backup og meta

လမ်းမှာ ရင်ဘတ်အောင့်တဲ့ သူတစ်ယောက်တွေ့ပြီဆို ဘယ်လို အရေးပေါ်ကူညီပေးမလဲ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လမ်းမှာ ရင်ဘတ်အောင့်တဲ့ သူတစ်ယောက်တွေ့ပြီဆို ဘယ်လို အရေးပေါ်ကူညီပေးမလဲ။ ။

    လူတိုင်းသိကြမှာပါ။ ရင်ဘတ်အောင့်တယ်ဆိုတာ ပေါ့ဆလို့မရတဲ့ ဝေဒနာတစ်ခုဆိုတာ။ တစ်ချို့ရင်ဘတ်အောင့်တာတွေက သာမန်ရိုးရိုးသာဖြစ်ပေမယ့် တစ်ချို့ကျတော့ အသက်သေဆုံးတဲ့ အထိပြင်းထန်တတ်တာမျိုးပါ။ ဆုံးဖြတ်ချက်လေးမှားသွားတာနဲ့ အပိုအလုပ်ရှုပ်တာတွေ ဖြစ်သွားတတ်သလို အခြားတစ်ဘက်က ပြန်ကြည့်ရင်လည်း မဖြစ်သင့်ဘဲ အသက်သေဆုံးတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဆွေမျိုးတွေထဲကပဲဖြစ်ဖြစ်၊ ရင်ဘတ်အောင့်နေတဲ့ သူစိမ်းတစ်ယောက်ကို အပြင်မှာတွေ့ရင်ဘဲဖြစ်ဖြစ် လုပ်သင့်တဲ့ အရေးပေါ်ပြုစုနည်းတွေ အကြောင်း ဝေမျှချင်ပါတယ်။ နည်းလမ်းမှန်မှန်သိထားတော့ ဆုံးဖြတ်ချက်တွေလည်း မှန်ပြီး အပိုအလုပ်ရှုပ်တာတွေ၊ အသက်သေဆုံးတာတွေမဖြစ်တော့ဘူးပေါ့။ ။

    ရင်ဘတ်အောင့်တာ အရေးပေါ်ကုသမှုခံယူဖို့ လိုမလို ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်မလဲ။ ။

    ရင်ဘတ်အောင့်တတ်ကြတဲ့ သူတွေထဲမှာမှ ဘယ်လိုလူတွေနဲ့ ဘယ်လိုရင်ဘတ်အောင့်တာမျိုးက အရေးပေါ်ကုသမှု ခံယူဖို့ ပိုပြီးလိုအပ်လဲဆိုတာ အရင်ဆုံး ပြောပြပေးချင်ပါတယ်။

    ရင်ဘတ်အောင့်ရင် အရေးပေါ်ကုသမှု မြန်မြန်ခံယူသင့်တဲ့သူတွေကတော့

    • အသက် ၄၀ နဲ့ အထက်လူကြီးတွေ
    • ဆေးလိပ် အရက် သောက်တဲ့သူ၊ အဝလွန်ေနတဲ့သူ၊ ဆီးချိုရှိတဲ့သူတွေ
    • နှလုံးရောဂါမျိုးရိုးရှိတဲ့သူတွေ က တစ်ခြားသူတွေထက်စာရင် ရင်ဘတ်အောင့်ပြီဆိုတာနဲ့ အရေးပေါ်ကုသမှု မြန်မြန်ခံယူသင့်ပါတယ်။

    ဒီလိုမျိုးရင်ဘတ်အောင့်နေပြီဆို အချိန်မဆွဲဘဲ အရေးပေါ်ကုသမှု မြန်မြန်ခံသူသင့်ပါတယ်။

    • ရင်ဘတ်အောင့်တာအပြင် ရင်ဘတ်ကိုတစ်ခုခုဖိထားသလိုမျိုးလေးနေတာ၊ အညှစ်ခံထားရသလိုမျိုးကြပ်နေတာ၊
    • မူးဝေပြီး ပျို့အန်ချင်တာ၊ အသက်ရှူမဝတာ၊ ချွေးစေးတွေပြန်လာတာ၊
    • ရင်ဘတ်ကနာတဲ့အနာက လက်မောင်း၊ ပခုံးနဲ့ မေးရိုးကိုပါ ပျံ့သွားတာ
    • မခံမရပ်နိုင်အောင် ရင်ဘတ်အောင့်တာ
    • ရင်ဘတ်အောင့်တာ ၁၅ မိနစ်ကြာတာတောင် မပျောက်သေးဘဲ အကြာကြီးဆက်အောင့်နေတာမျိုးဆို စိုးရိမ်ရပါတယ်။ အရေးပေါ်ကုသမှုခံယူဖို့ ဆေးရုံကို မြန်မြန်သွားသင့်ပါတယ်။

    ခု ပြောထားတဲ့အချက်တွေကို ဖတ်ပြီးရင် ဆရာဝန်တွေလောက်တော့ မသိပေမယ့် သာမန်လူတစ်ယောက်အနေနဲ့တော့ ဘယ်လိုရင်ဘတ်အောင့်တာမျိုးက စိုးရိမ်ရလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်။

    လမ်းမှာ ရင်ဘတ်အောင့်နေတဲ့ သူတစ်ယောက်တွေပြီဆို ဘယ်လိုကူညီရမလဲ။ ။

    ဘယ်လိုရင်ဘတ်အောင့်တာတွေက စိုးရိမ်ဖို့လိုလဲဆိုတာ သိပြီးရင်တော့ နောက်တစ်ဆင့်အနေနဲ့ ရင်ဘတ်အောင့်ပြီးလဲကျနေတဲ့သူကို ဘယ်လိုကူညီရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ရင်ဘတ်အောင့်နေတဲ့သူတစ်ယောက် လမ်းမှာလဲကျနေရင် ဆရာဝန်မှ ကူညီလို့ရတာမဟုတ်ပါဘူး။ သာမန်လူတွေလည်း ခုပြောပြပေးတဲ့ အကြောင်းလေးကို ဖတ်ထားရင် ကူညီပေးလို့ရပါတယ်။ ဘယ်လိုကူညီပေးလို့ရလဲဆိုတာ ဆက်ကြည့်ရအောင်။ ။

    ရင်ဘတ်အောင့်ပြီးလဲကျသွားတဲ့သူတစ်ယောက်ကို လမ်းမှာတွေ့ပြီဆို သင်ဘာလုပ်မလဲ။ ။

    လူနာသတိရှိမရှိ အရင်ဆုံး စစ်ဆေးပါ။

    • လူနာ သတိရှိသေးတယ်ဆိုရင် လဲကျနေတာကနေထူလိုက်ပါ။ သက်တောင့်သက်သာရှိအောင် ထိုင်ခိုင်းပြီး တစ်ခုခုနဲ့ မှီခိုင်းထားပါ။ လမ်းမှာဆိုရင် အနားမှာရှိတဲ့ သစ်ပင်ကို ကျောမှီထားပြီး ခြေဆန့် ထားခိုင်းလိုက်ပါ။ အိမ်မှာ ဆိုရင်တော့ ကုတင်ပေါ်တင်ထားပြီး ကျောနောက်မှာခေါင်းအုံးလေးခံထားပေးပါ။
    • အင်္ကျီကြပ်နေရင် ချောင်သွားအောင် ပြင်ပေးပြီး အသက်ရှူလို့ကောင်းအောင် ကူညီပေးပါ။
    • လူနာ အနားရသွားပြီဆို သူသောက်နေကျဆေးတွေ သောက်နိုင်ဖို့ကူညီပေးပါ။
    • ဆေးပါမလာရင် ဆေးနာမည်မေးပြီး အနားမှာရှိတဲ့ ဆေးဆိုင်တွေကနေ ဝယ်ပေးပါ။
    • အစားအသောက်တွေတော့ သွားမကျွေးလိုက်ပါနဲ့။ ရေသောက်ချင်ရင်တောင် ရေကိုနည်းနည်းပဲတိုက်ပါ။
    • လူနာကို စိတ်အေးအေးထားခိုင်းပြီး ငြိမ်ငြိမ်နေခိုင်းပါ။ စိတ်ဖိစီးမှုများရင် ရင်ဘတ်အောင့်တာ ပိုဆိုးလာနိုင်လို့ပါ။
    • ပြီးရင် နီးဆပ်ရာဆေးခန်းကို လိုက်ပို့ပေးလိုက်ပါ။
    • လူနာက သတိလစ်နေပြီဆိုရင် 911 ကို ဖုန်းဆက်ပြီး လူနာတင်ယာဉ် ခေါ်ပါ။
    • လူနာ အင်္ကျီချောင်အောင် လုပ်ပေးပြီး ကိုယ်ကိုဘေးဘက် စောင်းထားပေးပါ။
    • လူနာတင်ကား ခေါ်ထားတဲ့ အချိန်အတွင်းမှာ အရေးပေါ် အသက်ကယ်နည်း (CPR) လုပ်ပြီး လူနာအသက်ကို ကယ်ထားပေးပါ။
    • ရောက်လာတဲ့ လူနာတင်ယာဉ်ကားပေါ်မှာ ကျန်းမာရေးဝန်ထမ်းကို သင်ဘာတွေလုပ်ထားပေးလဲဆိုတာပြောပြပေးပါ။

    ဒါတွေကတော့ လမ်းမှာရင်ဘတ်အောင့်လဲကျနေတဲ့ လူတစ်ယောက်တွေ့ရင် ဘယ်လိုကူညီပေးလို့ ရလဲဆိုတာ ပြောပြပေးထားတွေဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အသက်က ကိုယ့်ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေတာကြောင့် ဆုံးဖြတ်ချက်မမှားဖို့ အရေးကြီးပါတယ်။ ရင်ဘတ်အောင့် လဲကျသွားတဲ့သူတိုင်းကို ဆရာဝန်ဖြစ်မှသာ ကူညီပေးလို့ ရတာမဟုတ်ပါဘူး။ သာမန်လူတစ်ယောက်ကလည်းကူညီပေးလို့ရတယ်ဆိုတာ ပြောပြရင်း လူတစ်ယောက်ရဲ့ အသက်ကို တွေဝေမနေပဲ ကယ်တင်လိုက်ကြပါစို့။ ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement