backup og meta

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

    ညဘက် နောက်ကျမှ အစားစားတာက မကောင်းဘူးလို့ပဲ တထစ်ချ ယုံကြည်နေတုန်းလား! ညဘက် အစားစားတာက မကောင်းဘူးဆိုပေမယ့် လုံးဝဥဿုံ မကောင်းတာမျိုးတော့ မဟုတ်ပါဘူး။ ကောင်းကျိုး ရှိသလို ဆိုးကျိုးလေးတွေလည်း ရှိတာပေါ့။ ဒါကြောင့် စာဖတ်သူတွေ သိထားလို့ ရအောင် အခုတစ်ခေါက်မှာတော့ ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

    ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက 

    ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    ကောင်းကျိုးတွေကတော့ – 

    • အချို့သော အဆာပြေစားစရာတွေက ကောင်းကောင်း အိပ်ပျော်စေနိုင်တယ်

    ညဘက် အစားစားတိုင်း မကောင်းဘူးလို့ ဆိုဖို့ ခက်ပါတယ်။ တကယ်လို့ ညဘက် ဗိုက်ဆာတယ်လို့ ခံစားရချိန်မှာ ထမင်း ထနယ်စားမယ်။ အသင့်စား အစားအစာတွေ စားမယ်။ ဆီကြော်တွေ၊ ခေါက်ဆွဲခြောက် စတာမျိုးတွေကို စားမယ်။

    Heavy foods တွေကို စားမယ်ဆိုရင်တော့ ကျန်းမာရေး ဆိုးကျိုး ရှိနိုင်ပေမယ့် ညဘက် ဗိုက်ဆာချိန်မှာ ပီစတာချီယိုစေ့လေးဖြစ်ဖြစ် အခြားအခြားသော အခွံမာသီးတွေ၊ အစေ့အဆန်လေးတွေကို လက်တစ်ဆုပ်စာ လောက်ပဲ စားလိုက်တာမျိုး ဖြစ်မယ်ဆိုရင်တော့ ညဘက်ကိုလည်း ကောင်းကောင်း အိပ်ပျော်စေပြီး မနက်ခင်းမှာလည်း လန်းဆန်းတက်ကြွစွာ နိုးထနိုင်စေမှာပါ။

  • သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တယ်
  • မနက်ပိုင်းမှာ ဘာမှ မစားထားဘဲ သွေးတွင်းသကြားဓာတ်တွေ တက်နေပြီဆိုရင် ခန္ဓာကိုယ်က ဖြိုသုံးထားလို့ပါ။ ညစာကို လုံလုံလောက်လောက် မစားတဲ့အခါ အိပ်နေချိန်မှာ သွေးတွင်းသကြားဓာတ်မကျစေဖို့ ခန္ဓာကိုယ်က ဖြိုသုံးထားတာကြောင့် ဖြစ်ပါတယ်။

    အထူးသဖြင့် ဆီးချိုရှိတဲ့သူတွေမှာ မနက်စောစော ဘာမှမစားရသေးဘဲ သကြားဓာတ်တွေ တက်နေပြီဆိုရင် ညဘက်စားတာကိုတစ်ချက်စစ်ဆေးကြည့်ပြီး လိုအပ်ရင် မအိပ်ခင် အဆာပြေစာ နည်းနည်းစားနိုင်ပါတယ်။

    • ကြွက်သားတက်စေနိုင်တယ်

    ညဘက်နောက်ကျမှ အစားစားတယ် ဆိုပေမယ့် ပရိုတင်းပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တာမျိုးကို ရွေးချယ် စားသုံးမိမယ်။ ကိုယ်ကလည်း ကြွက်သားတက်စေမယ့် လေ့ကျင့်ခန်းတွေကို လုပ်ဖြစ်မယ်ဆိုရင် အိပ်နေချိန်မှာ ကြွက်သားတက်စေဖို့ ထောက်ကူပေးနိုင်မှာပါ။

    ဆိုးကျိုးတွေကတော့ – 

    • ဗိုက်မဆာဘဲ စားမိနိုင်တယ်

    တော်တော်များများ ညဘက်မှာ အစားစားကြတာက ဗိုက်ဆာလို့ ဆိုတာထက် ပျင်းလို့ စိတ်ဖိစီးလို့ စသဖြင့် အမျိုးမျိုးသော အကြောင်းအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ညဘက်အိပ်ခါနီး အငန်ကဲတာလေး စားချင်တာက ရေဓာတ်ခန်းခြောက်နေတယ်ဆိုတာကို ဖော်ပြနေတာပါ။ အချိန်မတော် ဗိုက်ဆာတာရဲ့ အဓိက အကြောင်းရင်း ခံက စိတ်ဖိစီးနေတာကြောင့်ပါ။ ဒါကြောင့် တကယ်ဗိုက်မဆာဘဲ စားမိတာမျိုး ဖြစ်နိုင်ပါတယ်။

    • ဝိတ်တက်စေနိုင်တယ်

    လေ့လာမှု တစ်ခု အရသိရတာက ညနေပိုင်း နောက်ကျလာလေလေ ညဉ့်နက်လာလာလေလေ ခန္ဓာကိုယ်က အိပ်စက်အနားယူဖို့ ပြင်ဆင်ရတာကြောင့် ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်က တဖြည်းဖြည်း နှေးလာပါတယ်။ ဒီလို နှေးနေချိန်မှာ အစာကြေဖို့ ခက်တာတွေ၊ ဆီပါဝင်မှုများတာတွေကို စားသုံးတာက ကိုယ်တွင်းဖြစ်စဉ်တွေကို ဝန်ပိစေပြီး ကိုယ်အလေးချိန် တက်လာစေနိုင်ပါတယ်။

    • ကယ်လ်လိုရီ များတာတွေ စားမိနိုင်တယ်

    တော်တော်များများက ညဘက်တွေမှာ ဗိုက်ဆာလာပြီဆိုရင် ခေါက်ဆွဲပြုတ်သောက်တာနဲ့ အလွယ်ရနိုင်မယ့် ဆီကြော်စာတွေနဲ့ အပြင်စာတွေကို စားတတ်ကြပါတယ်။ ဒီအစားအစာတွေက ကယ်လ်လိုရီ ပါဝင်မှု များပြီး ညဉ့်နက်မှာ ကယ်လ်လိုရီတွေ အများကြီး စားမိတာမျိုး ဖြစ်နိုင်ပါတယ်။ 

    • အိပ်ပျော်ဖို့ ခက်နိုင်ပါတယ်

    အိပ်ခါနီး အစာစားလိုက်တဲ့အခါ ဗိုက်အင့်နေတာ၊ အစာခြေအက်စစ်တွေ ထွက်တာကြောင့် ရင်ပူပြီး အိပ်မပျော်တာမျိုး ဖြစ်နိုင်ပါတယ်။

    ညဘက်မှာ အစားစားတာက စနစ်တကျ စားသုံးမယ်ဆိုရင် ကောင်းကျိုး များနိုင်ပေမယ့် အလွန်အကျွံ စားမယ်၊ ကျန်းမာရေးနဲ့ မညီတာတွေကို စားမယ်ဆိုရင်တော့ ထိခိုက်လာမယ့် အကျိုးဆက်တွေ ရှိနေပါတယ်။ 

    ဖြစ်နိုင်ရင်တော့ ညအိပ်ခါနီးကို အစာမစားပါနဲ့။ တကယ်လို့ အိပ်ချိန်ရောက်တိုင်း ဗိုက်ဆာနေပြီဆိုရင် ညစာစားချိန်ကို နည်းနည်းနောက်ဆုတ်ကြည့်ပါ။ ဒါမှမဟုတ် ညစာကို လုံလုံလောက်လောက်စားပါ။

    # အမှာစကား

    ညဘက် နောက်ကျမှာ အစားစားတာက လုံးဝ မကောင်းတာ မဟုတ်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်အောင် နည်းမှန်လမ်းမှန် စားမယ်ဆိုရင် ကောင်းကျိုး များနိုင်ပေမယ့် အများစုကတော့ ဆိုးကျိုးတွေပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပြီး ကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။ မဆာဘဲ မစားပါနဲ့။ တကယ်ဆာလာပြီ ဆိုရင်လည်း ကျန်းမာရေးနဲ့ ညီညွတ်တာကိုပဲ စားပေးပါ။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement