backup og meta

အဆိုးမြင်စိတ်အစွဲက ဘယ်လိုသက်ရောက်မှုရှိလဲ

အဆိုးမြင်စိတ်အစွဲက ဘယ်လိုသက်ရောက်မှုရှိလဲ

လူ့သဘောသဘာဝအရ အပြုသဘောဆောင်ခဲ့တဲ့ အတွေ့အကြုံတွေ၊ သာမန်အတွေ့အကြုံတွေထက် အနုတ်လက္ခဏာဆောင်တဲ့ အတွေ့အကြုံတွေကို ပိုပြီးအလေးအနက် ထားတတ်ကြပါတယ်။ ဒါကို အဆိုးမြင်စိတ်အစွဲ (Negativity bias) လို့ ခေါ်ပါတယ်။ တခါတရံမှာ ဆိုးရွားတဲ့ အတွေ့အကြုံများဟာ သိပ်မဆိုးရွားရင်တောင် စိတ်ထဲစွဲနေပြီး အနုတ်လက္ခဏာဆောင်တဲ့ အတွေးအကြံတွေ ဖြစ်ပေါ်တတ်ပါတယ်။

အဆိုးမြင်စိတ်အစွဲဆိုတာကို ဥပမာပေးရရင် သင်ဟာ ညနေခင်းတခုမှာ အကောင်းစားဟိုတယ်တခုမှာ တည်းခိုဖို့ ဝင်ရောက်သွားပြီ ဆိုပါစို့။ သင် ဟိုတယ်ရေချိုးခန်းကို သုံးချိန်မှာ ရေချိုးကြွေခွက်ထဲမှာ ပင့်ကူခပ်ကြီးကြီးတကောင်ကိုလည်း တွေ့လိုက်ရမယ် ဆိုပါစို့။ နောင်တချိန်မှာ သင့်အနေနဲ့ ဟိုတယ်အကြောင်းကို ပြန်စဉ်းစားတဲ့အခါ ဇိမ်ခံပစ္စည်း အကောင်းစားတွေ၊ အသုံးအဆောင်တွေထက် သင်တွေ့ခဲ့ရတဲ့ ပင့်ကူကိုပဲ ပိုပြီး သတိရနေပါလိမ့်မယ်။

၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနစာစောင်တခုအရလည်း ပင့်ကူကို ပိုပြီးသတိရနေတတ်ကြောင်း သိရပါတယ်။

ဘာကြောင့် အဆိုးမြင်စိတ်အစွဲရှိကြသလဲ

စိတ်ကုထုံးပညာရှင် ရစ်ဟန်ဆန်ရဲ့ အဆိုအရ လူသားများဟာ ခြိမ်းခြောက်မှုများစွာကို ကြုံတွေ့ပြီး ဆင့်ကဲပြောင်းလဲလာခြင်းနောက်မှာ အဆိုးမြင်စိတ်အစွဲများဟာ ဦးနှောက်ထဲမှာ စွဲမြဲလာကြတယ်လို့ သိရပါတယ်။ ယနေ့လူသားများရဲ့ ဘိုးဘေးများဟာ ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခဲ့ကြပါတယ်။ နေ့စဉ် အစားအသောက်အတွက် ရုန်းကန်ခဲ့ရပါတယ်။ သဘောတရားအရ အစားအစာရရှိချိန်မှာ ဖြစ်ပေါ်တဲ့ အပြုသဘောဆောင် စိတ်အစွဲထက် သားရဲတိရစ္ဆာန်တွေနဲ့ သဘာဝဘေးကပ်ဆိုးတွေလို အတွေ့အကြုံတွေကို ပိုစိတ်စွဲပြီး အဆိုးမြင်စိတ်အစွဲက ပိုပြီး တည်မြဲနေတတ်ပါတယ်။ အဲဒီ ခါးသီးတဲ့အတွေ့အကြုံများကို ရုန်းကန်လာရခြင်းများဟာ မျိုးရိုးဗီဇနဲ့ လက်ဆင့်ကမ်းခဲ့ကြပါတယ်။

အဆိုးမြင်စိတ်အစွဲကို ဘယ်လိုသိနိုင်လဲ

အဆိုးမြင်စိတ်ဟာ ဘယ်နေရာမှာ သိသာသလဲဆိုရင် လူအများစုမှာတွေ့တတ်တဲ့ မစွန့်စားလိုတဲ့ စိတ်သဘောမှာ တွေ့နိုင်ပါတယ်။ ဆုံးရှုံးမှုအနည်းငယ်လောက်ကိုတောင် ရင်ဆိုင်ရမှာ စိုးရွံ့တတ်ကြပါတယ်။ ပိုက်ဆံ ၅၀၀ ရမယ့် အခြေအနေမှာ ဖြစ်ပေါ်တဲ့ အကောင်းမြင်စိတ်ခံစားချက်ထက် ပိုက်ဆံ ၅၀၀ ဆုံးရှုံးချိန်မှာ ဖြစ်ပေါ်တဲ့ အဆိုးမြင်ခံစားချက်တွေကို ပိုမို တောင့်တင်းခိုင်မာတတ်ပါတယ်။ တကယ်တော့ လူသားတို့ဟာ ငွေ ၅၀၀ မဆုံးရှုံးရေးကို ငွေ ၅၀၀ ရရှိရေးထက် ပိုမိုအာရုံစိုက် အားထုတ်ကြပါတယ်။ ယနေ့လူသားများဟာ ရှေးဦးလူသားတွေလို ရှင်သန်ဖို့ ရုန်းကန်စရာမလိုပေမယ့် သူ့နည်းသူ့ဟန်နဲ့ ဖိအားတွေ ရှိနေပြီး နေ့စဉ် လှုပ်ရှားသွားလာ ကြံစည်တွေးခေါ်ရာမှာ အကျိုးသက်ရောက်နေတတ်ပါတယ်။

အခြားသုတေသနစာစောင်တခုမှာလည်း လူအများဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချရာမှာ အကောင်းမြင်စိတ် ပကတိစိတ်ထက်စာရင် အနုတ်လက္ခဏာဆောင်တဲ့ အတွေ့အကြုံတွေကို ပိုမိုအလေးထားကြတယ်လို့ ဆိုပါတယ်။ အဆိုပါအချက်ဟာ ဘာကိုရွေးချယ်မယ်ဆိုတာ၊ အန္တရာယ် ဖြစ်နိုင်ခြေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာအပေါ် သက်ရောက်မှုရှိပါတယ်။

လူအများစုဟာ မိမိကိုယ်ကို အဆိုးမြင်စိတ်အစွဲတွေနဲ့ တဘဝလုံး ချည်နှောင်ထားကြတယ်။ ငယ်ရွယ်စဉ်တချိန်က ထိခိုက်ဒဏ်ရာရဖူးထားတဲ့အခါ အလားတူလှုပ်ရှား ဆော့ကစားချိန်မှာ ထပ်မံပြီး ထိခိုက်မှာ စိုးနေသလိုပါပဲ။ မိမိလုပ်ငန်းခွင်တနေရာရာမှာ အဆင်မပြေ အဖုအထစ်ဖြစ်ထားဖူးရင် အဲ့ဒီနေရာကို ရှောင်ကြဉ်ကျော်လွှားလိုစိတ်၊ ရင်မဆိုင်လိုစိတ် ရှိနေသလိုပါပဲ။ အဆိုးမြင်စိတ်အစွဲဟာ အနည်းငယ်မျှလောက်နဲ့ပဲ အကောင်းဖက်ကနေတွေးတော လုပ်ဆောင်နေတာတွေ အားလုံးကို ရပ်တန့်သွားစေနိုင်ပါတယ်။

အဆိုးမြင်စိတ်အစွဲကို ဘယ်လိုကျော်လွှားမလဲ

အဆိုးမြင်စိတ်ဟာ လူသားတွေအပေါ် ပကတိအခြေအနေမှာ လွှမ်းမိုးထားနိုင်တဲ့ စိတ်အခြေအနေဖြစ်ပေမယ့် ဒီအခြေအနေကို ရင်ဆိုင်ကျော်လွှားနိုင်ပါတယ်။ သတိစိတ်ကို ကောင်းစွာထားပြီး အပြုသဘောဆောင်တဲ့စိတ်ကို မွေးမြူပေးရပါမယ်။ နေ့စဉ်ဘဝမှာ ဘယ်အရာကအရေးကြီးသလဲ ဘယ်အရာက အသေးအဖွဲလည်းဆိုတာ ခွဲခြားသတ်မှတ်နိုင်ရပါမယ်။ အဆိုးမြင်တတ်တဲ့ စိတ်အခံတွေကို သတိစိတ်ကပ်ပြီး တတ်နိုင်သမျှ ပယ်ဖျောက်ရပါမယ်။ အကောင်းမြင်စိတ် အပြုသဘောဆောင်တဲ့ အတွေးအကြံခံစားချက်တွေကို ခိုင်မာအောင် မွေးမြူရပါမယ်။

ခြုံပြောရရင် အဆိုးမြင်စိတ်အစွဲကို ဖယ်ထုတ်နိုင်ဖို့ လောကကြီးကို အကောင်းမြင်စိတ်နဲ့ ကြည့်ရှုပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/negativity-bias Accessed Date 14 April 2020

ယခုပုံစံ

19/09/2022

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်နေသလဲ

အကောင်းမြင်စိတ်စွမ်းအား



Dr. Thant Zin မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement