brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Petroleum Jelly အကြောင်း သိသင့်သမျှ

Petroleum jelly ဆိုတာ ရေနံနဲ့ဖယောင်းရောစပ်ထားတဲ့ ပစ္စည်းဖြစ်ပြီး အခဲတစ်ပိုင်း ဂျယ်လီတစ်ပိုင်းလို့ ခေါ်နိုင်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ လူတချို့က အလှဆီလို့ သတ်မှတ်ထားသလို တချို့ကလည်း ဆေးဝါးအဖြစ် သတ်မှတ်ထားပါတယ်။ ၁၉ ရာစုကတည်းက ရေနံလုပ်သားများက ရေနံတူးစင်တွေမှာ ကပ်ငြိနေတဲ့ petroleum jelly ဖြစ်လာမယ့် အရာတွေကို သတိထားမိခဲ့ကြပါတယ်။

Petroleum Jelly အကြောင်း သိသင့်သမျှ

ရေနံလုပ်သားများဟာ ထိုအရာများကို ထိခိုက်ရှနာ၊ အပူလောင်နာ ဒဏ်ရာများကို သက်သာအောင် သုံးစွဲခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အလှကုန်နဲ့ဆေးဝါးပစ္စည်းအဖြစ် ထုတ်လုပ်လာပြီး vaseline ဆိုတဲ့ အမည်ဟာ ထင်ရှားပါတယ်။ Petroleum jelly ကို အရေပြားပေါ်က အနာတွေကို ရေစိုမခံအောင် လိမ်းကျံပေးနိုင်ပါတယ်။ အနာများကို ကျက်စေပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။

ယခုဆက်လက်ဖော်ပြမှာကတာ့ Petroleum jelly ရဲ့ အသုံးဝင်ပုံများ ဖြစ်ပါတယ်။

Petroleum jelly ၏ အသုံးဝင်ပုံများ

၁။ အရေပြား ထိခိုက်ရှနာများကို သက်သာစေခြင်း

Petroleum jelly ကို အရေပြား ပွန်းပဲ့ခြင်း၊ ပြတ်ရှခြင်း၊ သွေးခြေဥရောင်ရမ်းခြင်း စတာတွေအတွက် လိမ်းဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ အပူလောင်ဒဏ်ရာများအတွက်လည်း လိမ်းပေးနိုင်ပါတယ်။ မလိမ်းခင်မှာတော့ အနာကို ရောဂါပိုးသန့်စင်ပေးဖို့ လိုပါတယ်။ လိမ်းဆေးအောက်မှာ ရောဂါပိုးတွေ ကပ်ငြိကျန်နေရင် အနာကျက်နှေးမှာစိုးလို့ ဖြစ်ပါတယ်။

၂။ မျက်နှာ၊ ခြေလက်များအတွက် အစိုဓာတ်ထိန်းရန် သုံးခြင်း

ရေချိုးပြီးချိန်မှာ Petroleum jelly ကို လိမ်းပေးပြီး moisturizer အနေနဲ့ သုံးနိုင်ပါတယ်။ အသားအရေခြောက်သွေ့ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆောင်းတွင်း အအေးမိချိန်၊ ဓာတ်မတည့်ဖြစ်ချိန်မျိုးမှာလည်း နှာခေါင်းခြောက်တဲ့အခါ လိမ်းပေးနိုင်ပါတယ်။

ခြေဖဝါးကွဲချိန်မှာလည်း Petroleum jelly လိမ်းပေးခြင်းအားဖြင့် နူးညံ့ချောမွတ်စေပါတယ်။ အပင်စိုက်ခြင်း၊ အလုပ်ကြမ်းလုပ်ခြင်းကြောင့် လက်ဖဝါးများ ကြမ်းတမ်းတဲ့အခါမှာလည်း လိမ်းပေးနိုင်ပါတယ်။ နှုတ်ခမ်းသားများ ခြောက်သွေ့နေချိန်မှာလည်း အစိုဓာတ်ထိန်းပေးတဲ့အနေနဲ့ လိမ်းပေးနိုင်ပါတယ်။

၃။ ကလေးများ သေးခံလောင်ခြင်းအတွက် လိမ်းဆေးအနေဖြင့် သုံးခြင်း

သေးခံအဝတ်များလို့ ကလေးငယ်တွေမှာ သေးခံနာဖြစ်တဲ့အခါ Petroleum jelly ကို လိမ်းပေးနိုင်ပါတယ်။ Petroleum jelly မလိမ်းခင်မှာ လိမ်းမယ့်နေရာကို သန့်ရှင်းရေးပြုလုပ်ရပါမယ်။ ပြီးရင် ခပ်ပါးပါးလိမ်းပေးနိုင်ပါတယ်။ Petroleum jelly လိမ်းပေးရုံနဲ့ သေးခံလောင်တာ မပျောက်ရင် ဆရာဝန်ပြသင့်ပါတယ်။

၄။ မိတ်ကပ်ဖျက်ခြင်း

မျက်လုံးနားတစ်ဝိုက် မိတ်ကပ်နဲ့ မျက်လုံးဆိုးဆေးတွေကို ဖျက်ပစ်ဖို့ Petroleum jelly ကို သုံးနိုင်ပါတယ်။ ဖျက်ချင်တဲ့နေရာကို Petroleum jelly ပါးပါးလိမ်းပြီး ဂွမ်းစ၊ ဂွမ်းတံနဲ့ ခပ်ဖွဖွပွတ်ပြီး ဖျက်နိုင်ပါတယ်။ ဆေးလိမ်းပြီး ဖျက်ချိန်မှာတော့ မျက်စိကို မှိတ်ထားရပါမယ်။ လူတချို့ဟာ မျက်စိဘေးက အရေးအကြောင်းတွေ သက်သာလျော့နည်းအောင် လိမ်းပေးတတ်ပါတယ်။

၅။ ဆံပင်လိမ်းခြင်း

ဦးရေပြားခြောက်ပြီး ဗောက်ထခြင်း၊ ဆံပင်ကြမ်းခြင်း၊ ဆံပင်အဖျားများ နှစ်ခွဖြစ်ခြင်း စတာတွေအတွက် Petroleum jelly ကို လိမ်းပေးနိုင်ပါတယ်။ ဆံသားတွေကို တောက်ပစေနိုင်ပါတယ်။

၆။ ချောဆီအနေဖြင့် သုံးခြင်း

သင့်လက်ချောင်းမှာ လက်စွပ်ဟာ ကြပ်နေပြီး ချွတ်မရဖြစ်နေပြီဆိုပါစို့။ လက်စွပ်ပတ်လည်နဲ့ လက်ချောင်းကို Petroleum jelly လိမ်းပေးပြီး အလွယ်တကူချွတ်နိုင်ပါတယ်။ တံခါးပတ္တာတွေ ကြပ်နေရင်လည်း Petroleum jelly ထည့်ပေးပြီး သုံးနိုင်ပါတယ်။

သတိပြုရန်

Petroleum jelly ဟာ လူတချို့နဲ့ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာတွေကို သေချာစွာ ဆေးကြောသန့်စင်ခြင်းမရှိဘဲ မလိမ်းသင့်ပါဘူး။ မှိုစွဲခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်း ဖြစ်တတ်ပါတယ်။ ကလေးတွေရဲ့ နှာခေါင်းတဝိုက်မှာ မလိမ်းပေးသင့်ပါဘူး။ ရှူသွင်းမိမှာစိုးလို့ ဖြစ်ပါတယ်။ မိမိဖာသာ အာသာဖြေရာမှာဖြစ်စေ၊ လိင်ဆက်ဆံရာမှာဖြစ်စေ ချောဆီအနေနဲ့ မသုံးသင့်ပါဘူး။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။