backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆေးဖက်ဝင်တဲ့ တမာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · ခုလေးတင် တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆေးဖက်ဝင်တဲ့ တမာ

အညာမြေမှာ အမြဲ စိမ်းနေတဲ့ တမာတွေက အရိပ်တင် ရတာ မဟုတ်ဘဲ ဆေးဖက်လည်း ဝင်သတဲ့။ အညာဒေသကို အလည်သွားတဲ့ အခါနေ့လည်ပိုင်းမှာ နေတွေ ပူတယ် ဆိုပေမယ့် ညဘက် ရောက်လာ တဲ့အခါ အိမ်ရှေ့ ကွပ်ပျစ်လေးထွက် လက်ဖက်စား ရေနွေးကြမ်း သောက်ရင်း နှာခေါင်းထဲမှာ သင်းသင်းလေး မွှေးလာတဲ့ အနံ့လေး တစ်ခု ရှိတတ်တာ သတိထားမိကြလား။ အဲ့ဒါက တခြား မဟုတ်ပါဘူး။ အညာမြေမှာမှ ရနိုင်တဲ့ တမာနံ့ သင်းသင်းလေးပါ။ ဆေးဖက်ဝင်တဲ့ တမာ အကြောင်းလေးကို လေ့လာလိုက်ရအောင်နော်။

တမာကို ဆေးဝါးတွေ အတွက် အသုံးပြုသလို အစားလည်းဆေး ဆေးလည်းအစာ ဆိုတဲ့အတိုင်း အချဉ် တည်စားတာမျိုးလည်း ရှိပါတယ်။ အခု ဆောင်းပါးလေးထဲမှာ အညာမြေရဲ့ အငွေ့အသက် တစ်ခုဖြစ်တဲ့ တမာပင်ရဲ့ ဆေးဖက်ဝင်တဲ့ အကြောင်းလေး ပြောပြပါရစေ။

တမာ ဆိုတာ

တမာပင်က အပူပိုင်း အမြဲစိမ်း အပင် တစ်မျိုးပါ။ လွန်ခဲ့တဲ့ ရာစုနှစ် များစွာကတည်းက အာရှဒေသက နိုင်ငံတွေမှာ ဆေးဝါးအဖြစ် အသုံးပြုလာခဲ့ကြပါတယ်။ တမာက တစ်ပင်လုံးလိုလို ဆေးဖက်ဝင်တာပါ။

တမာရွက်နဲ့ အခြားအပင် အစိတ်အပိုင်းတွေကို အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေ အတွက် အသုံးပြုလို့ ရသလို ကူးစက်ရောဂါတွေ ကာကွယ်ဖို့အတွက်လည်း အသုံးပြုကြပါတယ်။ နောက်တစ်မျိုးအသုံးပြုလို့ ရတာကတော့ အင်းဆက်တွေနဲ့ ပိုးမွှားတွေကို နှိမ်နင်းတိုက်ထုတ်ပေးတဲ့ အရာ အဖြစ်ပါ။

တမာက အရိပ်ရရုံတင် မဟုတ်ပါဘူး။ ဆေးဖက်လည်း ဝင်ပါသေးတယ်။

ဆေးဖက်ဝင်တဲ့ တမာ

ဆေးဖက်ဝင်တဲ့ တမာ လို့ ပြောရတာက တမာရွက်ကို အနာကြီးရောဂါ၊ မျက်လုံးမှာဖြစ်တဲ့ဝေဒနာတွေ၊နှာခေါင်းသွေးလျှံတာ၊ အစာအိမ်ဝေဒနာအစားစားချင်စိတ်လျော့နည်းတာ၊ အရေပြားအနာနှလုံးသွေးကြောဆိုင်ရာရောဂါတွေအဖျားဆီးချိုသွားဖုံးရောဂါနဲ့အသည်းရောဂါတွေအတွက် အသုံးပြုလို့ရပါတယ်။ အမျိုးသမီးတွေမှာဆိုရင်လည် တမာကို သဘာဝ သားဆက်ခြားဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

တမာပင် အခေါက်ကိုတော့ ငှက်ဖျားရောဂါ၊ အစာအိမ် နဲ့ အူလမ်းကြောင်းရောဂါတွေကို သက်သာစေဖို့အတွက် အသုံးပြုလို့ ရပါတယ်။

တမာသီး တစ်ပင်လုံး အသုံးဝင်တဲ့ တမာပင်ရဲ့ အသီးကိုတော့ လိပ်ခေါင်းဝေဒနာ၊ အူလမ်းကြောင်းမှာဖြစ်တဲ့ သန်ကောင် တုတ်ကောင်တွေကိုချေဖျက်ဖို့၊ ဆီးလမ်းကြောင်းပိုးဝင်ကူးစက်တာ၊ နှာခေါင်းသွေး လျှံတာ၊ ချွဲသလိပ်တွေမျက်လုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ၊ ဆီးချို၊ အနာတွေ နဲ့ အနာကြီးရောဂါတွေ အတွက် အသုံးပြုလို့ ရပါတယ်။

တမာပွင့်ကိုတော့ သည်းခြေရည်အထွက်များတာ၊ ချွဲသလိပ်တွေဖြစ်တာနဲ့ သန်ကောင်တုတ်ကောင်တွေကိုချေဖျက်တာတွေအတွက်အသုံးပြုလို့ရပါတယ်။

တမာပင်ရဲ့ အကိုင်းအခက်တွေကိုတော့ ချောင်းဆိုးတာ၊ ပန်းနာရင်ကျပ်၊ လိပ်ခေါင်း၊ သန်ကောင်တုတ်ကောင်တွေကို ချေဖျက်တာ၊ အမျိုးသားတွေမှာ မျိုးအောင်နိုင်စွမ်း ကျဆင်းတာကို သက်သာစေဖို့ အသုံးပြုနိုင်သလို ဆီးချိုဝေဒနာ အတွက်လည်း အသုံးဝင်ပါတယ်။ သွားနဲ့ သွားဖုံးရောဂါတွေ အတွက်ပါ အသုံးပြုလို့ ရပါတယ်။

တမာစေ့နဲ့ တမာစေ့ဆီကိုတော့ အစာအိမ်အူလမ်းကြောင်းဝေဒနာတွေနဲ့ အနာကြီးရောဂါတွေအတွက်အသုံးပြုလို့ရပါတယ်။ တမာကို ခန္ဓါကိုယ်ကိုယ်ခံအားကို တိုးစေဖို့အတွက်အသုံးပြုနိုင်တဲ့ အပြင် အနာသွေးတိတ်စေဖို့အတွက်လည်း အသုံးပြုလို့ရပါတယ်။

ဦးရေပြားနဲ့ ဆံသားအတွက်လည်း တမာကို အသုံးပြုလို့ရပါတယ်။ ဦးရေပြားပေါ်က သန်းတွေကို ဖယ်ရှားဖို့၊ အရေပြားပေါ်က အနာတွေကို သက်သာစေဖို့အတွက် အသုံးပြုလို့ရပါတယ်။ ခြင်မကိုက်အောင် ကာကွယ်ဖို့အတွက် တမာဆီကို အသုံးပြုနိုင်သလို မျက်နှာပေါ်က ဝက်ခြံတွေသက်သာစေဖို့နဲ့ အသားအရေနူးညံ့စိုပြည်စေဖို့အတွက်လည်း တမာရွက်ကို အသုံးပြုလို့ရပါတယ်။

တမာရွက်မှာပါတဲ့ ဓာတုဓာတ်တွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပြီး အစာခြေလမ်းကြောင်းမှာဖြစ်တဲ့ အနာတွေကို သက်သာစေနိုင်တဲ့အပြင် ဝမ်းချုပ်တာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ခံတွင်းထဲမှာဖြစ်တဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပြီး သွားတွေကို ကြံ့ခိုင်ကျန်းမာစေပါတယ်။

ကိုယ်ခံအားကောင်းစေပြီး အသည်းကို လုပ်ဆောင်နိုင်စွမ်းမြင့်တက်စေနိုင်တာကြောင့် သွေးသန့်စေနိုင်ပြီး အသက်ရှူလမ်းကြောင်းနဲ့ အစာခြေစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။ ငှက်ဖျားရောဂါ ကုသရာမှာလည်း တမာရွက်ကတော်တော်လေး အသုံးတည့်တာပါ။

ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ။

တမာရွက်နဲ့ ပဉ္စငါးပါးက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ရောဂါအခံရှိသူတွေ၊ ဆေးတစ်မျိုးမျိုးသောက်သူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးငယ်တွေကတော့ ဆရာဝန်နဲ့ မတိုင်ပင်ဘဲ အသုံးမပြုသင့်ပါဘူး။ သာမန်လူတွေအနေနဲ့လည်း အလွန်အကျွံ အသုံးပြုတာကို ရှောင်သင့်ပါတယ်။

သတိထားရမယ့် အချက်များ

တမာက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ဒါနဲ့ ပတ်သက်ပြီး ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝက ရတယ်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်းမရှိရင် ခန္ဓာကိုယ်ကို ဘေးဖြစ်စေတတ်ပါတယ်။ တမာကို ကျွမ်းကျင်သူတွေ ညွှန်ကြားထားတဲ့ ဆေးဝါးတွေနေရာမှာ အစားထိုး အသုံးမပြုသင့်ပါ။ ဒီဆောင်းပါးက ဗဟုသုတ မျှဝေဖို့သာ ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · ခုလေးတင် တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement