backup og meta

လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 26/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ

    အိပ်စက်အနားယူတာနဲ့ ပတ်သက်ပြီး လူအများစု အခုချိန်ထိကို ပေါ့သေးသေး သဘောထားနေကြဆဲပါပဲ။ ရုပ်ရှင်ကြည့်ဖို့၊ ဖုန်းသုံးဖို့အတွက်နဲ့ အိပ်ချိန်ကို စတေးကြတယ်။ အလုပ်တွေ ဖိလုပ်ပြီး အိပ်ချိန်ကို နည်းနိုင်သမျှ နည်းအောင် လျှော့ပစ်ကြတယ်။ ကလေးတွေကျတော့လည်း စာမရရင် မအိပ်ရဘူးဆိုပြီး လူကြီးတွေက ခြောက်ထားတော့ ကြောက်ပြီး မအိပ်ရဲကြတော့ဘူး အစရှိသဖြင့် အိပ်ချိန် စတေးပစ်လိုက်ရတဲ့ ပုံပြင်ပေါင်း သောင်းခြောက်ထောင်တောင် မကတော့ပါဘူး။

    ဒါဆို အိပ်ချိန်က အရေးမကြီးလို့လား။ ငွေချေးသလိုမျိုးပဲ အိပ်ရေးမဝလို့ရော နောက်နေ့မှာ ဆတိုး အကြွေးဆပ်လို့ မရဘူးလား။ အိပ်ချိန်က ဘာလို့ ကျန်းမာရေးအတွက် မဖြစ်မနေ အရေးပါတာလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ ရှင်းပြပေးချင်ပါတယ်။ လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။

    လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ

    လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ ဆိုတော့

    ၁။ အိပ်စက်ခြင်းဟာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးတယ်။

    အားအင်တွေဆိုတာ ပြေးလွှားလှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်နေမှ ကုန်ဆုံးတာမဟုတ်ပါဘူး။ တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေး ထိုင်နေရင်လည်း အားအင်ကုန်ဆုံးပါတယ်။ အသက်ရှင်နေသမျှ ကာလပတ်လုံး ကိုယ်တွင်းအင်္ဂါတွေဟာ အဆက်မပြတ် အလုပ်လုပ်နေရတဲ့အတွက် အားအင်ကို အမြဲ အသုံးချနေရပါတယ်။ ဒီလို ကုန်ဆုံးသွားတဲ့ အားအင်တွေကို အဓိက ဖြည့်တင်းပေးနိုင်တဲ့ ရင်းမြစ်ကို အိပ်စက်ခြင်းကနေသာ ရရှိနိုင်ပါတယ်။

    ၂။ ပျက်စီးနေတဲ့ ဆဲလ်များကို ပြုပြင်ပေးတယ်။

    လူတွေ အသက်ရှင်နေသ၍ ခန္ဓာကိုယ်နေရာအနှံ့မှာ ဆဲလ်တွေက အမြဲပျက်စီးနိုင်ပါတယ်။ ဒါဟာ အသက်အရွယ်ကြောင့် ဖြစ်တဲ့ မတည်မြဲခြင်း၊ လူ့သဘာဝ ခန္ဓာကိုယ်ရဲ့ ဆုတ်ယုတ်ခြင်းကို ပြနေတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒါပေမယ့် ဒီဖြစ်စဉ်ကို နှေးကွေးသွားစေဖို့ ခန္ဓာကိုယ်က ဆဲလ်အဟောင်းတွေကို အမြဲပြုပြင်ပေးရသလို ဆဲလ်အသစ်တွေ မြန်မြန် ထွက်လာအောင်လည်း လုပ်ဆောင်ပေးရပါတယ်။

    ဒီလို လုပ်ဆောင်ချက်ကို အမြင့်မားဆုံး ကူညီပေးနိုင်တဲ့အချိန်ဟာ အိပ်စက်နေတဲ့ အချိန်မှာသာ ဖြစ်ပါတယ်။ ဒီတော့ အိပ်ရေးပျက်လိုက်တဲ့အခါ ဒီဆဲလ်အသစ်တွေ ထုတ်လုပ်ပေးတဲ့ ဖြစ်စဉ်က နှေးကွေးသွားတဲ့အတွက် လူ့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးဟာ ပိုပြီး ဆုတ်ယုတ်လာတော့မှာပါ။

    ၃။ ဦးနှောက် လုပ်ဆောင်ရည်ကို မြှင့်တင်ပေးတယ်။

    တစ်နေ့လုံး အလုပ်လုပ်နေရတဲ့အရာတွေထဲမှာ ဦးနှောက်ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူးနော်။ ဦးနှောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ကြွက်သား၊ အမြင်အာရုံ၊ အကြားအာရုံ၊ ခံစားသိရှိနိုင်တဲ့ အာရုံ၊ ကိုယ်တွင်းအင်္ဂါ စတာတွေကို ချိတ်ဆက်ပေးထားတဲ့ ပင်မထိန်းချုပ်ဌာနကြီး တစ်ခုပါ။ ဒီလိုမျိုး အမြဲလုပ်နေရတဲ့ ဦးနှောက်ကိုလည်း အိပ်စက်ခြင်းဖြင့် အနားပေးဖို့ လိုအပ်ပါတယ်။

    အိပ်ချိန်တွေ နည်းလာတာနဲ့အမျှ ဦးနှောက်ကျန်းမာရေးဟာ ကျဆင်းသွားသလို မှတ်ဉာဏ်နဲ့ တွေးခေါ်ကြံဆမှုစွမ်းရည်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် လေ့လာတွေ့ရှိချက်အရ အသက် ၂၅ နောက်ပိုင်းမှာ အိပ်ချိန်နည်းလာလေ ဦးနှောက်ထဲမှာ ရှိတဲ့ဆဲလ်တွေဟာ သေဆုံးသွားပြီး ထပ်မံအစားထိုးလို့ မရနိုင်တော့တာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဦးနှောက်ပျက်စီးသွားနိုင်တဲ့အထိ အန္တရာယ်ကြီးနိုင်ပါတယ်။

    ၄။ စိတ်နဲ့ ခန္ဓာ ကျန်းမာရေးကို သမမျှတစေတယ်။

    ခန္ဓာကိုယ်ဟာ လူ့ကျန်းမာရေးကို ကောင်းစေဖို့ လုပ်ဆောင်ပေးနေရတဲ့ စက်ယန္တရားတစ်ခုဆိုရင် စိတ်ဟာ ဒီစက်ယန္တရားကြီးကို ပုံမှန်အလုပ်လုပ်စေဖို့ ဖြည့်ပေးနေရတဲ့ လောင်စာဆီတစ်မျိုးပါ။ စိတ်နဲ့ ခန္ဓာမှာ တစ်ခုခု ထိခိုက်ပြီဆိုတာနဲ့ နောက်တစ်ခုပါ ဆုတ်ယုတ်လာမှာ သဘာဝပါပဲ။

    အိပ်စက်ခြင်းဟာ ကိုယ်ခံအားစနစ်ကို ကောင်းစေလို့ ခန္ဓာကျန်းမာရေးကို ကောင်းစေတယ်။ ဦးနှောက်အာရုံကြောစနစ်ကိုလည်း ကျန်းမာစေတာကြောင့် စိတ်ကြည်လင်လန်းဆန်းနေစေပြီး စိတ်ဖိစီးမှုဒဏ်တွေ မခံစားရနိုင်အောင် ကာကွယ်ပေးနိုင်လို့ စိတ်ကျန်းမာရေးအတွက်ပါ အကျိုးရှိစေပါတယ်။

    ၅။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တယ်။

    ပိန်လွန်း၊ ဝလွန်းသူတွေမှာ အစာအာဟာရပြဿနာအပြင် အိပ်ချိန်မမှန်တဲ့ ပြဿနာကိုပါ တွေ့ရပါတယ်။ အိပ်ချိန် နည်းလာတာနဲ့အမျှ ကိုယ်ခန္ဓာက အစာအာဟာရကို ကောင်းစွာ မစုပ်ယူနိုင်လို့ လူက ပိန်သထက် ပိန်လာတယ်။

    အဝလွန်တဲ့သူတွေဆိုရင်လည်း စားလိုက်သမျှ ကယ်လိုရီတွေကို ခန္ဓာကိုယ်က လောင်ကျွမ်းမှုအားနည်းသွားတာကြောင့် စားလိုက်သမျှ အဆီတွေ တက်ပြီး ပိန်ဖို့လမ်း မမြင်တော့တာပါ။ ဒါကြောင့် ကိုယ့်အသက်အရွယ်၊ အရပ်အမြင့်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်ကို ရဖို့ အိပ်ချိန်က အလွန်အရေးကြီးပါတယ်။

    ၆။ နှလုံးကျန်းမာရေးအတွက်လည်း အကျိုးထူးပေးစွမ်းနိုင်တယ်။

    အိပ်ချိန်မှန်တဲ့လူတစ်ယောက်ဟာ ကိုယ်ခံအားကောင်းသလို ဇီဝကမ္မ ဖြစ်စဉ်တွေကိုလည်း ပုံမှန်ဖြစ်ပျက်ပြောင်းလဲစေတဲ့အတွက် သွေးလည်ပတ်မှုကောင်းစေပြီး နှလုံးကို ကျန်းမာစေပါတယ်။ အားကောင်းတဲ့ နှလုံးဟာ ခန္ဓာကိုယ်တွင်းက သွေးပေါင်ပမာဏကို ထိန်းညှိပေးလို့ သွေးတိုးရောဂါ၊ အာရုံကြော အားနည်းတာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

    လူတစ်ယောက် တစ်နေ့ ဘယ်နှနာရီ အိပ်စက်အနားယူဖို့ လိုအပ်လဲ။

    အသက်အရွယ်အားဖြင့် ကြည့်မယ်ဆိုရင်

    မွေးကင်းစ မှ အသက် ၃လအတွင်း = ၁၄နာရီ မှ ၁၇နာရီ

    အသက် ၄လ မှ ၁နှစ်အထိ = ၁၂နာရီ မှ ၁၆နာရီ

    အသက် ၁နှစ် မှ ၂နှစ်အထိ = ၁၁နာရီ မှ ၁၄နာရီ

    အသက် ၃နှစ် မှ ၅နှစ်အထိ = ၁၀နာရီ မှ ၁၃နာရီ

    အသက် ၆နှစ် မှ ၁၂နှစ်အထိ = ၉နာရီ မှ ၁၂နာရီ

    အသက် ၁၃နှစ် မှ ၁၈နှစ်အထိ = ၈နာရီ မှ ၁၀နာရီ

    အသက် ၁၈နှစ် မှ ၆၀အထိ = ၇နာရီအထက်

    အသက် ၆၁နှစ်နောက်ပိုင်း = ၇နာရီမှ ၉နာရီအထက် ညစဉ် အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။

    ကိုယ့်ရဲ့ မနက်ထရမယ့် အချိန်ပေါ် မူတည်ပြီး အိပ်တဲ့အချိန်ကို သတ်မှတ်လို့ ရသလို ည ၁၁ နာရီထက်ပိုပြီး မအိပ်ဘဲနေတာမျိုးတော့ မလုပ်ပါနဲ့။ ရေရှည်မှာ ကိုယ့်ရဲ့ ကျန်းမာရေးက သိသိသာသာ ဆုတ်ယုတ်လာပါလိမ့်မယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 26/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement