backup og meta

စိုးရိမ်ပူပန်စိတ် ကြောင့် အိပ်ရေးပျက်ညတွေ များနေရင် ဒီနည်းလေးတွေ သုံးကြည့်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိုးရိမ်ပူပန်စိတ် ကြောင့် အိပ်ရေးပျက်ညတွေ များနေရင် ဒီနည်းလေးတွေ သုံးကြည့်ပါ

    ခုရက်ပိုင်းတွေမှာ လူအတော်များများ အိပ်ရေးတွေပျက်ကြ၊ စိုးရိမ်ပူပန်စိတ် တွေဖြစ်ကြနဲ့ နေရထိုင်ရအဆင်မပြေကြဘူးလို့ မကြာခနငြီးတွားတာမျိုး ကြုံရပါတယ်။ အကြောင်းကြောင်းသော စိုးရိမ်ပူပန်စိတ်ကြောင့် အိပ်ရေးပျက်ညတွေ များလာနေတဲ့ သဘောမျိုးပေါ့။

    လူတိုင်း စိုးရိမ်ပူပန်တတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခံနိုင်ရည်အားတူညီမှုမရှိပါဘူး။ ဒီလိုပဲ တစ်ယောက်နဲ့ တစ်ယောက်လည်း အဆိုးဆုံး အဆုံးအစွန် ပူပန်မှုလို့ သတ်မှတ်နိုင်မယ့် အခြေအနေခြေင်းလဲ မတူညီနိုင်ပါဘူး။

    စိုးရိမ်ပူပန်တာ၊ သံသယလွန်ကဲတာ၊ သောကများတာတွေဟာ လူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာကို လက်ခံထားဖို့ လိုအပ်ပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် ဒီလိုစိတ်ခံစားချက်မျိုးကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ကိုင်တွယ်ထိမ်းချုပ်နိုင်စွမ်းမရှိတဲ့ အခြေအနေတစ်မျိုးမျိုးကြောင့် ဖြစ်လာတဲ့ စိုးရိမ်ပူပန်စိတ်မျိုးကတော့ ထိမ်းချုပ်ဖို့ ခက်ခဲလေ့ရှိပါတယ်။

    ဒါမျိုးက သာမန် စိုးရိမ်ပူပန်မှုမျိုး မဟုတ်တော့ပါဘူး။ ပြောရရင် သာမန်နေ့စဉ်ဘဝမှာ ဖြစ်ပျက်နေတဲ့ ပူပင်သောကမျိုးမဟုတ်ပဲ သဘာဝဘေးလို၊ တိုင်းရေးပြည်ရေး အကျပ်အတည်းလို၊ အကြမ်းဖက်ဖြစ်စဉ်တွေလို၊ ကျန်းမာရေးပြဿနာတွေလို အဖြစ်အပျက်တွေကြောင့်ဖြစ်လာတာမျိုးတွေပါ။

    ဒီလိုကြီးမားတဲ့ ပြဿနာရပ်တွေကြောင့်ဖြစ်လာတဲ့ စိုးရိမ်ပူပန်မှုမျိုးကတော့ အဆိုးဆုံးလို့ဆိုနိုင်ပါတယ်။ ဒီလိုပူပန်မှုမျိုးကြောင့် အိပ်ရေးပျက်တာတွေ၊ အစားအသောက်ပျက်တာတွေအထိ ဖြစ်လာနိုင်သလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုတွေပါ ဖြစ်လာစေနိုင်ပါတယ်။ ဥပမာ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ အစာအိမ်ပြဿနာတွေဖြစ်တာနဲ့ အိပ်မပျော်တာတွေလိုမျိုးပေါ့။

    ပြောရရင် ဒီလက္ခဏာတွေအားလုံးဟာ Generalized Anxiety Disorder (GAD) ရဲ့ လက္ခဏာတွေပါပဲ။ ရုတ်တရက်ကြုံလာရတဲ့ အခြေအနေဆိုးတွေကြောင့် စိတ်ပင်ပန်းပြီး စိုးရိမ်ပူပန်စိတ်တွေ ကြီးစိုးလာကာ ခုလိုမျိုးဝေဒနာတွေ ခံစားလာရတာပါ။ ဒီအခြေအနေကို ထိမ်းညှိပြီး ကုစားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် သင့်အနေနဲ့ ရုပ်ပိုင်းမှာရော စိတ်ပိုင်းမှာပါ ထိခိုက်မှုတွေရှိလာနိုင်တာမို့ပါ။

    စိုးရိမ်ပူပန်စိတ် တွေကို ဘယ်လိုထိမ်းချုပ်မလဲ

    စိုးရိမ်ပူပန်စိတ်ဟာ ထိမ်းချုပ်ရခက်ခဲတယ်လို့ အထက်မှာ ပြောခဲ့ပြီးပါပြီ။ အပြုသဘောမဆောင်တဲ့ ယုံကြည်မှုတွေ၊ ပူပင်သောကတွေနဲ့ မယုံကြည်မှုတွေ ရောထွေးယှက်တင်ကာ သင့်ရဲ့စိတ်ကို မတည်မငြိမ်ဖြစ်စေပါတယ်။ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်းနဲ့ ရှင်းလင်းစွာတွေးတောနိုင်စွမ်း ကျဆင်းလာပြီး သံသယစိတ်တွေနဲ့အတူ လူကို ပူလောင်ထိတ်လန့်နေစေတာမျိုး ဖြစ်စေပါလိမ့်မယ်။

    ဒီလို မတည်ငြိမ်တဲ့ စိတ်အခြေအနေကြောင့် ပိုမိုစိတ်ပင်ပန်းရပြီး စိတ်ပင်ပန်းပြီး အရာရာကို စိုးရိမ်ထိတ်လန့်လာလေလေ ထိမ်းချုပ်ရပိုခက်ခဲလာလေလေပါပဲ။ စိုးရိမ်ပူပန်မှုကြောင့် အများဆုံးဖြစ်တတ်တဲ့ အရာက အိပ်မပျော်တဲ့ ဝေဒနာပါ။

    အိပ်မပျော်ခြင်းနဲ့ စိုးရိမ်ပူပန်စိတ်က ဆက်စပ်နေတတ်ပြီး အိပ်မပျော်တာ စဖြစ်ပြီးမှ နောက်ဆက်တွဲ စိုးရိမ်ပူပန်တာမျိုးလည်း ဖြစ်နိုင်သလို စိုးရိမ်ပူပန် လွန်ကဲခြင်းကြောင့် ညအိပ်မပျော်တဲ့ အခြေအနေလည်း ရှိပါတယ်။

    ဒီအခြေအနေကို လျော့ချဖို့ဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး ကြိုးစားကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။

    ၁။ အတွေးလွန်နေတာကို ရပ်လိုက်ပါ – လူတိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေ ကြုံတွေ့ရတယ်ဆိုပေမယ့် ဒီစိတ်ဖိစီးမှုတွေရဲ့ အဓိက အကြောင်းတရားဟာ အတွေးလွန်နေတာကြောင့်ပါ။ ဘာမှန်းမသိသေးတဲ့ စိုးရိမ်စိတ်တွေကြောင့် အတွေးလွန်နေတာကို လျှော့ချလိုက်မယ်ဆိုရင် ပူပန်စိတ်တွေ အတော်လေး လျှော့ကျသွားမှာပါ။

    ၂။ အိပ်ယာဝင်ခါနီး ဖုန်းမသုံးပါနဲ့ – ညအိပ်ချိန်အထိ ဖုန်းကို မျက်နှာနဲ့မခွာနိုင်ဖြစ်နေတာက စိတ်ပင်ပန်းမှုကို ပိုဖြစ်စေပါတယ်။ ဖုန်းမျက်နှာပြင်ကထွက်တဲ့ Blue Light ကြောင့်သာမက ဖုန်းက သတင်းဆိုးတွေကြောင်လည်း ခုလိုဖြစ်စေနိုင်တာမို့ အိပ်ယာမဝင်ခင် ဖုန်းမသုံးတာက နည်းလမ်းကောင်းတစ်ခုပါ။

    ၃။ စိတ်ငြိမ်းချမ်းအောင်လုပ်ပါ – ကိုယ့်ရဲ့စိတ်ကို ငြိမ်းအေးသွားစေဖို့ တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာ၊ စာဖတ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ ဒါမှမဟုတ်လည်း အိပ်ယာဝင်ခါနီးမှာ စိတ်ကို ကြည်လင်စေတဲ့ တေးဂီတသံစဉ်တွေကို မတိုးမကျယ်လေး ဖွင့်ပေးထားပါ။ ကိုယ့်အိပ်ခန်း ပတ်ဝန်းကျင်ကို ဆူညံသံကင်းစေဖို့ ဖန်တီးထားပါ။

    ၄။ ပြဿနာတွေကို ဆန်းစစ်ပါ – ကိုယ်စိုးရိမ်နေတဲ့ ပြဿနာဟာ ကိုယ်ကိုင်တွယ်နိုင်တဲ့ ပြဿနာလား၊ ကိုယ်မကိုင်တွယ်နိုင်တဲ့ ပြဿနာလားဆိုတာကို ဆန်းစစ်ပါ။ ကိုယ်ဖြေရှင်းနိုင်ရင် ဖြေရှင်းလိုက်ပါ။ မဖြေရှင်းနိုင်တဲ့ ပြဿနာမျိုးဆိုရင် စိတ်ဖိစီးခံပြီး ပူလောင်မနေပါနဲ့။ လိုက်လျောညီထွေ လက်ခံနိုင်ဖို့ ပြင်ဆင်ပါ။

    ၅။ အိပ်ယာဝင်ချိန် နောက်မကျပါစေနဲ့ – ဘယ်လိုအခြေအနေမှာမဆို ည ၁၁ နာရီထက် နောက်ကျပြီး အိပ်ယာမဝင်ပါနဲ့။ တစ်ရက်လောက် အိပ်ချိန်နည်းတာ ပြဿနာမဟုတ်ပေမဲ့ အမြဲတမ်း ရက်ဆက်လာရင် အိပ်မပျော်တဲ့ပြဿနာ စွဲကပ်လာနိုင်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ၆။ စိတ်ဖိစီးမှုတွေကို အိပ်ရာထဲ လုံးဝမသယ်လာပါနဲ့ – အလုပ်ကိစ္စတွေ၊ စဉ်းစားစရာတွေ၊ အပူအပင်တွေကို ခေါင်းထဲက ထုတ်ပါ။ အိပ်ရာ၊ ခေါင်းအုံးနဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ် တသားတည်းကျပြီဆိုရင် တင်းထားသမျှ စိတ်တွေ အကုန်ဖြေလျှော့ပြီး ကြိုးစားအိပ်ကြည့်ပါ။

    ဒီနည်းလမ်းတွေက သင့်ရဲ့ စိုးရိမ်ပူပန်နေစိတ်ကို အများကြီး လျှော့ချပေးနိုင်ပါတယ်။ အစိုးရိမ်လွန်တတ်တာဟာ လူ့သဘာဝပါ။ ကိုယ်တစ်ဦးတည်း ကြုံဆုံခံစားနေရတာမျိုးမဟုတ်ပါဘူး။ နေ့စဉ်ဘဝမှာ ကြုံဆုံနေရတဲ့ ကိစ္စရပ်တိုင်းအတွက် လူတိုင်းဟာ စိုးရိမ်စိတ်တွေ ပူပန်စိတ်တွေနဲ့ ပင်ပန်းနွမ်းလျနေတတ်ကြပါတယ်။

    ဒါပေမယ့် ဒါတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ပြဿနာကို ဖြေရှင်းနိုင်မှ ရင်ဆိုင်ကျော်ဖြတ်နိုင်တာမဟုတ်ပါဘူး။ စိုးရိမ်ပူပန်စိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ လျှော့ချပြီး ပြဿနာကို တကယ်ကြုံလာချိန်မှာ ရဲရဲဝံ့ဝံ့ရင်ဆိုင်တာကမှ နည်းမှန်လမ်းမှန်ဖြစ်တယ်ဆိုတာကို မမေ့ကြပါနဲ့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement