brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

တံတွေးဂလင်းပိုးဝင်ခြင်း

တံတွေးဂလင်းပိုးဝင်ခြင်း (Salivary Gland Infection) ဆိုတာကတော့ ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးတမျိုးမျိုးဟာ တံတွေးဂလင်း ဒါမှမဟုတ် တံတွေးထွက်ရာလမ်းကြောင်းအတွင်းကို ဝင်ရောက်ကူးစက်ခြင်း ဖြစ်ပါတယ်။ တံတွေးထွက်ရာလမ်းကြောင်းမှာ ရောင်ရမ်းခြင်း၊ ပိတ်ဆို့ခြင်း စတာတွေကြောင့် တံတွေးထွက်တဲ့ အခြေအနေလျော့ကျသွားရင် ရောဂါပိုးဝင်ရောက်ခြင်း ဖြစ်နိုင်ပါတယ်။

တံတွေးဂလင်းပိုးဝင်ခြင်း

လူတယောက်မှာ တံတွေးဂလင်းဟာ အဓိကအားဖြင့် သုံးစုံရှိပါတယ်။ မျက်နှာရဲ့တဖက်တချက်မှာ ရှိကြပါတယ်။ အကြီးဆုံးဂလင်းကတော့ ပရော့တစ်ဂလင်းဖြစ်ပြီး ပါးတဖက်စီမှာ နားရွက်ရဲ့ရှေ့ပိုင်းမှာ ရှိပါတယ်။ အဆိုပါ ဂလင်းများကို ပိုးဝင်ပြီး ရောင်ရမ်းရင်တော့ ပါးချိတ်ရောင်ခြင်းဖြစ်ပေါ်စေပါတယ်။

တံတွေးဟာ အစာချေဖျက်ခြင်းနဲ့ ခံတွင်းသန့်ရှင်းရေးအတွက် အရေးပါပါတယ်။ ဘက်တီးရီးယားများနဲ့ စားကြွင်းစားကျန်များကို သန့်ရှင်းရာမှာ အထောက်အကူပြုပါတယ်။ ခံတွင်းအတွင်းမှာ အကျိုးပြုဘက်တီးရီးယားများနဲ့ ဆိုးကျိုးပေးတဲ့ဘက်တီးရီးယားတွေကို ဟန်ချက်ညီအောင် ထိန်းသိမ်းပေးပါတယ်။ အကယ်၍ ပါးစပ်အတွင်းကို တံတွေးလုံလောက်စွာ ထွက်မလာတဲ့အခါ ဘက်တီးရီးယားများနဲ့ အစာအကြွင်းအကျန်များကို ကောင်းစွာဖယ်ရှားနိုင်ခြင်းမရှိတော့ဘဲ ရောဂါပိုးဝင်ရောက်ကူးစက်ခြင်း ဖြစ်နိုင်ပါတယ်။

တံတွေးဂလင်းပိုးဝင်ခြင်းဖြစ်စေသော အကြောင်းများ

တံတွေးဂလင်းပိုးဝင်ခြင်းကို များသောအားဖြင့် ဘက်တီးရီးယားများက ဖြစ်စေပါတယ်။ Staphylococcus aureus ဟာ အဖြစ်အများဆုံး ဘက်တီးရီးယားပိုးဖြစ်ပါတယ်။ တခြားဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားများကတော့

• Streptococcus viridans

• Haemophilus influenzae

• Streptococcus pyogenes

• Escherichia coli

စတာတွေ ဖြစ်ပါတယ်။ တံတွေးထွက်တာနည်းရင် အဆိုပါ ပိုးမွှားတွေ ဝင်ရောက်နိုင်ပါတယ်။ များသောအားဖြင့် တံတွေးထွက်ရာ ဂလင်းလမ်းကြောင်းမှာ ရောင်ရမ်းပိတ်ဆို့မှုကြုံရတဲ့အခါ ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးနဲ့ တခြားရောဂါအခြေအနေတွေကလည်း တံတွေးထွက်ခြင်းကို လျော့နည်းစေပါတယ်။ အဆိုပါ အခြေအနေတွေကတော့

– ကာကွယ်ဆေးမထိုးရသေးသော ကလေးငယ်များတွင် ပါးချိတ်ရောင်ခြင်း

– HIV

တုပ်ကွေး

– ရေယုန်

– တံတွေးဂလင်းတွင် ကျောက်တည်ခြင်း

– အဖုအကျိတ်ဖြစ်ခြင်း

– ခံတွင်းခြောက်သွေ့စေသော Sjogren ရောဂါလက္ခဏာစု

– ရေဓာတ်ခန်းခြောက်ခြင်း

အာဟာရချို့တဲ့ခြင်း

– ဦးခေါင်းပိုင်းနှင့် လည်ပင်းပိုင်းအတွက် ဓာတ်ရောင်ခြည်ကုသမှု ခံယူခြင်း

– ခံတွင်းသန့်ရှင်းရေးအားနည်းခြင်း စတာတွေ ဖြစ်ပါတယ်။

လက္ခဏာများ

တံတွေးဂလင်းကို ရောဂါပိုးဝင်ရောက်တဲ့အခါ ကြုံတွေ့နိုင်တဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– ပါးစပ်အတွင်း ပုံမှန်မဟုတ်သော၊ ဆိုးရွားသော အရသာတမျိုးမျိုး ရနေခြင်း

– ပါးစပ်ကို အပြည့်အ၀ မဟနိုင်ခြင်း

– ပါးစပ်ဖွင့်သည့်အခါ၊ အစာစားသည့်အခါ နာကျင်ခြင်း၊ နေရခက်ခြင်း

– ပါးစပ်အတွင်းပိုင်း ပြည်တည်ခြင်း

– အာခေါင်ခြောက်ခြင်း

– ပါးစပ်အတွင်း သို့မဟုတ် မျက်နှာတွင် နာကျင်ကိုက်ခဲခြင်း

– မေးရိုးအရင်း သို့မဟုတ် မေးရိုးအောက်ပိုင်းတွင် နီရဲရောင်ရမ်းခြင်း

– မျက်နှာနှင့်လည်ပင်း ရောင်ရမ်းခြင်း

– အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း

အကယ်၍ အဖျားကြီးနေရင်၊ အသက်ရှူရခက်ရင်၊ အစာစားရခက်ရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

ဘယ်လိုကုသရသလဲကုသမှုဟာ ရောဂါပိုးဝင်တဲ့ အခြေအနေ၊ အကြောင်းအရင်းနဲ့ ရောဂါလက္ခဏာများပေါ် မူတည်ပြီး အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သင့်တော်တဲ့နည်းလမ်းကို ဆရာဝန်က ရွေးချယ်ပါလိမ့်မယ်။ ဘက်တီးရီးယားပိုးဝင်ခြင်းဆိုရင် ပဋိဇီဝဆေးတွေ သောက်သုံးရနိုင်ပါတယ်။ ပြည်တည်နေရင် ပြည်ကို ဖောက်ထုတ်ရတတ်ပါတယ်။

အိမ်တွင်းကုထုံးများအနေနဲ့ ဆားရည်နဲ့ အာလုတ်ကျင်းခြင်း၊ ရောင်နေတဲ့နေရာအပေါ် ရေနွေးအိတ်ကပ်ခြင်း၊ တံတွေးအထွက်များအောင် အချဉ်အရသာရှိသော သကြားလုံးများစုပ်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

တံတွေးဂလင်းပိုးမဝင်အောင် ကာကွယ်နည်းဆိုပြီး တိကျစွာ မရှိပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေနည်းအောင် ခံတွင်းသန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးရပါမယ်။ တရက်ကို နှစ်ကြိမ် သွားတိုက်သင့်ပါတယ်။ ရေများများသောက်သင့်ပါတယ်။

Dr. Thant Zin
Dr. Thant Zin
Written byDr. Thant Zinအထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy
14/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။