို သွေးကောင်းကောင်းမရောက်တော့တာရယ်ကြောင့် နှလုံးရောဂါ သမားတွေ လက်မောင်းကိုက်ရတာဖြစ်ပါတယ်။

    ၄ – မူးဝေပြီး ခြေလမ်းတွေ ဟန်ချက်မညီတော့ခြင်း။

    အိပ်ရေးမဝလို့၊ အားနည်းနေလို့၊ ဗိုက်ဆာနေလို့ စတဲ့ အကြောင်းအရင်းပေါင်းများစွာကြောင့် မူးဝေတာမျိုးတွေ ဖြစ်တတ်တယ်ဆိုပေမယ့် နှလုံးရောဂါကြောင့်လည်း ဒီလို မူးဝေ တာမျိုး ဖြစ်တတ်ပါတယ်။ ရုတ်တရက်ကြီးမူးဝေလာမယ်၊ ရင်ဘတ်လည်းအောင့်မယ်၊ အသက်ရှူကြပ်တာမျိုးတွေ ပါရှိနေပြီဆိုရင်တော့ နှလုံးက သွေးကောင်းကောင်း မညှစ်နိုင်တော့လို့ သွေးပေါင်ကျနေပြီလို့ အချက်ပြနေတာ ဖြစ်နိုင်ပါတယ်။

    ၅ – မေးရိုးနာခြင်း၊ လည်ချောင်းနာခြင်း။ 

    ဖျားနာတာ၊ တုပ်ကွေးမိတာ၊ ထိခိုက်မိတာတွေရှိတာကြောင့် လည်း မေးရိုးနာတာ၊ လည်ချောင်းနာတာ ဖြစ်တတ်တဲ့အတွက် ဒီလို မေးရိုးနာတာ လည်ချောင်းနာတာရှိရုံနဲ့ နှလုံးရောဂါ ဖြစ်နေပြီလို့ စွပ်စွဲလို့မရပေမယ့် Radiating pain လို့ခေါ်တဲ့ နှလုံးကနေ အခြားကို ပျံ့တတ်တဲ့ နှလုံးရောဂါထူးခြား လက္ခဏာကြောင့် ရင်ဘတ်အောင့်တာပါ တွဲရှိရင်တော့ နှလုံးရောဂါကို ချန်ခဲ့လို့တော့ မရပါဘူး။

    ၆ – မောပန်းလွယ်နေတာ။

    နှလုံးရောဂါသည် တော်တော်များများကို ကြည့်လိုက်ရင် မောပန်းနေပြီး အားနည်းနေတဲ့ ပုံပေါက်နေတတ်ပါတယ်။ အရင်တုန်းက လုပ်နိုင်ခဲ့တဲ့ လှေကားတက်တာ၊ လမ်းအကြာကြီးလျှောက်တာတွေကို ခုတလောမလုပ်နိုင်တော့ဘဲ အရင်လို အမောမခံနိုင်ဘူးဆိုရင် နှလုံးကို သွားစစ်ကြည့်ဖို့တော့ လိုနေပါပြီ ။ ။

    ၇ – ဟောက်ခြင်း

    အိပ်ရင် ဟောက်တတ်တဲ့ အကျင့်ဟာလည်း နှလုံးရောဂါ နဲ့ ဆက်စပ်နေပြန်ပါတယ်။ Sleep Apnoea လို့ခေါ်တဲ့ အိပ်နေရင်း အသက်ရှူရပ်ရပ်သွားပြီး ဟောက်တတ်တဲ့သူတွေရဲ့ နှလုံးဟာ အခြားသူတွေထက် ဖိအားတွေပိုခံရပါတယ်။ ဒီလိုနဲ့ နှလုံးက အလုပ်ပိုလုပ်ရလို့ ကြာလာရင် အသက်ရှူရပ်သွားတတ်ပါတယ်။

    ၈ – ချွေးစေးပြန်ခြင်း။ 

    ဘာမှ ပင်ပင်ပန်းပန်းလည်း လုပ်မထားဘဲနဲ့ ချွေးစေးတွေပြန်လာတယ်၊ မူးဝေလာတယ် ၊ ရင်ဘတ်တွေ အောင့်နေတယ်ဆိုရင် နှလုံးဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။

    လုံးဝကို လျစ်လျူရှုထားဖို့ မသင့်တဲ့ နှလုံးရောဂါ လက္ခဏာများ

    ၉ – မရပ်မနားချောင်းဆိုးတာ။

    ချောင်းဆိုးတဲ့ ကိစ္စဟာ အဆုတ်ကြောင့် အဖြစ်များတယ်ဆိုပေမယ့် နှလုံးကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းလို့ခေါ်တဲ့ Heart Failure လို ရောဂါမျိုးမှာဆို နှလုံးက မညှစ်နိုင်တော့တာကြောင့် အဆုတ်ထဲ ၊နှလုံးထဲ သွေးတွေ အိုင်နေတတ်ပြီး ချောင်းဆိုးတာမျိုးတွေ ဖြစ်တတ်ပါတယ်။

    ၁၀ – ခြေလက်တွေဖောရောင်တာ

    ခြေလက်တွေ ဖောရောင်တာဟာ ကျောက်ကပ်ကြောင့် အများဆုံး ဖြစ်တတ်ပေမယ့် နှလုံးစွမ်းဆောင်ရည် ကျဆင်းတဲ့ အခါမျိုးမှာ ခြေလက်ရှိ သွေးကြောတွေထဲက သွေးကို အပြည့်အဝမယူနိုင်တော့လို့ သွေးတွေပြန်အိုင်ပြီး ခြေလက်တွေ ဖောရောင်လာတတ်ပါတယ်။ ဒါ့အပြင် နှလုံးကြောင့် ကျောက်ကပ်ထိသွားတဲ့အခါမှာလည်း ရေနဲ့ ဆားဓာတ်တွေ မညီမျှတော့လို့ ဖောရောင်လာတတ်ပါသေးတယ်။

    ၁၁ – နှလုံးခုန်စည်းချက် မမှန်ခြင်း။ 

    နှလုံးနဲ့ပက်သက်တဲ့ ကိစ္စမှာဆို နှလုံးခုန် စည်းချက်မမှန်တာမျိုးတွေကို ချန်ခဲ့လို့ မရပါဘူး။ ဒါကြောင့် ကိုယ့်နှလုံးခုန်သံ စည်းချက် မမှန်တဲ့အခါမျိုးမှာ နှလုံးရောဂါကို အဓိက ဦးစားပေးစဉ်းစားသင့်ပါတယ်။

    ဒါတွေကတော့ သင့်လုံးဝ လျစ်လျူရှုဖို့ မသင့်တဲ့ နှလုံးရောဂါနဲ့ ပက်သက်တဲ့ လက္ခဏာ ၁၁ ချက် ပဲ ဖြစ်ပါတယ်။ နှလုံးဆိုတာ လုံးဝကို မပေါ့ဆသင့်တဲ့ ရောဂါ တစ်ခုဖြစ်တာကြောင့် သူပေးပို့တဲ့ အချက်တွေကို သေချာဖမ်းမိဖို့တော့ လိုလိမ့်မယ်နော် Hello ဆရာဝန် ပရိတ်သတ်ကြီးရေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement