backup og meta

ခွေးရူးပြန်အန္တရာယ် သတိပြုကာကွယ်


Ye Myo Myat မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခွေးရူးပြန်အန္တရာယ် သတိပြုကာကွယ်

    ကုရာနတ္ထိ ဆေးမရှိ ရောဂါတွေထဲမှာ ခွေးရူးပြန်ရောဂါဟာလည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေရဲ့ တံတွေးမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးတွေဟာ အကိုက်ခံရသူရဲ့ သွေးကြောထဲကို ဝင်ရောက်ပြီး ကူးစက်ပါတယ်။ အကိုက်ခံရသူမှာ ခွေးရူးပြန်ကာကွယ်ဆေး မထိုးထားဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ ရောဂါလက္ခဏာ စတင်ပြလာပြီး နောက်ဆုံး ကုသကယ်တင်ဖို့ မတတ်နိုင်တော့ဘဲ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။

    ခွေးရူးပြန် ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဆေး မထိုးထားတဲ့ အလေအလွင့် ခွေးတွေမှာ အများဆုံးတွေ့ရတတ်ပြီး ကြောင်၊ ကြွက်၊ လင်းနို့၊ မြေခွေး အစရှိတဲ့ တိရစ္ဆာန်တွေကနေလည်း ကူးစက်နိုင်ပါတယ်။ ကိုယ်က ဒဏ်ရာသေးတယ်ဆိုပြီး အမှုမဲ့ အမှတ်မဲ့ နေလိုက်မယ်ဆိုရင်တော့ အသက်အန္တရာယ် ဆုံးရှုံးဖို့ အခွင့်အလမ်း တော်တော်များတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ခွေးရူးပြန်ရောဂါ မဖြစ်ပွားစေဖို့ ဘယ်လိုကာကွယ်မလဲ၊ ဘာတွေ ပြင်ဆင်ထားသင့်လဲ၊ ရှောင်ကြဉ်သင့်တဲ့ အရာတွေ အစရှိတဲ့ အကြောင်းအရာတွေကို ပြောပြပေးသွားမှာပါ။

    ခွေးရူးပြန်ရောဂါ ကူးစက်ပုံ အဆင့်ဆင့်

    ရောဂါပိုးရှိတဲ့ တိရစ္ဆာန်က တခြားလူကိုဖြစ်စေ၊ တိရစ္ဆာန်ကို ဖြစ်စေ ကိုက်လိုက်တဲ့အခါမှာ ကူးစက်ပါတယ်။ အဓိက ခွေးရူးပြန်ဗိုင်းရပ်စ်ပိုး ပါနေတဲ့ တံတွေးဟာ အကိုက်ခံရတဲ့ ဒဏ်ရာရဲ့ အတွင်းတစ်သျှူး၊ သွေးကြောထဲထိ ဝင်သွားတဲ့အခါ ကူးစက်ပါတယ်။ အကိုက်မခံရတဲ့ အခြေအနေမှာတောင် ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ဟာ ကိုယ့်အရေပြားအပေါ်က အနာ၊ ပွန်းပဲ့ထိခိုက် ဒဏ်ရာကို လျှာနဲ့ လျက်လိုက်ရင်လည်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ပါတယ်။

    ခွေးရူးပြန်ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်နိုင်တဲ့ တိရစ္ဆာန်တွေ

    သွေးနွေးသတ္တဝါ အများစုမှာ ကာကွယ်ဆေးမထိုးထားဘူးဆိုရင် ခွေးရူးပြန်ဗိုင်းရပ်စ်ပိုး ရှိနိုင်ပါတယ်။ ခွေး၊ ကြောင်၊ နွား၊ ရှဉ့်၊ ဆိတ်၊ မြင်း အစရှိတဲ့ အိမ်မွေး သို့မဟုတ် ခြံမွေးတိရစ္ဆာန်တွေ၊ ကြွက်၊ လင်းနို့၊ မျောက်၊ မြေခွေးအစရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေ၊ စနစ်တကျ မွေးမြူထားခြင်းမရှိတဲ့ အလေအလွင့် တိရစ္ဆာန်တွေ အကိုက်၊ အကုတ်ခံရတဲ့အခါမှာလည်း ခွေးရူးပြန်ရောဂါပိုး ကူးစက်ခံရနိုင်ခြေ များပါတယ်။

    ခွေးရူးပြန်ရောဂါ လက္ခဏာက ဘာတွေလဲ။

    ဗိုင်းရပ်စ်ပိုးဟာ ကိုယ်ခန္ဓါထဲ စတင်ဝင်ရောက်လာတဲ့အခါ တုပ်ကွေး၊ အအေးမိသလို ရောဂါလက္ခဏာတွေ တွေ့ရတတ်ပြီး ရက်အနည်းငယ် ကြာနိုင်ပါတယ်။ ကိုယ်က ကာကွယ်ဆေးလည်း လုံးဝမထိုးထားဘူးဆိုရင်တော့ အနှေးနဲ့ အမြန် ပြင်းထန်တဲ့ လက္ခဏာတွေ ပြလာပြီး ခွေးရူးပြန်ရောဂါကြောင့် အသက်ဆုံးရှုံးရနိုင်ပါတယ်။

    ခွေးရူးပြန်ရောဂါ ရှိနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာတွေကတော့

  • အပြင်းဖျားနာခြင်း
  • ခေါင်းမူးခေါင်းကိုက်ခြင်း
  • ကိုယ်လက်မအီမသာဖြစ်ခြင်း
  • မူးဝေအော့အန်ခြင်း
  • စိုးရိမ်ပူပန်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • အာရုံစူးစိုက်မရခြင်း
  • အသိစိတ် လွတ်ခြင်း
  • တက်ကြွလွန်းခြင်း
  • အစာမြိုချရ ခက်ခဲခြင်း
  • ပါးစပ်မှ သွားရည်များ အမြဲစီးကျနေခြင်း
  • ရေသောက်ဖို့ ခက်ခဲခြင်း၊ ရေမြင်ရင် ကြောက်လန့်စိတ် ဖြစ်ခြင်း
  • စိတ်ကယောင်ခြောက်ခြား ဖြစ်ခြင်း
  • အိပ်မပျော်ဖြစ်ခြင်း
  • ကိုယ်လက်အင်္ဂါ အကြောသေခြင်း၊ လေဖြတ်ခြင်း ပဲ ဖြစ်ပါတယ်။
  • ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲ။

    ကိုယ်နဲ့ မသိတဲ့ တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ အကိုက်ခံရတာနဲ့ ၂၄ နာရီအတွင်း စောနိုင်သလောက် စောစောသွားပြနိုင်ရင် အကောင်းဆုံးပါပဲ။ အထူးသဖြင့် ကာကွယ်ဆေးထိုးထားတဲ့ အိမ်မွေးတိရစ္ဆာန်မဟုတ်ဘဲ တခြား အလေအလွင့်တိရစ္ဆာန်တွေ ကိုက်တာ၊ ကုတ်တာခံရရင်လည်း အမြန်ဆုံး ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။

    ကိုယ့်ဒဏ်ရာရဲ့ အခြေအနေကို လေ့လာပြီး ဆရာဝန်က ညွှန်ကြားထားတဲ့ ဆေးအညွှန်းအတိုင်း သေချာလိုက်နာဖို့၊ ကာကွယ်ဆေးကို ရက်ချိန်းအတိုင်း မပျက်မကွက် မှန်မှန်ထိုးပေးဖို့ အလွန်အရေးကြီးပါတယ်။

    ခွေးရူးပြန်ရောဂါ မကူးစက်ခံရစေဖို့ ဘယ်လိုကာကွယ်မလဲ။

    ခွေးရူးပြန်ရောဂါဆိုတာ ကုရာနတ္ထိ ဆေးမရှိပေမဲ့ အချိန်မီ ကာကွယ်လို့ ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

    ၁။ ကိုယ့်အိမ်မှာ မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေကို ခွေးရူးပြန်ကာကွယ်ဆေး ပုံမှန်ထိုးပေးရပါမယ်။ ကာကွယ်ဆေးထိုးထားတဲ့အခါမှာ တိရစ္ဆာန်လေးတွေမှာလည်း ဗိုင်းရပ်စ်ပိုး မကူးစက်ခံရနိုင်သလို လူတွေအတွက်လည်း အန္တရာယ်ကင်းရှင်းပါတယ်။

    ၂။ အိမ်မွေးတိရစ္ဆာန်တွေကို အပြင်မထုတ်ထားပါနဲ့။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အလေအလွင့် တိရစ္ဆာန်တွေ အလွန်များတဲ့အပြင် စနစ်တကျ ကာကွယ်ဆေးထိုးထားတာမျိုးလည်း မရှိတဲ့အတွက် ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်တွေ အကိုက်ခံရကနေ ကူးစက်နိုင်ပါတယ်။

    ၃။ ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ အလေအလွင့်ခွေးတွေ အရမ်းများနေရင် သက်ဆိုင်ရာကို အကြောင်းကြားပြီး ကာကွယ်ဆေး ထိုးပေးဖို့နဲ့ စောင့်ရှောက်ရေး ဂေဟာတစ်ခုခုရှာဖို့ ဝိုင်းဝန်းကူညီပေးပါ။

    ၄။ မဖြစ်ခင် ကြိုတင်ကာကွယ် ဆိုသလို ကိုယ်တိုင်လည်း ခွေးရူးပြန်ကာကွယ်ဆေး ပုံမှန်ထိုးပေးဖို့ လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ထားတဲ့အခါ ကိုယ့်အတွက်လည်း အသက်အန္တရာယ်ကနေ ကင်းရှင်းနိုင်တာပေါ့။

    ၅။ အလေအလွင့် တိရစ္ဆာန်တွေကို စနောက်တာမျိုး မလုပ်ပါနဲ့။ ပုံမှန်အားဖြင့် တိရစ္ဆာန်တွေဟာ လူတွေကို လန့်ကောင်းလန့်နေနိုင်ပေမယ့် ရောဂါပိုးရှိနေတဲ့ တိရစ္ဆာန်တွေဆိုရင် ပြန်ပြီး ရန်လိုကာ ကိုက်တတ်ပါတယ်။

    ၆။ ကလေးငယ်တွေကို အပြင်ခေါ်သွားတဲ့အခါ လူကြီးတစ်ယောက်က အမြဲဘေးနားမှာ ရှိပေးပါ။

    ၇။ ခရီးသွားတော့မယ်ဆိုရင် ခွေးရူးပြန်ကာကွယ်ဆေး ကြိုတင်ထိုးသွားပါ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement