backup og meta

ကလေးကို ခေါင်းရိတ်ပေးရင် ဆံပင် သန်သတဲ့လား။


Aye Thi Mon မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ခေါင်းရိတ်ပေးရင် ဆံပင် သန်သတဲ့လား။

    ကလေးက မွေးဆံပင်တွေနဲ့ မထားကောင်းဘူး ရိတ်ပစ်ရမယ်။ ကလေးက ဆံပင်ပါး နေပါလား။ ခေါင်းမရိတ် ဘူးလား။ ရိတ်ပေးလေ၊ ဒါမှ ဆံပင်သန်မှာပေါ့ ဆိုတဲ့ စကားကို အရပ်ထဲမှာ တော်တော်လေး ကြားနေရတယ်နော်။ ဒီ အယူအဆက တကယ်ရော မှန်ရဲ့လား။

    ကလေးကို မဖြစ်မနေ မွေးဆံပင် ရိတ်ပေးရလား။

    ကလေးကို မွေးဆံပင် ရိတ်ပေးရမယ် ဆိုတဲ့ အယူအဆက အများက လက်ခံထားတဲ့ အယူအဆ တစ်ရပ်သာ ဖြစ်ပြီး ကျန်းမာရေး အတွက် လိုအပ်တဲ့ အချက်တစ်ခုတော့ မဟုတ်ပါဘူး။ ဆံပင်ရိတ်တာက ကလေးကို ဆံပင် သန်စေမယ် ဆိုတဲ့ အယူအဆနဲ့ လုပ်ကြတာ များပါတယ်။

    တကယ်ကတော့ ကလေးကို ဆံပင်ရိတ်ဖို့က မေမေဖေဖေတို့ရဲ့ ဆန္ဒ အပေါ်မှာပဲ မူတည် ပါတယ်။

    ကလေးကို ခေါင်းမရိတ်ပေးရင် ဆံပင်ပါးမှာလား။

    ဆံပင် ပါးတာ၊ ဆံပင် ထူတာက ခေါင်းရိတ်ပေးတာ၊ ငယ်ဆံပင်ကို ရိတ်ပေးတာနဲ့ မဆိုင်ပါဘူး။ အဓိကက မျိုးရိုးနဲ့ပဲ ဆိုင်တာပါ။ ဘေဘီလေးတွေက မွေးဖွားလာချိန်မှာ ဆံပင် ခပ်ပါးပါး ပါလာတတ်ပြီး တဖြည်းဖြည်းမှ ထူလာတာပါ။ မွေးစမှာ ဆံပင် ထူပေမယ့်လည်း ကြီးလာရင် ထိပ်ပြောင် မသွားဘူး။ ဆံပင်ကျဲ မသွားဘူးလို့ အာမခံလို့ မရပါဘူး။

    ကလးတစ်ယောက် ဆံပင် ထူတယ်။ မထူဘူး ဆိုတာက စားသောက်တဲ့ အာဟာရ၊ မျိုးဗီဇ တို့နဲ့ပဲ ဆိုင်ပါတယ်။

    ဘေဘီလေးကို ဘယ်အချိန်မှ ဆံပင်စရိတ်သင့်လဲ။

    ဘေဘီလေးကို ငယ်သေးတဲ့ အချိန်မှာ ဆံပင် မရိတ်ပေးတာက အကောင်းဆုံးပါ။ ဘယ်အရွယ်မှာ ဆံပင်ရိတ်တာ အကောင်းဆုံးရယ်လို့ သတ်မှတ်ထားတာ မရှိပါဘူး။ ဒါက မေမေဖေဖေတို့ရဲ့ ဆန္ဒနဲ့ပဲ သက်ဆိုင်ပါတယ်။

    ဘေဘီလေးကို ဆံပင် မရိတ်ပေးပါနဲ့။

    ပြောချင်တာကတော့ ဖြစ်နိုင်ရင် ကလေးကို ဆံပင် မရိတ်ပေးဖို့ပါ။ ဒီလို ပြောရတဲ့အကြောင်းက ဘေဘီလေးတွေက သူတို့ရဲ့ ခန္ဓာကိုယ် အပူချိန်ကို ဦးခေါင်းကနေတဆင့် ထိန်းချုပ်တာ ကြောင့်ပါ။ ကလေးကို ဆံပင်ရိတ် လိုက်တဲ့အခါ ကလေးရဲ့ ခန္ဓာကိုယ် အပူချိန် ထိန်းတဲ့ ဖြစ်စဉ် ပျက်စီး သွားနိုင်ပါတယ်။

    မွေးဆံပင်ကို ရိတ်လိုက်တဲ့အခါ ကလေးက အအေးမိတာ၊ နှာစေး၊ နှာပိတ် ဖြစ်တာတွေကို အလွယ်တကူ ခံစားရနိုင်ပါတယ်။ နောက်တစ်ခုက နုနယ်လွန်းတဲ့ ကလေးကို ဆံပင်ရိတ်တဲ့အခါ ထိရှမိမှုတွေ ကနေတဆင့် ပိုးဝင်ပြီး ကလေးကို ထိခိုက်စေ နိုင်ပါတယ်။ ဇက်မခိုင်သေးတဲ့ ကလေးကို ဆံပင်ရိတ်တာက ထိခိုက်မိနိုင်ခြေ တော်တော်လေး များနေတာပါ။

    ဒါကြောင့် ကလေးကို ကျန်းမာစွာနဲ့ အကောင်းဆုံး ကြီးပြင်းလာ စေဖို့ဆိုရင် ဆံပင် ရိတ်တာမျိုး မလုပ်ပါနဲ့။ ကလေးကို မဖြစ်မနေ ဆံပင် ရိတ်ချင်တယ် ဆိုရင် ကလေးက မတ်မတ်ထိုင်နိုင်တဲ့ အရွယ်လောက်မှ ရိတ်စေချင်ပါတယ်။ ကလေးကို ဆံပင် ရိတ်ပေးလို့ ဆံပင် ပိုသန် မသွားပါဘူး။ ငယ်ထိပ်ကို ထိမိတာကနေ ကလေး ကျန်းမာရေးကို ထိခိုက်စေနိုင်သလို မလိုအပ်တဲ့ ကျန်းမာရေး ပြဿနာတွေကို ခံစားရစေတာပဲ အဖက်တင် နိုင်ပါတယ်။

    ဒါကြောင့် ကလေး ဆံပင် သန်စေဖို့ ဆံပင်ရိတ်ပေးတာမျိုး မလုပ်ဘဲ အာဟာရပဲ ပြည့်အောင် ကျွေးမွေးဖို့ အကြံပြုပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement