backup og meta

ကြက်သွန်နီလှီးရင် ဘာကြောင့်မျက်ရည်ကျသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thant Zin မှ ရေးသားသည်။ · 14/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြက်သွန်နီလှီးရင် ဘာကြောင့်မျက်ရည်ကျသလဲ

    သင့်အနေနဲ့ မီးဖိုချောင်ဝင်ရင်း ကြက်သွန်လှီးချိန်မှာ မျက်ရည်ကျလာတာကို ကြုံဖူးမှာပါ။ ကြက်သွန်နီကို အခွံချွတ်ပြီး အတွင်းသားကို လှီးလိုက်တာနဲ့ မျက်စိမှာ ပူစပ်လာပြီး မျက်ရည်လည်းကျလာတတ်ပါတယ်။

    ဘာကြောင့် ဒီကြက်သွန်နီဟာ သင့်မျက်စိကို အနှောင့်အယှက်ပေးရပါသလဲ။ ကြက်သွန်နီမှာ မကောင်းတဲ့ အငွေ့အသက်တွေ ရှိနေတာကြောင့်လား။ ဒါမှမဟုတ် သင့်မျက်စိကပဲ အားနည်းနေလို့လား။

    သိပ္ပံပညာရှင်များရဲ့အဆိုအရ သတ္တဝါများနဲ့ အပင်များဟာ သူတို့ရဲ့ရှင်သန်ရပ်တည်နိုင်ရေး၊ မျိုးပွားနိုင်ရေးအတွက် သဘာဝတရားရဲ့လက်ဆောင်တွေ ရှိပါတယ်။ ကြက်သွန်နီမှာလည်း ဒီသဘောပဲလို့ ဆိုနိုင်ပါတယ်။

    မိမိကို ရန်ပြုချေမွလာမယ့် ရန်သူကို တုံ့ပြန်ဖို့ ဓာတုငွေ့တချို့ ထုတ်လွှတ်ပေးပါတယ်။ ဒီအငွေ့များဟာ သင့်ရဲ့မျက်ဝန်းများကို ရွှဲစိုသွားစေနိုင်တဲ့ အငွေ့တွေပဲ ဖြစ်ပါတယ်။

    ကြက်သွန်နီလှီးရင် ဘာကြောင့်မျက်ရည်ကျသလဲ

    ကြက်သွန်နီလှီးရင် ဘာကြောင့်မျက်ရည်ကျသလဲ ဆိုတော့ ကြက်သွန်ကို အခွံနွှာလိုက်ချိန်မှာ ဓာတုပစ္စည်းတစ်မျိုး ထွက်ပေါ်လာပါတယ်။ အဆိုပါ ဓာတ်ပစ္စည်းကို propanethial S-oxide လို့ ခေါ်ဝေါ်ပြီး မျက်ရည်ထုတ်ဂလင်းများကို လှုံ့ဆော်ပြီး မျက်ရည်ထွက်လာစေတဲ့အရာ (lachrymatory factor) ဖြစ်ပါတယ်။

    ကြက်သွန်နီလိုပဲ မျက်ရည်ကို လှုံ့ဆော်ပေးတဲ့ မော်လီကျူးသုံးမျိုးလောက်ရှိပြီး အားလုံးဟာ အပင်တွေမှာပဲ တွေ့ရှိရပါတယ်။

    ကြက်သွန်နီ မှာပါဝင်တဲ့ မျက်ရည်လှုံ့ဆော်တဲ့ ဓာတ်ပစ္စည်းကို ထွက်ပေါ်စေတဲ့ အင်ဇိုင်းရဲ့တည်ဆောက်ပုံကိုတော့ ကလိဗ်လန်းတက္ကသိုလ် ဆေးဝါးဗေဒပါမောက္ခတယောက်က ထပ်မံတွေ့ရှိထားပါတယ်။ ဒီအင်ဇိုင်းကို lachrymatory factor synthase (LF synthase) လို့ ခေါ်ဝေါ်ပါတယ်။

    ကြက်သွန်နီဥကို လှီးလိုက်ချိန်မှာ ဆဲလ်တွေကွဲထွက်သွားပြီး alinase လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးထွက်လာပါတယ်။ အဆိုပါအင်ဇိုင်းကနေ ဓာတုပစ္စည်းများကို ထွက်လာစေပါတယ်။ ထွက်လာတဲ့ ဓာတုပစ္စည်းများဟာ ကြက်သွန်နီရဲ့ ထူးခြားတဲ့ အနံ့အရသာအပြင် မျက်စိမွှန်စေတဲ့ အာနိသင်ကိုပါ ထွက်ပေါ်လာစေပါတယ်။

    ကြက်သွန်နီ လှီးချိန်ထွက်ပေါ်လာတဲ့ ဓာတုပစ္စည်းတချို့ကို LF Synthase အင်ဇိုင်းကနေ မျက်ရည်ဂလင်းကို လှုံ့ဆော်ပေးတဲ့ ဓာတ်ငွေ့များအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ အဆိုပါ ဓာတ်ငွေ့ဟာ မျက်လုံးပေါ်ရောက်တဲ့အခါ မျက်ကြည်လွှာမှာရှိတဲ့ အာရုံကြောများကတဆင့် ဦးနှောက်ဆီကို အချက်ပြမှုတွေ လွှင့်ပေးလိုက်ပါတယ်။ ဦးနှောက်ကနေ မျက်ရည်ဂလင်းတွေဆီ အချက်ပြန်ပြပြီး မျက်စိမျက်နှာပြင်ကို ထိခိုက်ခြင်းမဖြစ်ရအောင် မျက်ရည်ထွက်လာစေခြင်း ဖြစ်ပါတယ်။

    ကြက်သွန်နီဟာ မျက်စိကို ပူစပ်ခြင်းဖြစ်စေပေမယ့် အာဟာရတန်ဖိုး မြင့်မားပါတယ်။ သုတေသနတွေအရ ကင်ဆာဆဲလ်များကို ဟန့်တားနိုင်ခြင်း၊ အိပ်ပျော်စေပြီး စိတ်ကြည်လင်စေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။ ဗီတာမင် C လည်း ကြွယ်ဝပြီး ကော်လာဂျင်ဓာတ်ကိုလည်း ပေးနိုင်တာကြောင့် အသားအရေ လှပဖို့၊ ဆံပင်များ သန်စွမ်းဖို့ အကျိုးပြုပါတယ်။

    ယခုအခါမှာ သိပ္ပံပညာရှင်အချို့ကလည်း ကြက်သွန်နီကြောင့် ပူစပ်ပူလောင်မဖြစ်ရအောင် မျက်ရည်မကျရအောင် မလိုအပ်တဲ့ ဓာတုပစ္စည်းတွေကိုထုတ်ပယ်ပြီး Tear free Onions များအဖြစ် ထွက်ပေါ်လာအောင် ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ မကြာခင်မှာ မီးဖိုချောင်ကို ရောက်လာမှာမို့ အိမ်ရှင်မတွေအတွက် သတင်းကောင်းလို့ ဆိုနိုင်ပါတယ်။

    ကြက်သွန်လှီးချိန် မျက်စိမပူအောင် ဘာလုပ်မလဲ

    ကြက်သွန်လှီးချိန်မှာ မျက်စိတွေစပ်ပြီး မခံနိုင်အောင်ဖြစ်နေရရင် အောက်ပါနည်းလမ်းတွေကို ပြုလုပ်ပါ။

    • ဓားထက်ထက်နဲ့လှီးပါ။ ဓားသွားထက်ရင် ဆဲလ်နံရံတွေသိပ်မပျက်စီးလို့ အငွေ့တွေထွက်တာ နည်းပါတယ်။
    • လှီးနေတဲ့ ကြက်သွန်အခြမ်းကို အဝေးမှာထားပါ။
    • အအေးခံထားပါ။ ကြက်သွန်နီကို မလှီးခင်မှာ အအေးခံလိုက်ရင် propanethial S-oxide ထွက်တာနည်းသွားပါလိမ့်မယ်။ အေးခဲအောင်ထားခြင်းတော့ မပြုပါနဲ့။
    • အကာအကွယ်မျက်မှန် (goggle) သုံးပါ။

    ကြက်သွန်နီလှီးရင် ဘာကြောင့်မျက်ရည်ကျသလဲ ဆိုတာကို အဖြေထွက်လောက်ပြီ ထင်ပါတယ်။

    ကြက်သွန်နီလှီးချိန်မှာ မျက်ရည်ကျရတာ

    ကြက်သွန်နီလှီးချိန်ထွက်ပေါ်လာတဲ့ ဓာတုပစ္စည်းတချို့ကို LF Synthase အင်ဇိုင်းကနေ မျက်ရည်ဂလင်းကို လှုံ့ဆော်ပေးတဲ့ ဓာတ်ငွေ့များအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ အဆိုပါ ဓာတ်ငွေ့ဟာ မျက်လုံးပေါ်ရောက်တဲ့အခါ မျက်ကြည်လွှာမှာရှိတဲ့ အာရုံကြောများကတဆင့် ဦးနှောက်ဆီကို အချက်ပြမှုတွေ လွှင့်ပေးလိုက်ပါတယ်။ ဦးနှောက်ကနေ မျက်ရည်ဂလင်းတွေဆီ အချက်ပြန်ပြပြီး မျက်စိမျက်နှာပြင်ကို ထိခိုက်ခြင်းမဖြစ်ရအောင် မျက်ရည်ထွက်လာစေခြင်း ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thant Zin မှ ရေးသားသည်။ · 14/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement