backup og meta

မျက်စိကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာ ၇ မျိုး

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်စိကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာ ၇ မျိုး

    မျက်စိကျန်းမာရေးကောင်းစေဖို့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းအချို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် အောက်ပါအာဟာရဓါတ်တွေ ဖြစ်ပါတယ်။

    • ဗီတာမင် အေ၊ စီ၊ အီး
    • ဘီတာ ကရိုတင်း
    • ဇင့်
    • omega-3 fatty acid
    • zeaxanthin
    • lutein

    ဒီအာဟာရဓါတ်တွေအတွက် နေ့စဉ်စားသောက်နေတဲ့ အစားအသောက်မျိုးစုံကနေ ရရှိနိုင်ပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအသောက်တွေမှာ ပြည့်ဝဆီတွေပါဝင်ပြီး သကြားဓါတ်လွန်ကဲစွာ ပါဝင်လို့ ရှောင်ကြဉ်သင့်ပါတယ်။

    အောက်ပါအစားအစာတွေကတော့ မျက်လုံးအတွက် အကောင်းဆုံးလို့ ယူဆထားတဲ့အစားအစာတွေပဲ ဖြစ်ပါတယ်။ အများစုဟာ ရာသီမရွေး တနှစ်တာကာလပတ်လုံး သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်တဲ့ အစားအစာမျိုးတွေ ဖြစ်ပါတယ်။

    ၁။ ငါးအမျိုးမျိုး

    ငါးအမျိုးမျိုးစားသုံးခြင်းဟာ မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်။ အထူးသဖြင့် ဆယ်လ်မွန်ငါး ဖြစ်ပါတယ်။ အဲဒီငါးတွေမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ omega-3 fatty acid တွေ ပါဝင်ပါတယ်။ omega-3 fatty acid ဟာ အမြင်အာရုံကိုကောင်းစေပြီး မျက်စိအမြင်လွှာကျန်းမာရေးကို အထောက်အကူပြုပါတယ်။ မျက်စိခြောက်သွေ့ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

    ၂။ ဥအမျိုးမျို

    ဥအမျိုးမျိုးမှာ ဗီတာမင်အေ၊ လူတိန်း၊ zeaxanthin၊ ဇင့် စတာတွေ ကြွယ်ဝလို့ မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဗီတာမင်အေဟာ မျက်ကြည်လွှာအတွက် အထူးအရေးပါပါတယ်။ Lutein နဲ့ zeaxanthin ဓါတ်တွေဟာ အသက်အရွယ်ကြီးရင် ဖြစ်လာတတ်တဲ့ အမြင်အာရုံဝေဝါးခြင်း၊ အတွင်းတိမ် စတာတွေကို ဖြစ်နိုင်ခြေ နည်းစေပါတယ်။ ဇင့်ဟာ မျက်စိနောက်ပိုင်းက အမြင်လွှာကို အားကောင်းစေပါတယ်။ အထူးသဖြင့် ဇင့်ဓါတ်ဟာ ညပိုင်းအမြင်အာရုံအတွက် အထောက်အကူပြုပါတယ်။

    ၃။ မက်မွန်

    မက်မွန်သီးအပါအဝင် အခြား အစေ့အဆန်များဟာ မျက်စိကျန်းမာရေးကို အထောက်အကူပြုပါတယ်။ မက်မွန်သီးမှာ ဗီတာမင်အီးပါဝင်ပါတယ်။ ဗီတာမင်အီးကို ပုံမှန်စားသုံးရင် အသက်အရွယ်ကြောင့်ဖြစ်တတ်တဲ့ မျက်စိမှုန်ခြင်း၊ တိမ်စွဲခြင်းကို လျော့ကျစေပါတယ်။ တရက်ကို ဗီတာမင်အီး ၁၅ မီလီဂရမ် စားသုံးသင့်ကြောင်း ဆိုထားပါတယ်။ ဗီတာမင်အီးပါဝင်တဲ့ တခြား အစေ့အဆန်တွေကတော့ နေကြာစေ့၊ သစ်ကြားစေ့၊ မြေပဲ စတာတွေ ဖြစ်ပါတယ်။

    ၄။ နို့ထွက်ပစ္စည်းများ

    နို့နဲ့ဒိန်ချဉ်ဟာ မျက်စိကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ နို့ထွက်ပစ္စည်းတွေမှာ ဗီတာမင်အေနဲ့ ဇင့်ဓါတ် ပါဝင်ပါတယ်။ ဗီတာမင်အေဟာ သူငယ်အိမ်ကို ပျက်စီးခြင်းလျော့ပါးအောင် အကာအကွယ်ပေးနိုင်ပြီး ဇင့်ကတော့ အသည်းက ဗီတာမင်အေကို မျက်စိဆီရောက်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ဇင့်ဟာ ညအမြင်အာရုံကို အားကောင်းစေပြီး အတွင်းတိမ်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

    ၅။ မုန်လာဥနီ

    မုန်လာဥနီဟာ မျက်စိအတွက် ကောင်းတယ်ဆိုတာ အတော်များများ သိကြပါတယ်။ မုန်လာဥနီမှာလည်း ဗီတာမင်အေနဲ့ ဗီတာကရိုတင်းကြွယ်ဝပါတယ်။ ဗီတာမင်အေနဲ့ ဘီတာကရိုတင်းဟာ မျက်စိရဲ့မျက်နှာပြင်ကို အကာအကွယ်ပေးပါတယ်။ မျက်စိပိုးဝင်ခြင်းနဲ့ တခြားဆိုးရွားတဲ့ အခြေအနေတွေမကြုံရအောင် အထောက်အကူပြုပါတယ်။

    မုန်လာဥနီဟာ တကူးတက ပြင်ဆင်ချက်ပြုစရာမလိုဘဲ နေ့စဉ် အတို့အမြှုပ်အနေနဲ့ စားသုံးနိုင်တာ အားသာချက်တခုပါပဲ။ ဒါ့အပြင် ဟင်းချိုထဲ ထည့်ချက်နိုင်ပါသေးတယ်။

    ၆။ ကိုက်လန်

    ကိုက်လန်မှာ အရေးကြီးတဲ့ ဗီတာမင်၊ အာဟာရဓါတ်၊ သတ္တုဓါတ်များစွာ ပါဝင်ပါတယ်။ မျက်စိကျန်းမာရေးအတွက်လည်း အတော်လေး ကောင်းမွန်ပါတယ်။ ကိုက်လန်မှာလည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ lutein နဲ့ zeaxanthin ပါဝင်ပါတယ်။ အတွင်းတိမ်ဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ကိုက်လန်ဟာလည်း အထူးပြင်ဆင်စရာမလိုဘဲ နေ့စဉ် စားသုံးဖွယ်ရာတွေထဲမှာ ထည့်သွင်းစားသုံးနိုင်တဲ့ စားစရာပဲ ဖြစ်ပါတယ်။

    ၇။ လိမ္မော်သီး

    လိမ္မော်သီးမှာ မျက်စိကျန်းမာရေးအတွက် အဓိကကျတဲ့ ဗီတာမင်စီပါဝင်ပါတယ်။ မျက်စိအတွင်းက သွေးကြောတွေကောင်းမွန်အောင် အထောက်အကူပြုပြီး တိမ်စွဲခြင်းပြဿနာကို လျော့နည်းစေပါတယ်။

    အထက်ပါအစားအစာတွေကို စားသုံးတဲ့အပြင် မျက်စိကျန်းမာရေးအတွက် လိုက်နာသင့်တဲ့ အချက်တွေ ရှိပါသေးတယ်။ မျက်စိဆရာဝန်ထံမှာ မျက်စိကျန်းမာရေး ပုံမှန်စစ်ဆေးသင့်ပါတယ်။ အပြင်ထွက်ရင် နေကာမျက်မှန် ဝတ်ဆင်သင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပြီး သွေးတွင်းသကြားဓါတ်ကို ထိန်းညှိခြင်း စတာတွေ လုပ်ဆောင်သင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement