backup og meta

အတွေးလွန် ပြီး ကိုယ့်ကိုယ်ကို လောင်မြိုက်မနေပါစေနဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အတွေးလွန် ပြီး ကိုယ့်ကိုယ်ကို လောင်မြိုက်မနေပါစေနဲ့

    လောင်နေတယ်…အတွေးတွေနဲ့ လောင်မြိုက်လို့ ညအိပ်မပျော်တာ၊ စိတ်တွေ ဖိစီးပြီး ရင်ထဲ ပူလောင်နေတာ၊ တည်ငြိမ်အောင် ထိန်းမရဘဲ အတွေးလွန် နေမိတာမျိုး။

    အတွေးလွန်တယ် ဆိုတာ အရင်က တစ်ခါမှ အရေးမထားခဲ့ဖူးတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ကိုယ့်ကို မကြာခဏ စိတ်ဖိစီးမှု ပေးတတ်တာကြောင့် အန္တရာယ်ရှိတဲ့အကျင့်တစ်ခုပါ။ ဒါပေမယ့်လည်း တချို့တွေအတွက် ကတော့ ဘဝရဲ့ သဘာဝ ကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

    ကျွန်မတို့ရဲ့ စိတ်ထဲမှာ အတွေးတွေက စက္ကန့်နဲ့အမျှ အမျိုးမျိုး ဖြစ်နေတာဆိုတော့ ဒီလို အတွေးလွန် နေတာကို သတိတောင်မထားမိကြတာများပါတယ်။ ဒီလို အတွေးလွန် ရာကနေ အိပ်မပျော်တာ၊ စိတ်ဖိစီးတာသွေးတိုးတာ စတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်တယ်၊ အာရုံစူးစိုက်နိုင်စွမ်းလည်း ကျလာနိုင်တယ်လေ။

    ဒါ့ကြောင့် အတွေးလွန် တတ်တဲ့ ပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်မယ့် နည်းလေးတွေ အကြံပြုလိုက်မယ်နော်။

    (၁) ကိုယ့်မှာ အတွေးလွန်တဲ့ ပြဿနာ ရှိနေတယ်လို့ လက်ခံလိုက်ပါ

    ဖြစ်လာတဲ့ အကြောင်းအရာတွေကို လက်ခံပေးလိုက်ဖို့ သင့်မှာ အခက်အခဲရှိနေရင် ၊ဒါမှမဟုတ် ပြောဆိုခဲ့တဲ့ စကားတွေ၊ ကြုံခဲ့တဲ့အကြောင်းအရာတွေကို သင့်စိတ်ထဲမှာ အပြန်ပြန်အလှန်လှန် ပြန်တွေးမိနေရင်၊ ဆုံးဖြတ်ချက် တွေချဖို့ အတော် စဉ်းစားနေရရင်၊ ဒါမှမဟုတ် စိတ်မကြည်လောက်စရာ ကိစ္စတစ်ခုခုရှိလာတဲ့အခါ အဆိုးမြင်လာတာ၊ စိတ်ဓာတ်ကျလာတာတွေ ဖြစ်လာရင် သင်ဟာ အတွေးလွန်တတ်သူ ဖြစ်နေပါပြီ။

    သိပ်မသေချာဘူးဆိုရင်တော့ သင့်အပေါ်မှာ ရိုးသားတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ခင်ရသူတွေကို မေးကြည့်ပါ။ သူတို့ဟာ သင်ကိုယ်တိုင်မသိနိုင်ရင်တောင် ဒါတွေကို သတိထားမိတတ်ကြပါတယ်။

    သင်မေးလိုက်တဲ့သူက သင့်အတွက် ယုံကြည်ရတဲ့သူ ဖြစ်ရုံမက မျှတတဲ့ဘဝအမြင်ရှိသူတော့ ဖြစ်ပါစေ။ ဒီလိုမဟုတ်ခဲ့ရင်တော့ အဲဒီလူက ပြဿနာကို ပုံကြီးချဲ့လာနိုင်ပြီး အားလုံးပိုဆိုးသွားစေနိုင်ပါတယ်။

    (၂) ပြဿနာ အရင်းအမြစ် တွေကို အမည်တပ်ကြည့်ပါ

    သင့်ကို အတွေးလွန်စေခဲ့တဲ့ လူတွေ ဒါမှမဟုတ် အခြေအနေတွေကို သိရှိအောင်လုပ်ပါ။ ဒီလိုလုပ်တာက အချိန်နည်းနည်းယူရနိုင်သလို အလေးအနက်ထား စဉ်းစားကြည့်ဖို့ လိုတယ် ဆိုပေမယ့် ပြဿနာများတဲ့ အခြေအနေ တွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားကြည့်တဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။ လိုအပ်လာရင် သင့်အနေနဲ့ အတွေးလွန်ခြင်းကို ဖြစ်လာစေတဲ့အရာတွေကို ရှောင်ရှားရ၊ ဖျောက်ပစ်ရနိုင်ပါတယ်။

    (၃) လက်ရှိ ကာလ ကို အာရုံထားပါ

    သင့်စိတ်ကို အတွေးမလွန်အောင် အာရုံလွှဲထားနိုင်ဖို့ အရမ်းအာရုံစိုက်ရတဲ့ ကစားနည်း၊ ဝါသနာ၊ လေ့ကျင့်ခန်း တစ်ခုခုကို ရှာကြည့်ပါ။ လက်ရှိကာလမှာ သင့်စိတ်ကို အာရုံပြောင်းထားနိုင်တဲ့ လှုပ်ရှားမှုတိုင်းဟာ သင့်ရဲ့ အတွေးလွန်ခြင်း သံသရာလှည်းဘီးကို ရပ်တန့်စေပြီး သင့်ကို စိတ်တည်ငြိမ်မှု ပြန်ရစေပါလိမ့်မယ်။

    အကောင်းဆုံးနည်းလမ်းကတော့ တရားထိုင်တာယောဂကျင့်တာ ဒါမှမဟုတ် ထိုက်ကျိကစားနည်း တို့ ဖြစ်ပါတယ်။

    သင့်ကို ချက်ချင်းအာရုံပြောင်းစေနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခု ကတော့ လက်ကောက်ဝတ်မှာ သရေကွင်းတစ်ကွင်းဝတ်ထားလိုက်ပါ။ တစ်စုံတစ်ခုကို စပြီး အတွေးလွန်နေပြီလို့ သိလိုက်တဲ့အခါတိုင်း ကိုယ့်ကိုယ်ကို သတိပေးပြီး လက်က သရေကွင်းကို ဗြန်းခနဲဆောင့်ဆွဲလိုက်ပါ။

    (၄) အချိန်ကန့်သတ်ချက် တစ်ခု ထားပါ

    တချို့အခြေအနေတွေမှာ ဝေဖန်ဆန်းစစ်နိုင်တဲ့ အတိုင်းအတာတစ်ခု လိုအပ်တာမှန်ပေမယ့် အချိန်အကန့်အသတ် တစ်ခုထားရှိဖို့လည်း လိုအပ်ပါတယ်။ အချိန်မှတ်ထားပြီး ခဲတံ/ဘောပင်တစ်ချောင်းနဲ့ မှတ်စုစာအုပ်/ဂျာနယ် တစ်ခုခုယူပြီး သင်သတ်မှတ်ထားတဲ့ အချိန်အကန့်အသတ်အတွင်း သင့်စိတ်ထဲပေါ်လာသမျှကို ရေးချပါ။ နည်းနည်းတော့ ကျင့်ယူရမယ်ဆိုပေမယ့် အရမ်းကိုထိရောက်တဲ့နည်းလမ်းဖြစ်ပါတယ်။

    (၅) ရှေ့တိုးလုပ်ဆောင်ပါ

    အတွေးလွန် ခြင်းက သင့်ဘဝကို ရုန်းမထွက်နိုင်တဲ့ ရပ်တန့်မှု အတွင်း ကျရောက်စေနိုင်ပါတယ်။ အတွေးနယ်ထဲ ရောက်နေရတဲ့ အခြေအနေမျိုးမှာ လွတ်မြောက်ဖို့ တစ်ခုတည်းသောလမ်းက ရှေ့ဆက်လျှောက်လှမ်းဖို့ပါပဲ။

    တစ်နည်းပြောရရင် ဘယ်လောက်ပဲ သေးငယ်တဲ့ခြေလှမ်းဖြစ်ပါစေ လှုပ်ရှားသက်ဝင်မှု ရပ်ဆိုင်းနေတဲ့ အဖြစ်ကနေ လှုပ်ရှားရုန်းထွက်နိုင်ဖို့ အရှိန်အနည်းငယ်တော့ ပြန်ရရှိစေဖို့ အထောက်အကူပေးပါလိမ့်မယ်။

    လူ့အတွေးစိတ်တွေက စွမ်းအားကြီးမားသလို ကိုယ်တိုင်ကြိုးစားရင် မှန်ကန်လာနိုင်မယ့် လမ်းကြောင်းလည်း ဖြစ်ပါတယ်။ ကိုယ့်အကြောင်းကို ကိုယ်သိလေလေ၊ စွမ်းအားရှိကြောင်း ပိုခံစားမိလေ၊ အတွေးလွန် တဲ့ အကျင့်ဆိုးကို တွန်းလှန်ဖို့ ပိုလွယ်ကူလာလေ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement