backup og meta

လမ်းဘေးခွေး အကိုက်ခံရတဲ့အခါ ဘယ်လိုအရေးပေါ်ပြုစုရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 10/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လမ်းဘေးခွေး အကိုက်ခံရတဲ့အခါ ဘယ်လိုအရေးပေါ်ပြုစုရမလဲ

    အိမ်မွေးခွေးလိုမဟုတ်ဘဲ လမ်းဘေးခွေးတွေဟာ လူတွေအပေါ် ပိုပြီးရန်လိုတတ်ကြပါတယ်။ အထူးသဖြင့် ညမှောင်တဲ့အချိန်၊ သန်းခေါင်ယံတွေမှာ အပြင်ထွက်တဲ့အခါ ခွေးတွေအနေနဲ့ မိမိပိုင်နက်အတွင်းကို ကျူးကျော်တယ်လို့ သတ်မှတ်ပြီး ရန်မူတတ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ လမ်းဘေးခွေးများအခြေအနေ

    ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် ခွေးရူးပြန်ကာကွယ်ဆေး မထိုးထားတဲ့ အလေအလွင့်ခွေးတွေ အရမ်းများပါတယ်။ စနစ်တကျ မွေးမြူထားခြင်းမဟုတ်ဘဲ သနားတဲ့ စိတ်နဲ့ လူတွေက အစာတွေ မကြာခဏကျွေးတဲ့အခါ ပေါက်ဖွားနှုန်းက ပိုများလာပါတယ်။ သနားတာက တချို့နေရာတွေမှာ ကောင်းပေမယ့် နေရာတိုင်းအတွက်တော့ မဟုတ်ပါဘူး။

    အလေအလွင့်ခွေးတွေ များလေ၊ ခွေးရူးပြန်ရောဂါရဲ့ ဒုက္ခက မသေးလှပါဘူး။ ကလေးတွေအတွက်ဆို ပိုပြီး ဒုက္ခများပါတယ်။ မိဘမပါဘဲ ကလေးတွေကို အပြင်လွှတ်လိုက်လို့ ကလေးတွေက လမ်းဘေးခွေးတွေကို သွားစ၊ ပြီးရင် အကိုက်ခံရတဲ့အခါ ဒဏ်ရာအတွက်ပဲ ဆေးထည့်ပြီး ခွေးရူးပြန်ကာကွယ်ဆေး မထိုးရင် ကလေးရဲ့ဘဝက အဲဒီမှာတင် လမ်းဆုံးပါပြီ။

    လမ်းဘေးခွေး အကိုက်ခံရခြင်း အရေးပေါ်ပြုစုနည်း

    ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ လမ်းဘေးခွေးအကိုက်ခံရတဲ့အခါ လုံးဝပေါ့ဆလို့မရပါဘူး။ အုပ်ထိန်းသူ သို့မဟုတ် မိသားစုဝင်တစ်ဦးဦးကို ပြောပြီးတော့ ဆေးခန်းအမြန်ပြဖို့ လိုအပ်ပါတယ်။ ခွေးရူးပြန်ရောဂါသည် ခွေးအကိုက်ခံရတာ သို့မဟုတ် ကုတ်ဖဲ့ခံရရင် သွေးကြောထဲ ဗိုင်းရပ်စ်ပိုး ဝင်ပြီးကူးစက်တာပါ။ ဒီအတွက် အကိုက်ခံရမှမဟုတ်ဘဲ ကုတ်တာဆိုရင်လည်း ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

    ၁။ အရင်ဦးဆုံး ကိုက်ထားတဲ့နေရာကို သန့်ရှင်းအောင် ရေနဲ့ ဆေးကြောရပါမယ်။ ကိုက်လိုက်တဲ့ ခွေးမှာ ခွေးရူးပြန်ဗိုင်းရပ်စ်ရှိနေခဲ့ရင် အကိုက်ခံရတဲ့နေရာတစ်ဝိုက်မှာ အဲဒီဗိုင်းရပ်စ်တွေ ကပ်နေတဲ့ ခွေးသွားရေတွေ ပေကျန်နေနိုင်ပါတယ်။ ဒီအတွက် ရေအေးအေးနဲ့ ဒဏ်ရာကို ဆေးကြောပစ်လိုက်ရပါမယ်။

    ၂။ ပြီးသွားရင် ဆပ်ပြာကို သေချာအမြှုပ်ထအောင် လုပ်ပြီး အကိုက်ခံရတဲ့ဒဏ်ရာတစ်ဝိုက်ကို ဖြည်းဖြည်းချင်းပဲ ပွတ်ဆေးပေးပါ။ ဆပ်ပြာစင်အောင် ရေနဲ့ ပြန်ဆေးကြောပါ။

    ၃။ ဒဏ်ရာကို မသန့်ရှင်းတဲ့ လက်နဲ့ လုံးဝမထိကိုင်ပါနဲ့။

    ၄။ ကိုက်တဲ့ခွေးဟာ လမ်းဘေးခွေးဖြစ်တဲ့အတွက် ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားတယ်၊ မထိုးထားဘူးဆိုတာ အတိအကျမသိရပါဘူး။ ဒီအတွက် ဆေးရုံကတော့ မဖြစ်မနေ သွားပြဖို့ လိုအပ်ပါတယ်။ အကိုက်ခံရပြီး ၂၄နာရီအတွင်း ဆေးခန်းစောစောသွားပြနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

    ၅။ ဆေးရုံသွားပြတဲ့အခါ အကိုက်ခံရတဲ့ ခွေးက အိမ်မွေးခွေး သို့မဟုတ် လမ်းဘေးခွေးဖြစ်ကြောင်း၊ ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားခြင်း ရှိမရှိကို မေးပြီးရင် အနာအခြေအနေကို ကြည့်မှာပါ။ အနာက သိပ်မကြီးရင်တော့ လိမ်းဆေးပဲ ပေးမှာဖြစ်ပြီး အရမ်းကြီးပြီး နက်နေရင် ဒဏ်ရာကို ချုပ်ဖို့လိုပါတယ်။

    ၆။ ခွေးရူးပြန်ကာကွယ်ဆေးကို သတ်မှတ်အကြိမ်ရေအတိုင်း ထိုးပေးဖို့ လိုပါတယ်။ ပုံမှန်အားဖြင့်တော့ ခွေးရူးပြန်ကာကွယ်ဆေးကို ၄ကြိမ်ထိုးပေးတာပါ။ ပထမဆုံး ဆေးခန်းပြတဲ့နေ့မှာ တစ်ကြိမ်၊ ကျန်တဲ့ ၃ကြိမ်အတွက် ဆရာဝန်ရဲ့ ရက်ချိန်းအတိုင်း မပျက်မကွက် သွားရောက်ဆေးထိုးဖို့ အရေးကြီးပါတယ်။

    အနာကို သန့်ရှင်းအောင် ဘယ်လိုထားမလဲ။

    ခွေးကိုက်ဒဏ်ရာဟာ ပျောက်ဖို့အတွက် ရက်သတ္တပတ်ကနေ လပိုင်းအထိ ကြာနိုင်ပါတယ်။ ဆီးချိုရောဂါရှင်တွေဆိုရင် အနာကျက်နှေးတဲ့အတွက် ပိုကြာနိုင်ပါတယ်။ ခွေးကိုက်ဒဏ်ရာ မပျောက်မချင်း အနာကို လုံးဝခြောက်သွေ့ပြီး သန့်ရှင်းနေအောင် ထားပေးပါ။ အနာကို မလိုအပ်ဘဲ လက်နဲ့မထိပါနဲ့။ ဆရာဝန်ပေးလိုက်တဲ့ ပဋိဇီဝလိမ်းဆေးတွေကို ရေချိုးပြီးတိုင်း သေချာလိမ်းပေးပါ။ ခွေးရူးပြန်ကာကွယ်ဆေး ထိုးရမယ့် ရက်ချိန်းမှာ မဖြစ်မနေဆေးခန်းသွားပါ။

    လမ်းဘေးခွေး အကိုက်ခံရခြင်းကနေ ဘယ်လိုရှောင်လွှားနိုင်မလဲ။

    များသောအားဖြင့် လမ်းဘေးခွေးတွေက လူအများစုသွားလာနေတဲ့ နေ့လယ်ဘက်တွေမှာ တော်ရုံမကိုက်တတ်ပါဘူး။ ညအရမ်းမှောင်တဲ့ သန်းခေါင်ယံအချိန်တွေမှာ ကိုက်တာပိုများပါတယ်။ ဒီအတွက် ညအရမ်းမိုးချုပ်နေတဲ့အချိန် အပြင်ထွက်တာမျိုး ရှောင်ပါ။ အထူးသဖြင့် ကိုယ်သွားမယ့်နေရာမှာ လမ်းဘေးခွေးတွေ ရှိတတ်တယ်ဆိုရင် မသွားပါနဲ့။ မလွဲသာမရှောင်သာ သွားရမယ်ဆိုရင် ကိုယ်ပိုင်ကား သို့မဟုတ် တက်စီနဲ့သာသွားပါ။

    လမ်းဘေးခွေးကို ကိုယ်တိုင်တာဝန်ယူပြီး မမွေးမြူနိုင်ရင် စည်းကမ်းမဲ့အစာမကျွေးပါနဲ့။ တာဝန်ယူမှုမရှိဘဲ အစာကျွေးခြင်းဟာ ကိုယ့်ပတ်ဝန်းကျင်မှာ နေထိုင်နေတဲ့လူတွေအားလုံးကို ဒုက္ခရောက်အောင် လုပ်တာနဲ့ အတူတူပါပဲ။ ခွေးကို ချစ်တတ်တယ်၊ ကိုယ်တိုင်လည်း မမွေးမြူနိုင်ရင် အမှန်တကယ် စောင့်ရှောက်ပေးနိုင်မယ့် တိရစ္ဆာန်မွေးမြူရေး ဂေဟာတွေ၊ အဖွဲ့အစည်းတွေကို ဖုန်းဆက်အကြောင်းကြားပါ။ ကိုယ်တတ်နိုင်သလောက် အလှူငွေ၊ စားနပ်ရိက္ခာ လှူဒါန်းတာမျိုးနဲ့ ကိုယ့်ဘက်ကနေ ကူညီပေးလို့ရပါတယ်။

    နောက်ဆုံးအနေနဲ့ လမ်းဘေးခွေးရှိတဲ့လမ်းတွေမှာ နေထိုင်နေသူတွေ ကလေးကို လူကြီးမပါဘဲ အပြင်ပေးမထွက်ပါနဲ့။ ထွက်ရင်လည်း ကိုယ့်ကလေးကို အမြဲ မျက်ခြေမပြတ်စောင့်ကြည့်နေပါ။ ကလေးဆိုတာက စူးစမ်းလေ့လာပြီး စနောက်ဆော့ကစားလိုတဲ့အတွက် ဒီအတိုင်းနေနေတဲ့ ခွေးကို စိတ်ဆိုးအောင် သွားလုပ်နိုင်ပြီး အကိုက်ခံရတတ်ပါတယ်။ အကိုက်ခံရရင်လည်း အိမ်မှာကြိတ်မကုပါနဲ့။ ခွေးရူးပြန်ရောဂါသည် ကုရာနတ္ထိဆေးမရှိ၊ ဖြစ်ပြီဆိုရင် အချိန်တိုအတွင်း အသက်ဆုံးရှုံးနိုင်တဲ့ ရောဂါတစ်ခုပါ။ မပေါ့ပါနဲ့။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 10/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement