backup og meta

နေ့စဉ်ဘဝထဲက ပြဿနာတွေနဲ့ စိတ်ဖိစီးမှုများစွာကို ဘယ်လို ကျော်လွှားမလဲ


Ye Zon Aung မှ ရေးသားသည်။ · 03/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေ့စဉ်ဘဝထဲက ပြဿနာတွေနဲ့ စိတ်ဖိစီးမှုများစွာကို ဘယ်လို ကျော်လွှားမလဲ

    လူတိုင်းကတော့ အခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။ နေ့စဉ်ဘဝရဲ့ အပြောင်းအလဲတွေ၊ အတားအဆီးတွေ၊ အခက်အခဲတွေ၊ စိတ်ဖိစီးမှုဆိုတာတွေဟာ လူရယ်လို့ဖြစ်လာရင် ကြုံဆုံကြရတဲ့ ဒုက္ခဆင်းရဲတွေပဲ မဟုတ်လား။

    အခက်အခဲတွေ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်လာရချိန်တိုင်းမှာ လက်လျှော့ အရှုံးပေးတော့မှာလား။ အညံ့ခံဒူးထောက်လိုက်မှာလား။ ဒါမှမဟုတ် “ဘဝဆိုတာ တိုက်ပွဲ” ဆိုတာကို ယုံကြည်ပြီး ဒီအခက်အခဲအတားအဆီးတွေကို ကျော်ဖြတ်ပြီး အောင်ပွဲတွေ ဆွတ်ယူကြမလား။

    ကြုံဆုံလာရမယ့် အခက်အခဲတွေ၊ စိတ်ပင်ပန်းစရာတွေကို ဘယ်လိုတွန်းလှန်ကြမလဲ။ ဒီမေးခွန်းတွေကို အဖြေပေးနိုင်မဲ့ နည်းလမ်းတချို့တော့ရှိပါသေးတယ်။

    ဒါတွေကတော့

    • မျှဝေခံစားပေးမဲ့ အသိုင်းအဝိုင်းတစ်ခုကို ရှာဖွေပါ – နေ့စဉ်ဘဝမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲ အတားအဆီးတွေ၊ စိတ်ပင်ပန်းဆင်းရဲမှုတွေကို ကျော်ဖြတ်သန်းဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းတစ်ခုက ကိုယ်နဲ့ရင်ဘတ်ချင်းနီးစပ်သူတွေနဲ့ မျှဝေတာပါပဲ။မိသားစု၊ ချစ်သူ၊ အိမ်ထောင်ဘက်၊ အချစ်ဆုံးသူငယ်ချင်း စတာတွေရဲ့ အကြံဉာဏ်ကူညီဖေးမမှုတွေက ပြဿနာတွေကို ကျော်ဖြတ်နိုင်စေဖို့ ကူညီနိုင်မှာဖြစ်သလို၊ ဒီလူတွေနဲ့ ကိုယ်နဲ့အကြား ထားရှိထားတဲ့ ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးကလည်း ပြဿနာတွေကို ကျော်လွှားနိုင်စေမယ့် ခွန်အားတစ်ခုပါပဲ။
    • အကောင်းဘက်ကပဲတွေးပါ ပြုမူပါ – ဒုက္ခတွေ၊ အခက်အခဲတွေကို ကျော်ဖြတ်ချင်တယ်ဆိုရင် ရုပ်ပိုင်းအရရော၊ စိတ်ပိုင်းအရပါ အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေမျိုး ရှိအောင် ပြင်ဆင်သင့်ပါတယ်။ စိတ်ဓာတ်ကျနေသူတစ်ယောက်ဟာ အခက်အခဲတွေထဲကနေ ရုန်းထွက်နိုင်မှာမဟုတ်ဘူးလေ။ အပြုသဘောဆောင်တဲ့ အတွေးမျိုးတွေးဖို့လိုအပ်သလို အာဟာပြည့်အောင်စားတာ၊ ကျန်းမာအောင်နေတာလိုမျိုး အလေ့အထကောင်းတွေကိုလည်း လုပ်ဆောင်ဖို့ လိုအပ်မှာပါ။
    • အခက်အခဲတွေကနေ နိုးထနိုင်အောင် ကြိုးစားပါ – ပြန်ကြိုးစားမယ်၊ ကျော်လွှားပြမယ်ဆိုတဲ့ စိတ်ခွန်အားမရှိနေသရွေ့ အခက်အခဲတွေကို အနိုင်ယူနိုင်မှာမဟုတ်ပါဘူး။ နေ့စဉ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အတားအဆီးတွေဟာ ကျော်လွှားလိုက်နိုင်ချိန်မှာ နောက်ထပ်ပြဿနာတွေကို ကျော်လွှားဖို့ ခွန်အားဖြစ်လာတတ်ပါတယ်။ ပထမဆုံးခြေလှမ်းကို စလှမ်းလိုက်ပါ။ အောင်မြင်မှုတွေက ရှေ့မှာစောင့်ကြိုနေမှာပါ။
    • အတွေ့အကြုံတွေကနေတဆင့် သင်ယူပါ – အက်ဒီဆင်ဟာ လျှပ်စစ်မီးသီးကို တီထွင်နိုင်ဖို့ ရှေ့မှာ မအောင်မြင်တဲ့ စမ်းသပ်မှုတွေ အကြိမ်ထောင်နဲ့ချီ ပြုလုပ်ခဲ့ရဖူးပါတယ်။ အတွေ့အကြုံတွေကနေ သင်ယူပြီး အဲ့ဒီအတွေ့အကြုံတွေနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်သွားရမှာပါ။ နေ့စဉ်ဘဝရဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရင်း ရလာတဲ့ အတွေ့အကြုံတွေဟာ ကိုယ့်ရဲ့ တိုးတက်အောင်မြင်မှုတွေအတွက် ဒေါက်တိုင်တွေ၊ ယက်မတွေပါပဲ။
    • အခက်အခဲဆိုတာ သာမန်ပါ – စိတ်ပင်ပန်းနွမ်းနယ်နေချိန်တိုင်း၊ စိတ်ဓာတ်ကျနေချိန်တွေဆိုရင် “ငါ့ကျမှ ဘာကြောင့်ဖြစ်ရတာလဲ” လို့ တွေးနေနိုင်ပါတယ်။ ဒါက လူ့သဘာဝပါပဲ။ ကိုယ်တစ်ယောက်တည်း ထိခိုက်နေတယ်၊ ကိုယ်တစ်ယောက်တည်း အထီးကျန်နေတယ်လို့ တွေးနေမိနိုင်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ အခက်အခဲတွေဆိုတာ လူတိုင်းဆီကို မတူညီတဲ့ အသွင်သဏ္ဍန်မျိုးစုံနဲ့ ချဉ်းကပ်လာနေတာပါ။ ဒါကိုက လူ့လောကသဘာဝတစ်ရပ်ပါပဲ။ ဘာအခက်အခဲကိုမှ မကျော်ဖြတ်ပဲ လူတော်တစ်ယောက်ဖြစ်မလာနိုင်ပါဘူး။ အခက်အခဲဆိုတာ လူတော်တစ်ယောက်ဖြစ်စေဖို့ အရေးကြီးတဲ့ သဘာဝ တွန်းအားတွေပါ။ သစ်ပင်တစ်ပင် ဖွံ့ထွားစည်ပင်ဖို့ ပေါင်းမြက်တွေကို ရှင်းပေးရသလိုပေါ့။

    ဒီအချက် ၅ ချက်တင်မကပါဘူး။ တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဒါတွေကတော့

  • အသက်ရှူလေ့ကျင့်ခန်းလုပ်တာ/တရားထိုင်တာ – ဝင်လေထွက်လေမှတ်တာက စိတ်ကို တည်ငြိမ်စေပြီး စိတ်ဖိစီးမှုကင်းစေပါလိမ့်မယ်။
  • လေ့ကျင့်ခန်းလုပ်တာ – တစ်နေ့ကို ၁၅ မိနစ်လောက် လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ဖိစီးမှုတွေကို ခပ်ဝေးဝေးမှာ ချန်ထားနိုင်စေမှာပါ။
  • ပီကေဝါးတာ – စိတ်ညစ်ရင်၊ အာရုံစူးစိုက်ရ ခက်နေရင် ပီကေဝါးလိုက်ပါ။
  • စိတ်ခံစားချက်တွေကို စာအုပ်ထဲမှာ ချရေးတာ – စာအုပ်ထဲမှာ ခံစားချက်ကို ချရေးတာက တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်သလို ခံစားရတာကို သက်သာစေပါတယ်။
  • စနစ်တကျ အချိန်ပေးပြီး အနားယူတာ – အနားယူမှုက လူတိုင်းအတွက် လိုအပ်ပါတယ်။ စိတ်ပင်ပန်းနေတဲ့အခါ စိတ်လက်အပန်းဖြေဖို့ မမေ့ပါနဲ့။
  • ချစ်သူခင်သူနဲ့ အတူတကွ ဖြတ်သန်းတာ  – မိသားစုတွေ၊ချစ်ခင်ရသူတွေနဲ့ စကားပြောတာ၊ ထမင်းလက်ဆုံစားတာကလည်း စိတ်ဖိစီးတာကို ပြေလျော့စေပါလိမ့်မယ်။
  • အလုပ်တွေကို စနစ်တကျ စာရင်းပြုစုပြီး လုပ်ကိုင်တာ – အလုပ်တွေကို တစ်နေ့တာရဲ့ မနက်ခင်းမှာ စာရင်းသေချာ လုပ်​ပြီး တစ်ခုချင်းစီ လုပ်သွားပါ။ အလုပ်လည်းပြီးမှာဖြစ်သလို စိတ်ဖိစီးမှုလည်း ကင်းစေမှာပါ။
  • အိပ်ပျော်အောင်အိပ်တာ – စိတ်ဖိစီးခြင်းရဲ့ နောက်ဆက်တွဲက အိပ်မပျော်တာပါပဲ။ အတွေးတွေ များလေလေ၊ အိပ်မပျော်လေလေ၊ စူးစိုက်မှု မကောင်းလေလေ၊ အမှားတွေ လုပ်မိပြီး ပိုစိတ်ညစ်ရလေပါပဲ။ ဒါကြောင့် အိပ်ရေးဝအောင် အိပ်လိုက်ပါ။
  • အာဟာရမျှတအောင် စားသောက်နေထိုင်တာ – အစားအသောက်ကလည်း စိတ်ကျန်းမာရေးအပေါ်မှ သက်ရောက်နေပါတယ်။ ဒါကြေင့် စိတ်ဖိစီးမှု ကင်းတဲ့ ဘဝနေထိုင်မှုကို လိုချင်ရင် အာဟာရ ပြည့်ဝအောင် စားသောက်ဖို့ လိုပါမယ်။ စိတ်ဖိစီးတဲ့အခါ အာရုံ စူးစိုက်ရခက်တဲ့ အခါမျိုးမှာ ကြက်ပေါင်းရည်လို ပရိုတင်းနဲ့ တခြားအာဟာရဓာတ်အစုံပါဝင်တဲ့ ဓာတ်စာမျိုးတွေကလည်း အကူအညီဖြစ်စေနိုင်ပါတယ်။
  • အခက်အခဲနဲ့ စိတ်ဖိစီးမှုဆိုတာမျိုးက ဘဝမှာ မလွှဲမရှောင်သာရင်ဆိုင်ရမယ့် အရာတွေပါ။ ဘာအခက်အခဲမှ မရှိဘဲ ဘယ်လို အောင်မြင်မှုမှ မရနိုင်ပါဘူး။ ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှုတွေကို အခက်အခဲတွေ ကြုံလာတော့မှ ထုတ်ပြနိုင်မှာပါ။

    ဒါကြောင့် နေ့စဉ်ဘဝမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို စိတ်မပျက်ပါနဲ့။ လက်မလျှော့ပါနဲ့။ ကျော်ဖြတ်နိုင်စွမ်းကိုယ့်မှာရှိတယ်ဆိုတာကို ယုံကြည်ရင်း ဖြတ်ကျော်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 03/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement