backup og meta

ကိုယ့်ကြောင့် မိသားစုကို ရောဂါမကူးစေဖို့ ဒါလေးတွေ လိုက်နာပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကြောင့် မိသားစုကို ရောဂါမကူးစေဖို့ ဒါလေးတွေ လိုက်နာပါ

    အခုလတ်တလောမှာ ကမ္ဘာ့ကပ်ရောဂါလို့ ထုတ်ပြန်လိုက်တဲ့ COVID-19 ကြောင့် အများကြားမှာ ထိတ်လန့်စိုးထိတ်မှု တွေဖြစ်နေကြပါတယ်။

    အခုဆိုရင် လူတော်တော်များများက နေအိမ်တွေကနေ အလုပ်လုပ်နေကြတာရှိသလို မဖြစ်မနေလုပ်ငန်းခွင်ကို သွားနေရသူတွေလည်း ရှိမှာပါ။ ဒီတော့ ကိုယ့်ကြောင့် ကိုယ်မိသားစုဝင်တွေ ချစ်ခင်ရသူတွေမှာ ရောဂါပိုး ကူးစက်တာတွေ မဖြစ်စေဖို့ ဘယ်လိုလုပ်မလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ တူတူကြည့်ရအောင်လား……….

    မိမိကြောင့် မိသားစုဝင်တွေကို ရောဂါမကူးစက်စေဖို့ ဘာတွေလုပ်ဆောင်ရမလဲ……

    ကိုယ်ကြောင့် မိသားစုဝင်တွေကို ရောဂါမကူးစက်စေဖို့ဆိုရင် အပြင်က ပြန်လာတိုင်း

    ဘာကိုမှ မထိပါနဲ့ – အိမ်ကိုပြန်ရောက်ရောက်ချင်းမှာ ဘာကိုမှ မထိမိစေဖို့ သတိထားပါ။ အကြောင်းက လက်အပါအဝင် တစ်ကိုယ်လုံးမှာ ရောဂါပိုးတွေ ကပ်ပါလာနိုင်တာကြောင့်ပါ။ လက်ကို အရင်ဆေးဖို့ လုပ်ပါ။

    ဖိနပ်ကို အိမ်အပြင်ဘက်မှာ ချွတ်ပါ – ဖိနပ်က နေရာအနှံ့ကို နင်းထားတာကြောင့် COVID_19 အပါအဝင် အမျိုးမျိုးသော ရောဂါတွေ ကပ်ပါလာနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက ဖိနပ်ကို အိမ်ခန်းအပြင်ဘက်မှာ ချွတ်ပါ။

    အိတ်တွေကို အဝင်ဝမှာ ခဏလောက်ထားပေးပါ – ရုံးသွားတဲ့အခါ ယူဆောင်သွားတဲ့ အိတ်တွေ နဲ့ ထမင်းချိုင့်စတဲ့ အသုံးအဆောင်တွေကို အဝင်ဝမှာ ခြင်းတစ်လုံးထားလို့ ခဏ စုထည့်ထားပေးပါ။ ကားသော့၊ ပိုက်ဆံအိတ်ပါမကျန်ပေါ့။ နာရီဝက်လောက် ဖြစ်ဖြစ်ပေါ့။ ပြီးရင်တော့ ရေမလိုလက်သန့်ဆေးလို အရာနဲ့ ပိုးသတ်ပြီးမှ အထဲကို ယူဖို့လုပ်ပါ။ အရက်ပြန်ကို အသုံးပြုပေးလို့လည်း ရပါတယ်။

    လက်ကိုင်ဖုန်းကို သန့်စင်ပါတစ်နေ့တာမှာ ထိတွေ့ထားတဲ့ ဖုန်းကိုလည်း သန့်စင်ဖို့ မမေ့ပါနဲ့။ လက်ပ်တော့ကိုရောပေါ့။ သန့်စင်ဆေးရည်နဲ့ သေချာလေး သန့်စင်ပေးပါ။ မျက်မှန်ကို သန့်စင်ဖို့လည်း မမေ့ပါနဲ့။

    လက်ဆေးပါ – အပြင်ကပြန်လာတိုင်း ဘာကိုမှ ကိုင်တွယ်ထိတွေ့တာမျိုးမလုပ်ပါနဲ့ဦး။ ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေး တွေကိုတောင် မထိတွေ့ပါနဲ့ဦး။ လက်ကို ရေနဲ့ ဆပ်ပြာသုံးလို့ စက္ကန့် ၂၀ ကြာ သေချာလေး ဆေးကြောပါ။

    အဝတ်အစား ချက်ချင်းလဲပါ – အဝတ်အစားတွေမှာလည်း ရောဂါပိုးတွေ ကပ်ညှိလာနိုင်ပါတယ်။ ဒါကြောင့် အိမ်ရောက်ပြီဆိုတာနဲ့ ရေချိုးပြီး အဝတ်အစားကိုလဲဖို့လည်း ချက်ချင်းဆိုသလို လုပ်သင့်ပါတယ်။ ဖြစ်နိုင်ရင် ချွတ်လိုက်တဲ့ အဝတ်အစားကို ချက်ချင်း ဆပ်ပြာရည်စိမ်လိုက်ပါ။

    နှာခေါင်းစည်းတွေ လက်အိတ်တွေကို သေချာစွန့်ပစ်ပါ – အများသုံး သယ်ယူဖို့ဆောင်ရေး စနစ်ကို အသုံးပြုနေရတယ်၊ ရောဂါပိုးတွေ ကူးစက်မှာစိုးလို့ ကာကွယ်တဲ့အနေနဲ့ နှာခေါင်းစည်းတပ်တယ်၊ လက်အိတ်တွေ သုံးတယ်ဆိုရင်တော့ အိမ်ထဲကို မဝင်ခင်မှာ အမှိုက်ပုံးထဲကို သေချာလေး စွန့်ပစ်ပါ။

    အိမ်မွေး တိရစ္ဆာန်လေးရဲ့ ခြေဖဝါးလေးတွေကိုလည်း သန့်စင်ပေးပါ – COVID_19 က တိရစ္ဆာန်လေးတွေကနေတဆင့် မကူးစက်နိုင်ဘူး ဆိုပေမယ့် အခြား ရောဂါပိုးတွေကတော့ လမ်းလျှောက်ထွက်လာတဲ့ သူတို့လေးတွေရဲ့ ခြေဖဝါး၊ လက်ဖဝါးလေးတွေမှာ ကပ်တွယ်လာနိုင်ပါတယ်။ ဒါကြောင့် အပြင်က ပြန်လာတဲ့ သူတို့လေးတွေကိုလည်း ခြေဖဝါး၊ လက်ဖဝါးလေးတွေကို သန့်စင်ပေးပါ။

    ဒါလေးတွေလည်း သတိထားပေးပါဦး…………

    ဒါတွေအပြင် ရောဂါကို ကာကွယ်ဖို့အတွက်

    • တစ်ခုခုကို ထိတွေ့ပြီးတိုင်းလက်ဆေးပါ။ အစားမစားခင်လက်ဆေးပါ။

    • အသုံးပြုနေတဲ့ အရာဝတ္ထုတွေကို နေ့စဉ် သန့်စင်ပိုးသတ်ပါ။

    အာဟာရပြည့်ဝအောင်စားပါ။

    • အိပ်ရေးဝဝအိပ်ပါ။

    • လူစူလူဝေးဖြစ်တဲ့နေရာတွေကို မသွားပါနဲ့။

    နှာချေ၊ချောင်းဆိုးတဲ့အခါတိုင်း နှာခေါင်း နဲ့ ပါးစပ်ကို တစ်သျှူးနဲ့ သေချာအုပ်ပါ။ ပြီးရင် တစ်သျှူးကို အမှိုက်ပုံးထဲ သေချာ စွန့်ပစ်ပါ။

    • လူတိုင်းနဲ့ ဖြစ်နိုင်လျှင် ၃ ပေအကွာမှာနေပါ။

    အဖျားကြီးမယ်၊ ချောင်းခြောက်ဆိုးမယ်။ ခြေလက်တွေမသယ်ချင်ဖြစ်မယ်ဆိုရင် ကုသရေးဌာနတွေဆီ ချက်ချင်း အကြောင်းကြားပါ။

    ကဲ…. ကိုယ့်ကြောင့် အခြားသူတွေကို ရောဂါမကူးစက်အောင် အခုပြောခဲ့တဲ့ နည်းလေးတွေကို အသုံးပြု ကာကွယ် ကြည့်ရအောင်လား။ ရာနှုန်းပြည့်မဟုတ်ပေမယ့် အချည်းအနှီးမဖြစ်တာတော့ အသေအချာပါပဲနော်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်ပါ၏။

    [covid_19]

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement