တစ်နေ့တာမှာ စွမ်းဆောင်ရည်ကောင်းစေဖို့ ဒါတွေစားပေးပါ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မနက်အလုပ်သွားတုန်းကတော့ ဘာတွေတော့ပြီးအောင်လုပ်မယ်။ ဘယ်အလုပ်လေးကို လက်စသတ်မယ်။ ဒီနေ့တော့ပြီးမှာပါလို့တွက်ထားပေမယ့် ထင်ထားသလောက် ခန္ဓါကိုယ်က မလုပ်လိုက်နိုင်ဘူး။ စိတ်သွားတိုင်းကိုယ်မပါဘူးဖြစ်နေတယ်။ အလုပ်လုပ်နိုင်စွမ်းတွေကျနေလို့ စိတ်ညစ်နေလား။ ဒါဆိုရင်တော့ လုပ်နိုင်စွမ်းတွေတိုးလာစေဖို့ ဒီအစားအစာလေးတွေ စားပေးပါနော်။

တစ်နေ့တာမှာ လုပ်ဆောင်နိုင်မှုစွမ်းရည် မြင့်မားစေဖို့

အလုပ်ခွင်မှာ တက်ကြွလန်းဆန်းပြီး အလုပ်တွေကို အကောင်းဆုံးလုပ်နိုင်တဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်ပိုင်ဆိုင်သူ တစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ ဒီအစားအစာလေးတွေကို စားသုံးပေးပါလို့ပြောပါရစေနော်။

ရေ

ခန္ဓါကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပေါ့။ လန်းဆန်းကျန်းမာနေစေဖို့ရော ဦးနှောက်စွမ်းဆောင်ရည်ကောင်းမွန်စေဖို့ပါ အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် အလုပ်စားပွဲမှာရေကို ဗူးနဲ့ထည့်ထားပြီးသောက်ပါ။ရေသောက်တာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတစ်ခုပါ။ရေဓါတ်မပြည့်ဝမှုကလည်း လုပ်ဆောင်နိုင်မှုစွမ်းရည်ကို ကျဆင်းစေတဲ့အချက်တစ်ခုပါနော်။ အလုပ်လုပ်နေရင်း မိနစ် ၂၀ ဒါမှမဟုတ် နာရီဝက် တစ်ခါလောက်ရေသောက်ပေးပါ။

ဘယ်ရီသီးတွေ

အရသာရှိသလို လုပ်ဆောင်နိုင်မှုစွမ်းရည်ကိုလည်း တိုးတက်စေနိုင်ပါတယ်။ ဘလူးဘယ်ရီသီးလေးတွေမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကဆိုရင် ဦးနှောက်ထဲကိုသွေးနဲ့အောက်ဆီဂျင် စီးဆင်းရောက်ရှိမှုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ဘလူးဘယ်ရီစားသုံးပေးတာက မှတ်ဉာဏ်ကို တိုးတက်စေနိုင်သလို အာရုံစူးစိုက်နိုင်စွမ်းကိုလည်းကောင်းမွန်စေနိုင်ပါတယ်။

မနက်ခင်းမှာ နိုးနိုးချင်း လက်ဖက်စိမ်းရေနွေးကြမ်းလေးတစ်ခွက်လောက်သောက်လိုက်တာက တစ်နေ့တာလုံးမှာ လန်းဆန်းနေစေပြီး လုပ်ဆောင်နိုင်မှုစွမ်းရည်ကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက မှတ်ဉာဏ်ကောင်းမွန်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေစေဖို့ အထောက်အပံ့ပေးပါတယ်။

ထောပတ်သီး

အလုပ်ခွင်ထဲမှာ စွမ်းဆောင်ရည်တိုးတက်ကောင်းမွန်စေဖို့ စားပေးသင့်တဲ့ နောက်တစ်ခုကတော့ထောပတ်သီးပါ။ထောပတ်သီးမှာပါတဲ့ oleic acid ကသွေးတွင်းကိုလက်စထရောကိုကျစေလို့ ခန္ဓါကိုယ်အနှံက အစိတ်အပိုင်းတွေဆီကိုသွေးစီးဆင်းရောက်ရှိမှုကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ ဦးနှောက်ဆီကိုသွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပါတယ်။ထောပတ်သီးမှာပါတဲ့ အမျှင်ဓါတ်နဲ့ အဆီဓါတ်က အာရုံစူးစိုက်မှုကောင်းစေလို့ လုပ်ငန်းတာဝန်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အထောက်အကူပြုပေးမှာပါ။

အခွံမာသီးတွေ

အယ်လ်မွန်နဲ့ သစ်ကြားသီးတို့လိုမျိုး အခွံမာသီးတွေကမှတ်ဉာဏ်၊ သင်ယူနိုင်စွမ်းနဲ့ အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဗီတာမင် E ပါဝင်နတာကြောင့် သိမြင်မှုဆိုင်ရာ စွမ်းဆောင်ရည်တွေကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ စိတ်ဓါတ်ကျတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အလုပ်ခွင်မှာ အလုပ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ဆိုရင် အခွံမာသီးတွေကိုလည်းမေ့မထားဖို့ပြောပါရစေနော်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

ဟင်းနုနွယ်၊ ကိုက်လန်တို့လိုမျိုး အစိမ်းရောင်ရှိတဲ့ အရွက်တွေကဖောလိတ်၊ဗီတာမင် B12 နဲ့ B6 တို့ပါဝင်နေတာကြောင့် မှတ်ဉာဏ်၊ အာရုံစူးစိုက်နိုင်စွမ်းတို့ကိုကောင်းမွန်စေသလိုဦးနှောက်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ အာရုံလွှင့်တာမျိုးမရှိဘဲ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။

အဆီများတဲ့ ပင်လယ်ငါး

ဆာဒင်း၊ ဆယ်လ်မွန်၊ မက်ကာရယ်တို့လိုမျိုး အဆီများတဲ့ ပင်လယ်ငါးတွေက Omega-3 fatty acid ကြွယ်ဝစွာပါဝင်နေတာကြောင့် စိတ်ပိုင်းဆိုင်ရာကို ကျန်းမာစေနိုင်ပါတယ်။ မှတ်ဉာဏ်ကောင်းစေသလို အာရုံစူးစိုက်နိုင်စွမ်းကိုကောင်းစေတာကြောင့် တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်ချင်တယ်ဆိုရင် တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက် ပင်လယ်ငါးစားပေးပါ။

အနက်ရောင်ချောကလက်

မှတ်ဉာဏ်ကောင်းစေသလို ဦးနှောက်ထဲကိုသွေးစီးဆင်းရောက်ရှိမှုကောင်းစေတဲ့ အစားအစာတစ်ခုပါ။ ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် စိတ်ခံစားမှုကောင်းစေသလို ခန္ဓါကိုယ်ကိုလည်း ကျန်းမာစေနိုင်မှာပါ။ ဒါကြောင့် စိတ်လက်တက်ကြွစွာနဲ့ အလုပ်လုပ်နိုင်ချင်ရင် တစ်နေ့ကိုချောကလက် နည်းနည်းစီလောက် စားပေးပါ။

ဥအမျိုးမျိုး

Omega-3 fatty acid နဲ့ ကိုလင်းဓါတ်တွေပါဝင်နေတာကြောင့် မှတ်ဉာဏ်ကောင်းစေနိုင်သလို ဦးနှောက်ကိုကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် မနက်စာကို ကြက်ဥပါအောင်စားသုံးလို့ တစ်နေ့ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးလိုက်ပါ။

ဒါတွေကိုတော့ရှောင်ပါ

တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်ချင်တယ်ဆိုရင် ဒီအစားအစာတွေကိုရှောင်မှရပါမယ်နော်။

မာဂျရင်း – အဆီပါဝင်မှုများတာကြောင့် အစာခြေစနစ်ကို ထိခိုက်စေသလို ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

ချိစ် -ပြည့်ဝဆီတစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်ကို ထိုင်းမှိုင်းလေးလံစေနိုင်ပါတယ်။ ဒါကြောင့် ချိစ်က လန်းဆန်းတက်ကြွမှုအားနည်းသွားစေနိုင်တဲ့ အစားအေသာ်ကတစ်ခုဆိုတာ သတိရပါ။

မာကျူရီများတဲ့ငါးတွေ –ငါးက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် မာကျူရီများနေရင်တော့ မကောင်းပါဘူး။ မာကျူရီမျာတးဲ့ အစားအသောက်တွေက စိတ်ဓါတ်ကျတာ၊ စိုးရိမ်စိတ်များတာ၊ ညဘက် အိပ်မပျော်တာတွေကိုဖြစ်စေနိုင်ပါတယ်။

အယ်လ်ကိုဟောပါတဲ့သောက်စရာတွေ –ကျန်းမာရေးအတွက် လုံးဝမကောင်းတဲ့ အရာတစ်ခုပေါ့။ အသည်းကိုဝန်ပိစေလို့ ခန္ဓါကိုယ်ကို စွမ်းဆောင်ရည် ကျဆင်းစေမှာပါ။ ကြိုက်တယ်ဆိုရင်တောင် တစ်ပတ်ကို ၃ ခွက်ကနေ ၅ခွက်ထက်ပိုမသောက်သင့်ပါဘူး။

အသင့်စား သရေစာတွေ – အာလူးကြော် နဲ့ အခြားသော အဆာပြေစားစရာ သရေစာတွေမှာ ဖန်တီးထားတဲ့ အနံ့အရသာတွေ ပါဝင်နေသလို တာရှည်ခံဆေးတွေလည်း ပါဝင်နေပါတယ်။ ဒီဓါတုပစ္စည်းတွေက ကျန်းမာရေးကို ထိခ်ုကစေနိုင်သလို လုပ်ဆောင်နိုင်မှုစွမ်းရည်ကို ပါထိခိုက်စေနိုင်တာပါနော်။ ဒါကြောင့်ဖြစ်နိုင်ရင် မစားပါနဲ့။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဧပြီ 23, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။