backup og meta

သင့်မျက်ဝန်းများ တောက်ပရွှန်းစိုနိုင်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်မျက်ဝန်းများ တောက်ပရွှန်းစိုနိုင်စေဖို့

    တောက်ပရွှန်းစိုတဲ့ မျက်ဝန်းများဟာ လူမှုဆက်ဆံရေးမှာ အရေးပါပါတယ်။ မျက်ဝန်းများဟာ စိတ်ရဲ့ပြတင်းပေါက်လို့လည်း ဆိုနိုင်ပါတယ်။ ဒါ့အပြင် လူအချင်းချင်းဆက်သွယ်ရာမှာလည်း အကြည့်ချင်းဆုံ eye contact ယူပြီး ပြောဆိုဆက်ဆံရာမှာ ပိုမိုထိရောက်ပါတယ်။

    ဒါကြောင့် သင့်မျက်ဝန်းတွေကို ပိုပြီးတောက်ပလာအောင် ဂရုစိုက်ခြင်းဟာ လူမှုဆက်ဆံရေးအတွက် အထောက်အကူပြုမှာ သေချာပါတယ်။

    ပထမဆုံးတင်ပြချင်တာကတော့ မျက်ဝန်းများဟာ နီရဲခြောက်သွေ့နေရင် သဘာဝအတိုင်း တောက်ပနိုင်မှာ မဟုတ်ပါဘူး။ သင့်မျက်စိများရဲ့ ကျန်းမာရေးကို ကောင်းမွန်ပြီး အနာအဆာမရှိအောင် ဂရုစိုက်ခြင်းဟာ တောက်ပရွှန်းစိုဖို့ ပိုမိုအလေးသာပါတယ်။

    မျက်စိဘေးဝန်းကျင်က အရေပြားများဟာလည်း အရေးကြီးပါတယ်။ မျက်စိဘေးဝန်းကျင်က အရေပြားမှာ တင်းတိပ်မှဲ့ခြောက်များရှိနေခြင်း၊ မျက်ခွံများ မို့အစ်နေခြင်း စတာတွေဟာ မျက်ဝန်းရဲ့အလှတရားကို မှေးမှိန်စေပါတယ်။

    ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ သင့်ရဲ့မျက်ဝန်းတွေကို တောက်ပအောင် ဘယ်လိုနည်းလမ်းတွေ ကျင့်သုံးသင့်တယ်ဆိုတဲ့ အကြောင်းပါ။ အောက်ပါအချက်တွေပဲ ဖြစ်ပါတယ်။

    ၁။ ခြောက်သွေ့တဲ့လေကို ရှောင်ကြဉ်ပါ။

    ကုန်းမြင့်ဒေသတွေ၊ ခြောက်သွေ့ပူပြင်းတဲ့ ဒေသတွေမှာ တိုက်တဲ့လေဟာ မျက်စိကို ခြောက်သွေ့စေပါတယ်။ မီးခိုးငွေ့များ၊ ဆံပင်အခြောက်ခံစက်မှထွက်သောလေများဟာလည်း သင့်မျက်စိကို ခြောက်သွေ့စေပါတယ်။ မျက်စိမှာ လုံလောက်တဲ့ အစိုဓါတ်မရှိရင် နီရဲယားယံလာတတ်ပါတယ်။ ခြောက်သွေ့တဲ့လေမထိအောင် ရှောင်ကြဉ်ခြင်း၊ အစိုဓါတ်ထိန်းသိမ်းပေးတဲ့ မျက်စဉ်းများကို လိုအပ်သလို သုံးစွဲခြင်း စတဲ့အချက်တွေနဲ့ ဖြေရှင်းနိုင်ပါတယ်။

    ၂။ Green Tea ကပ်ပေးပါ။

    မျက်ဝန်းများဟာ မို့အစ်ပြီး ရောင်ရမ်းနေတယ်ထင်ရင် green tea အိတ်ကလေးများကို မျက်ခွံပေါ်ကပ်ပေးခြင်းဟာ ရောင်ရမ်းမှုကို လျော့ကျသက်သာစေပါတယ်။ green tea မှာပါဝင်တဲ့ polyphenol ဟာ ရောင်ရမ်းမှုကို လျော့နည်းစေပြီး ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတယ်လို့ သိရပါတယ်။ သုံးစွဲပုံကတော့ လက်ဖက်အိတ်ကလေးကို ဦးစွာရေဆွတ်ပါ။ ရေခဲသေတ္တာထဲမှာ ၁၅မိနစ်ခန့် ထည့်ထားပါ။ လက်ဖက်အိတ်လေးအေးသွားပြီဆိုရင် မျက်ခွံပေါ်မှာ အနည်းဆုံး ၁၀မိနစ်ကြာအောင် တင်ထားပေးရပါမယ်။

    ၃။ Omega fatty acid သုံးစွဲပါ။

    Omega 3 နဲ့ Omega 6 fatty acid တွေဟာ မျက်စိများခြောက်သွေ့ခြင်းကို သက်သာစေပါတယ်။ မျက်စိမှာ အရည်ဓါတ်ကောင်းကောင်းပြည့်ဝအောင် omega fatty acid တွေပါဝင်တဲ့ စားသောက်ဖွယ်ရာတွေ ရွေးချယ်စားသုံးပါ။ ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါး၊ ငါးသေတ္တာငါး၊ နှမ်းကြတ်စေ့၊ ချီယာစေ့၊ သစ်ကြားသီး စတာတွေ ဖြစ်ပါတယ်။ စားနေကြအစားအစာတွေမှာ omega fatty acid နည်းနေရင် ဖြည့်စွက်စာတွေ စားသုံးနိုင်ပါတယ်။

    ၄။ သခွားသီးသုံးပါ။

    သခွားသီးဖျော်ရည်မှာ အားကောင်းတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ရမ်းမှုလျော့ကျစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ မျက်ခွံများ လျော့ရဲမှုကိုလည်း သက်သာစေပါတယ်။

    သခွားသီးကို လက်မဝက်ခန့်အထူစိတ်ပြီး မျက်ခွံများပေါ် ကပ်ထားပေးခြင်းဟာလည်း မျက်စိအေးစေပြီး အသားအရေကိုကောင်းစေပါတယ်။

    ၅။ မျက်စိကို နှိပ်နယ်ပေးပါ။

    မျက်စိတဝိုက်ကို ညင်သာစွာနှိပ်နယ်ပေးခြင်းဟာ သွေးစီးဆင်းမှု၊ ပြန်ရေကြောစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ အဲဒီအခါ ရောင်ရမ်းမှုကို သက်သာစေပြီး အရေပြားပေါ်က အမည်းစက်တွေကိုလည်း လျော့နည်းစေပါတယ်။

    ၆။ အိပ်ရေးဝအောင်အိပ်ပါ။

    အိပ်ရေးပျက်ခြင်းဟာ သင့်မျက်ဝန်းတွေရဲ့ တောက်ပမှုကို လျော့ကျစေပြီး ဆွဲဆောင်မှုအားနည်းစေပါတယ်။ တစ်ညကို အနည်းဆုံး ၇-၈နာရီလောက် အိပ်စက်သင့်ပါတယ်။

    ၇။ နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကို ကာကွယ်ပါ။

    မျက်စိများကို နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကနေ ရှောင်ရြှးရင် ခြောက်သွေ့ခြင်းမဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။ မျက်ခွံများ နေလောင်ခြင်းကနေလည်း ကာကွယ်နိုင်ပါတယ်။

    နေပူထဲသွားရင် ခရမ်းလွန်ရောင်ခြည်ကာကွယ်တဲ့ နေကာမျက်မှန် တပ်ဆင်ပါ။ ထီး၊ ဦးထုတ်ဆောင်းပါ။

    ၈။ ရေများများသောက်ပါ

    ရေသောက်ခြင်းဟာ ကိုယ်ခန္ဓါတစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် အရေးကြီးသလို မျက်စိနဲ့ မျက်စိတဝိုက်က အသားအရေအတွက်လည်း အတော်လေး အရေးပါပါတယ်။ မျက်စိရဲ့ အစိုဓါတ်ကို ကောင်းစွာထိန်းသိမ်းနိုင်အောင် တနေ့ကို ရေဖန်ခွက် ၈ခွက်ခန့်ကုန်အောင် သောက်ပေးသင့်ပါတယ်။ ရာသီဥတုပူတဲ့နေ့တွေ၊ လှုပ်ရှားသွားလာများတဲ့ရက်တွေမှာ ပိုမိုသောက်သုံးသင့်ပါတယ်။

    ၉။ မျက်စိကို အနားပေးပါ။

    အာရုံစိုက်ရတဲ့ အလုပ်တခုခုလုပ်နေရင် (ဥပမာ ကွန်ပျူတာသုံးစွဲခြင်း၊ စာဖတ်ခြင်း) မိနစ် ၂၀ မှာ တကြိမ်လောက် မျက်စိကို အနားပေးသင့်ပါတယ်။ အမြင်အာရုံကို တစ်နေရာတည်းမှာ အချိန်ကြာမြင့်စွာ စူးစိုက်ခြင်းဟာ မျက်စိများကို ခြောက်သွေ့ပြီး နွမ်းနယ်စေပါတယ်။ မျက်စိကို အနားပေးဖို့အတွက် မျက်စိကို မိနစ်အနည်းငယ် မှတ်ထားပါ။ ဒါမှမဟုတ် မျက်တောင်ခတ်ပါ။ အဝေးမှာရှိတဲ့ စိမ်းစိုတဲ့အရာတွေကို လှမ်းကြည့်ပါ။

    ၁၀။ မျက်စဉ်းခတ်ပါ။

    အသက်အရွယ်ရလာတာနဲ့အမျှ မျက်သားဟာ ခြောက်သွေ့လာတတ်ပါတယ်။ မျက်စိခြောက်သွေ့ရင် ပဋိဇီဝဆေးမပါဘဲ မိမိဖာသာ ဝယ်ယူသုံးစွဲနိုင်တဲ့ မျက်စဉ်းကို ခတ်ပေးနိုင်ပါတယ်။ နှစ်စက်သုံးစက်လောက်ဆိုရင် အဆင်ပြေပါတယ်။ artificial tear လို့လည်းခေါ်ပြီး ဘေးဖြစ်စေတတ်တဲ့ ဓါတ်ပစ္စည်းတွေ မပါဝင်ပါဘူး။ ဒါမှမဟုတ် မျက်စိဆရာဝန်နဲ့တိုင်ပင်ပြီး မျက်စဉ်းကို ရွေးချယ်နိုင်ပါတယ်။

    ၁၁။ အဝတ်အေးအေးကပ်ပေးပါ။

    အဝတ်သန့်သန့်ကို ရေအေးအေးဆွတ်ပေးပြီးရင် မျက်စိပေါ်မှာ ၁၀ မိနစ်လောက်ကပ်ပေးပါ။

    ……

    မျက်ဝန်းများ ရွှန်းစိုတောက်ပခြင်းဟာ မျက်စိကျန်းမာရေးကောင်းခြင်းရဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ အားအင်ပြည့်တက်ကြွခြင်းရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ မျက်ဝန်းတွေ ညှိုးပြီးခြောက်သွေ့နေရင် စိတ်ဓါတ်ပိုင်းဆိုင်ရာ ကျဆင်းပြီး တက်ကြွမှုလျော့နည်းတယ်လို့ မှတ်ယူသွားနိုင်ပါတယ်။

    ကောင်းတဲ့အချက်ကတော့ သင့်မျက်စိရဲ့ ကျန်းမာရေးအတွက် အိမ်တွင်းကုထုံးတွေနဲ့ပါ အလေးပေးဆောင်ရွက်နိုင်တာပါပဲ။ သင့်မျက်ဝန်းကို ရွှန်းစိုတောက်ပပြီး လူမှုပတ်ဝန်းကျင်မှာ ဆွဲဆောင်မှုရှိအောင် ယခုပဲ စတင်ဆောင်ရွက်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement