backup og meta

ကျန်းမာရေးအတွက် အရေးကြီးတဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထကောင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 24/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးအတွက် အရေးကြီးတဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထကောင်းများ

    တစ်ကိုယ်ရေ သန့်ရှင်းရေး ဆိုတာက ကျန်းမာစေဖို့ နဲ့ ရောဂါတွေကနေ ကာကွယ်ဖို့အတွက် အထောက်အကူပြု ပေးတာကြောင့် မဖြစ်မနေ မွေးမြူသင့်တဲ့ ကျန်းမာရေး အလေ့အထပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးက ငယ်စဉ်ကာလကတည်း မွေးမြူလာသင့်တဲ့ အလေ့အထပါ။

    ဒါပေမယ့် အရွယ်ရောက်လာတဲ့အခါ ဦးစားပေးလုပ်စရာတွေ များလာတာကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအလေ့အထကို အမှုမဲ့အမှတ်မဲ့ ဖြစ်လာတတ်ပါတယ်။ ဒီလို အမှုမဲ့ အမှတ်မဲ့ လုပ်ဆောင်မှုက ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ ဒီတော့ ကျန်းမာနေစေဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ တစ်ကိုယ်ရေ အလေ့အထကောင်းတွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ လေ့လာကြည့်ရအောင်လား။

    တစ်ကိုယ်ရေ သန့်ရှင်းရေးအရေးကြီးသလား။

    တစ်ကိုယ်ရေ သန့်ရှင်းရေး ဆိုတာက လူတိုင်း မဖြစ်မနေ မွေးမြူသင့်တဲ့ ကျန်းမာရေး အလေ့အထပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေးက ခန္ဓာကိုယ် ကျန်းမာစေသလို ရောဂါပိုးတွေ ကူးစက်ပြန့်ပွားမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်၊ လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) က ဆိုပါတယ်။

    တစ်ခါတလေမှာ လျစ်လျူရှုမိတတ်တဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး က နေ့စဉ်ဘဝရှင်သန်ကျန်းမာရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ ဥပမာ  Covid-19 ကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းရယ်လို့ ထားတဲ့ အရာကတောင် တစ်ကိုယ်ရေ သန့်ရှင်းရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လက်ဆေးခြင်းမဟုတ်လား။

    တစ်ကိုယ်ရေ သန့်ရှင်းရေးက ဘာတွေ အထောက်အကူပြုပေးလဲ။

    တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်တာက

  • အနံ့အသက်ဆိုး ကင်းစေတယ်
  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေတယ်
  • စိတ်ကြည်လင် လန်းဆန်းစေတယ်
  • ကိုယ်ခံအား ကောင်းစေတယ်
  • နာမကျန်းမှု ကင်းစေတယ်
  • အစာခြေစနစ်ပြဿနာဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော ကင်းစေတယ်
  • အအေးမိ၊ ဖျားနာ ကင်းစေတယ်။
  • ကျန်းမာစေဖို့ မဖြစ်မနေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထကောင်းများ။

    နေ့ရက်တိုင်းကို ရောဂါကင်းပြီး ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်သန်းလိုတယ်ဆိုရင် ဒီအချက်လေးတွေကို လုပ်ဆောင်သင့်ပါတယ်။

    ခန္ဓာကိုယ် သန့်ရှင်းရေး

    ခန္ဓာကိုယ်မှာ ချွေးဂလင်းပေါင်း ၂ သန်းနီးပါးရှိနေတာ​ကြောင့် ခန္ဓာကိုယ် သန့်ရှင်းမှုက မဖြစ်မနေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထတစ်ခုပါ။ ချွေးတွေနဲ့ ဘက်တီးရီးယားတွေ ထိတွေ့တဲ့အခါ ကိုယ်နံ့ဆိုး ဖြစ်စေသလို ချွေးပေါက်တွေကို ဆဲလ်သေတွေ ပိတ်ဆို့မှု၊ အဆီနဲ့ အညစ်အကြေးတွေ ပိတ်ဆို့မှုက အရေပြား ပြဿနာတွေကို ဖြစ်စေပါတယ်။

    ဒါကြောင့် ခန္ဓာကိုယ်က ချွေးဂလင်းတွေ သန့်စင်ပြီး ဘက်တီးရီးယားကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် နေ့စဉ် ရေနဲ့ ဆပ်ပြာကို အသုံးပြုလို့ ပုံမှန် ရေချိုး သန့်စင်ရပါမယ်။ ၂ ကြိမ် မချိုးချင်ရင်တောင် တစ်နေ့ကို တစ်ကြိမ်တော့ ရေပုံမှန် ချိုးပါ။ ဒါက ဘက်တီးရီးယားတွေ၊ ရောဂါတွေနဲ့ အနံ့ဆိုးတွေကို အထိရောက်ဆုံး ကာကွယ်တာပါ။

    ဆံသား သန့်ရှင်းရေး

    ဆံသားကျန်းမာရေးအတွက် ဆံသား သန့်ရှင်းရေးကို ဂရုစိုက်ဖို့ လိုပါမယ်။ တစ်ပတ်ကို ၂ ကြိမ် ပုံမှန်ခေါင်းလျှော်တာမျိုးပါ။ ခေါင်းလျှော်တာက ဆံပင်နဲ့ ဦးရေပြားမှာ အဆီတွေ၊ အညစ်အကြေးတွေ ကပ်တွယ်နေတာကို ဖယ်ရှားပေးပါတယ်။

    ဆံပင်အမြစ်တွေကို အားဖြည့်ပေးပြီး ဆံပင်ကျွတ်တာကို သက်သာစေနိုင်ပါတယ်။ ဦးရေပြားကို သန့်စင်ပေးပြီး အာဟာရဓာတ်တွေ စုပ်ယူနိုင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဦးရေပြား သွေးစီးဆင်း ရောက်ရှိမှုကို အားဖြည့်ပေးပါတယ်။

    ခံတွင်း သန့်ရှင်းရေး

    ပါးစပ်က ဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အကြိုက်ဆုံး နေရာတစ်ခုဆိုလည်း မများပါဘူး။ ခံတွင်းသန့်ရှင်းမှု အားနည်းမယ်ဆိုရင် အသက်ရှူလမ်းကြောင်းကနေ ကူးစက်တဲ့ ရောဂါတွေကိုလည်း အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။

    ဒါကြောင့် အာဟာရဖြည့်တင်းရေးအတွက် အရေးပါတဲ့ သွား နဲ့ ခံတွင်းတွေ သန့်ရှင်းပြီး ရောဂါဘယ ကင်းစေဖို့ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ် သွားတိုက်ပါ။ အစားစားပြီးတိုင်း ပလုပ်ကျင်းပေးပါ။

    လက်သန့်ရှင်းရေး

    လူတော်တော်များများ ရောဂါ ခံစားရတဲ့ အကြောင်းရင်းခံက တစ်ကိုယ်ရေ သန့်ရှင်းရေး အားနည်းလို့ပါ။ ခန္ဓာကိုယ်မှာ ရောဂါပိုးတွယ်ကပ်နိုင်ခြေ အမြင့်ဆုံးက လက်ချောင်းတွေပါ။ လက်ချောင်းတွေက နေရာတကာကို ကိုင်တွယ်ထိတွေ့နေသလို ဘက်တီးရီးယားတွေ အများဆုံး ကပ်တွယ်နေနိုင်ပါတယ်။

    ဒါကြောင့် လက်တွေကို သေချာလေး သန့်ရှင်းဖို့ လိုပါမယ်။ ဒါက ကိုယ်ခံအားကို ကောင်းစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။ ဒါကြောင့် အပြင်ပြန်လာတိုင်း၊ အစားမစားခင်၊ ညစ်ပေတဲ့အရာတွေကို ကိုယ်တွယ်ထိတွေ့ပြီးတိုင်းမှာ ရေနဲ့ဆပ်ပြာသုံးလို့ လက်ကို စက္ကန့် ၂၀ ကြာဆေးကြောပေးပါ။

    ဒါတွေကို နေ့စဉ် အလေ့အထလို မွေးမြူပြီး ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ကိုယ်တိုင်ဖန်တီး ယူလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 24/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement