backup og meta

စိတ်ဖိစီးနေပြီလား


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဖိစီးနေပြီလား

    ကဲ ခုတလော စိတ်ဖိစီးမှုတွေ ရင်ဆိုင်နေရပြီး မိမိကိုယ်ကိုယုံကြည်မှုတွေ လျော့နေတယ်ဆိုရင်တော့ ဒါလေးကိုဖတ်ကြည့်လိုက်ရအောင်နော်….

    ခုတလော ကူးစက်ရောဂါတွေကလည်းဖြစ်၊ အလုပ်တွေကလည်း အရင်လိုမလည်ပတ်နဲ့ဆိုတော့ ဝန်ထမ်းဖြစ်ဖြစ်၊ အလုပ်ရှင်ဖြစ်ဖြစ် အနည်းနဲ့အများ မရေရာမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ရင်ဆိုင်နေရမှာ အသေအချာပဲနော်။ အဲလိုဖြစ်နေပြီဆိုရင်တော့ အောက်ကအချက်လေးတွေကို ဖတ်ကြည့်လိုက်ရအောင်နော်။

    ၁) အရင်လိုပြန်မဖြစ်တော့တဲ့ အခြေအနေကို ရင်ဆိုင်နေရတာ မိမိတစ်ယောက်တည်းမဟုတ်ပါ။

    ဆိုလိုတာက အရင်က မိမိအောင်မြင်ခဲ့သည်ဖြစ်စေ၊ ရှုံးနိမ့်ခဲ့သည်ဖြစ်စေ အတိတ်အကြောင်းတွေအကုန်မေ့ပြီး ဘဝသစ် (New Normal Life) ကိုစတင်ဖို့ အကောင်းဆုံးအချိန်ပါ။ တစ်ကမ္ဘာလုံး အသစ်တဖန်ပြန်ဖြစ်ပေါ်လာသလို အားလုံးအစက ပြန်စနေတာပါ။

    ၂) မိမိသာလျှင် အကောင်းဆုံးဆိုတာအကြွင်းမဲ့ယုံကြည်လိုက်ပါ။

    တကယ်တော့ ဒီလိုယုံကြည်လို့လည်း ဒီပို့စ်ကို ဖတ်ကြတာပါ။ မိမိကိုယ်ကိုယ်ချစ်မြတ်နိုးခြင်းက အကောင်းဆုံးစိတ်ခွန်အား တစ်ခုပါပဲ။ မိမိရဲ့စိတ်ဆန္ဒကို မသိဘဲ ရပ်တည်နေရရင် ကိုယ်နဲ့အံမဝင်တဲ့ပတ်ဝန်းကျင်မှာ အမှားတွေဆက်တိုက်လုပ်မိနေတတ်ပါတယ်။ အဲ့ဒီလိုဖြစ်ရင် အများလည်း မိမိကိုလေးစားမှုရှိမှာ မဟုတ်ပါဘူး။

    ၃) မိမိကိုယ်ကိုချစ်မှ ပျော်ရွှင်နိုင်မယ်

    ဒါကတော့ လူအတော်များများ သိပြီးသားဖြစ်မှာပါ။ လူတိုင်းက ပျော်ရွှင်ချင်ကြတယ်၊ အောင်မြင်ချင်ကြတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့  မကြိုးစားမိဘူး ဖြစ်နေတတ်ကြတယ်။ မိမိကိုယ်ကိုချစ်တယ်ဆိုတာ ကိုယ်ကြိုက်တာ လုပ်လိုက်တာ၊ ကိုယ်ကြိုက်တာလေး စားလိုက်တာ၊ ကိုယ်ကြိုက်တဲ့ အဝတ်အစား၊ skin care လေးဝယ်လိုက်တာတင် မဟုတ်ပါဘူး။ တကယ် ကိုယ်ကဘာကြိုက်တတ်သလဲရဲ့နောက်မှာ အဲဒါကငါ့အတွက် သင့်တော်ပါ့မလား၊ အကျိုးရှိပါ့မလား ဆိုတဲ့ အသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီး ဆင်ခြင်မှ မိမိလိုအင်ကို ဖြည့်ဆည်းပြီး မိမိကိုယ်ကိုချစ်ရာရောက်ပါတယ်။ ဘာလို့ဆိုတော့ ကျိုးကြောင်းဆင်ခြင်မှုမရှိတဲ့ မိမိကိုယ်ကို အလိုလိုက်ခြင်းက ချစ်ရာမရောက် နှစ်ရာရောက်ပါတယ်။ ဒါကြောင့် တစ်ခါတရံ ကိုယ်လုပ်ချင်တာ လုပ်လိုက်ပေမဲ့ မပျော်ရပါဘူးဆိုပြီး ဖြစ်တတ်ကြပါတယ်။

    ၄) ပတ်ဝန်းကျင်အထင်ကြီးဖို့ လုပ်ပြရမှာလား

    အဖြေက အားလုံးသိတဲ့အတိုင်း သူတစ်ပါးအထင်ကြီးစေဖို့ ကိုယ့်ပျော်ရွှင်မှု၊ ယုံကြည်မှုကိုစတေးလိုက်ရတယ်ဆိုတာ အကြီးမားဆုံးဆုံးရှုံးမှုတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်ရဲ့ အရည်ချင်းတွေဟာ ကိုယ်ယုံကြည်ရာ၊ စိတ်အားထက်သန်ရာကနေ ပေါက်ဖွားလာတာပါ။ သူတစ်ပါးဝေဖန်ကဲ့ရဲ့ မှုကြောင့် မိမိရဲ့အရည်အသွေးတွေ အများကြီးဆုံးရှုံးတတ်ပါတယ်။ မိသားစုအချင်းချင်းတောင် အမြင်မတူနိုင်ကြတဲ့အတွက် တစ်ပါးသူရဲ့အမြင်မှာ ကိုယ်ဟာ စူပါဟီးရိုးတစ်ယောက် ဖြစ်နေဖို့မလိုပါ။ မိမိကိုယ်တိုင်အတွက် မိမိသာလျှင်ဟီးရိုးဖြစ်ပါစေ။

    ၅) ရိုးရိုးရှင်းရှင်းပဲတွေးပါ။

    တချို့လူတွေ စိတ်ဖိစီးမှုဖြစ်ရတဲ့အကြောင်းရင်း နောက်တစ်ခုက မြန်မြန်တွေး မြန်မြန်အဖြေပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ အရာရာတိုင်းကို အချိန်ယူတွေးစရာ မလိုအပ်ဘူးဆိုပေမဲ့

    အရေးကြီးတဲ့ မေးခွန်းတွေ ၊ဆုံးဖြတ်ချက်တွေကိုတော့ ဖြည်းဖြည်းချင်း ကျိုးကြောင်းဆက်စပ်တွေးပြီးမှ တုံ့ပြန်ရင် လမ်းမှန်ရောက်ပြီး စိတ်ဖိစီးမှုလည်း လျော့နည်းစေပါတယ်။ အဖြေမြန်မြန်ပေးပြီး ပြန်ပြင်မရတဲ့အနေထားမျိုး ဖြစ်ရင် စိတ်ဖိစီးမှုများတတ်ပြီး self-control တောင်မရပဲ အမှားတွေပဲ ဆက်ကာ ဆက်ကာပြုလုပ်နေမိတတ်ပါတယ် ။ ဒါပေမဲ့ ဘာမှအရေးမကြီးတဲ့ကိစ္စကိုတော့ အချိန်ယူ၊ စိတ်ညစ်ခံကာတွေးတောမနေပဲ မြန်မြန်တွေး ၊မြန်မြန်ဖြေရှင်းမှ ပေါ့ပေါ့ပါးပါးနဲ့ အရေးကြီးတာတွေဆက်လုပ်နိုင်မယ်လေနော်။

    ၆) မိမိစိတ်ခံစားမှုနဲ့ တုံ့ပြန်မှုဟာ တသားတည်းကျနေပါစေ

    စိတ်ဖိစီးမှုဖြစ်ရတဲ့အကြောင်းရင်းတွေထဲက အဖြစ်များတာတစ်ခုက မနိုင်ဝန်ထမ်းလို့ပါ။ မနိုင်ဝန်ထမ်းတယ်ဆိုတာ မိမိမလုပ်နိုင်တဲ့အလုပ်ကို No လို့ပြောဖို့ခက်ခဲခြင်းက စတာပါ။ မိမိမှာ လုပ်စရာပြည့်နှက်နေတဲ့အချိန် တစ်စုံတစ်ယောက်က အကူညီတောင်းတာဖြစ်ဖြစ်၊ မိမိအတွက်ဝန်ပိစေမယ့်အလုပ်မျိုးဖြစ်ဖြစ် ပေါ်လာတဲ့အခါမျိုးမှာ စိတ်ထဲကငြင်းဆိုနေပေမဲ့ အပြင်မှာကျ No လို့ပြောဖို့ ခက်ခဲနေတတ်ကြပါတယ်။ အဲလိုအခါမျိုးမှာ ၅စက္ကန့် နိယာမကိုအသုံးပြုကြည့်ပါ။ ကိုယ်က မတုံ့ပြန်မီမှာ 5, 4, 3, 2,1, Go လို့ရေတွက်ပြီး စိတ်ထဲကရှိတဲ့အတိုင်းပြောနိုင်အောင်ကြိုးစားကြည့်ပါ။ Yes လို့ပြောမိပြီးသားက စိတ်ဖိစီးမှုဖြစ်စေခဲ့တယ်ဆိုလည်း ပြန်ငြင်းလိုက်ရင် သိသိသာသာစိတ်ဖိစီးမှုလျော့ကျပြီး ကိုယ်လုပ်ရမယ့်အလုပ်ကို စွမ်းဆောင်ရည်အပြည့် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

    မိမိရဲ့ ပျော်ရွှင်မှုက မိမိအတွက်သာမက မိမိ မိသားစု၊ ပတ်ဝန်းကျင်အသိုင်းဝိုင်းကိုပါ အများကြီးသက်ရောက်မှုရှိပြီး မိမိကအစပြုလိုက်တဲ့ အကောင်းမြင်ဝါဒတစ်ခုဟာလည်း အများစု ၊အဖွဲ့အစည်းအတွက် တွန်းအားတွေ ဖြစ်သွားတတ်တာမို့ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ယုံကြည်ရာဘဝအသစ်တစ်ခုကို လျှောက်လှမ်းနိုင်ကြပါစေ။

    ရေးသားသူ – အမရာကျော်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement