home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နှာခေါင်းသွေးယို လာရင် ဘာတွေလုပ်ကြမလဲ

နှာခေါင်းသွေးယို လာရင် ဘာတွေလုပ်ကြမလဲ

နှာခေါင်းသွေးယို ခြင်းဟာ နှာခေါင်းအတွင်းမှာ ရှိတဲ့ သွေးကြောသေးသေးလေးတွေ အကြောင်းတစ်ခုခုကြောင့် ထိခိုက်မိပြီး ဖြစ်လာရတာပါ။ နှာခေါင်းကို မကြာခဏ လက်နဲ့ နှိုက်ခြင်း၊ တစ်ခုခုနဲ့ တိုက်မိ၊ ထိခိုက်မိခြင်းနဲ့ နှာခေါင်းအတွင်းပိုင်းတွေ ခြောက်သွေ့လာခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ တစ်ကြိမ်တစ်ခါလောက် နှာခေါင်းသွေးယိုတာကတော့ စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် မကြာခဏဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာ ပြသသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာကတော့ ရုတ်တရက် နှာခေါင်းသွေးယိုတာမျိုးတွေ ဖြစ်လာတဲ့အခါ သွေးအမြန်တိတ်ဖို့နဲ့ အန္တရာယ်မဖြစ်စေဖို့ မိမိဘာသာ ဘာတွေ လုပ်ဆောင်သင့်တယ်၊ ဘာတွေ မလုပ်သင့်ဘူးဆိုတာလေးကို ပြောပြပေးသွားမှာပါ။

ရုတ်တရက် နှာခေါင်းသွေးယို လာတဲ့အခါ

၁။ စိတ်ကို ငြိမ်အောင်ထားပါ။

စိတ်လှုပ်ရှားရင် ပိုဆိုးနိုင်တဲ့အတွက် စိတ်ကိုတည်ငြိမ်အောင် ထားသင့်ပါတယ်။

၂။ မတ်မတ်ထိုင်ပါ။

တချို့က နှာခေါင်းသွေးယိုရင် လှဲအိပ်ရမယ်ဆိုပြီး အထင်မှားနေကြပါတယ်။ တကယ်ကတော့ ခေါင်းကို နှလုံးရှိတဲ့ နေရာရဲ့ အမြင့်ပိုင်းကို ရောက်နေအောင် မတ်မတ်ထိုင်နေသင့်ပါတယ်။

၃။ ခန္ဓာကိုယ်ကို အရှေ့ကို အနည်းငယ်ကိုင်းထားပါ။

များသောအားဖြင့် နှာခေါင်းသွေးယိုလာပြီဆိုတာနဲ့ သွေးတွေအပြင်ကို မထွက်အောင် ဆိုပြီး ခန္ဓာကိုယ် (အထူးသဖြင့် ခေါင်း) ကို အနောက်ဘက်ကို လှန်ပြီးနေကြတာများပါတယ်။ အမှန်တကယ်ကတော့ အဲဒီနည်းလမ်းက အခန့်မသင့်ရင် သွေးတွေကို လည်ပင်းနဲ့ လေပြွန်တွေဆီရောက်သွားစေနိုင်ပြီး သီးနိုင်တဲ့အတွက် အန္တရာယ်များပါတယ်။ ဒါ့ကြောင့် နှာခေါင်းသွေးထွက်ပြီဆိုရင် ခန္ဓာကိုယ်ကို အနည်းငယ်အရှေ့ကို ကိုင်းထားတာအကောင်းဆုံးပါပဲ။

၄။ နှာခေါင်းပေါက်ကို ပိတ်ထားပေးပါ။

လက်မနဲ့ လက်ညှိုးကို အသုံးပြုပြီး နှာခေါင်းအပေါက်ကို ပိတ်နေအောင် ၅မိနစ်မှ ၁၀မိနစ်လောက်ထိ အနည်းငယ် ညှစ်ထားပေးသင့်ပါတယ်။ အဲဒီအချိန်မှာ ပါးစပ်ကနေတစ်ဆင့် အသက်ရှုသွင်း ရှုထုတ်လုပ်နိုင်ပါတယ်။ အဲဒီနည်းလမ်းက သွေးထွက်နေတဲ့နေရာကို ဖိအားပေးလိုက်သလိုဖြစ်စေတဲ့အတွက် သွေးအမြန်တိတ်ဖို့ ကူညီပေးမှာပါ။

၅။ Decongestant spray လေးတွေ ဖြန်းပေးပါ။

Decongestant spray လို့ခေါ်တဲ့ ဖြန်းဆေးလေးတွေဟာ နှာခေါင်းမှာရှိတဲ့ သွေးကြောလေးတွေကို တောင့်တင်းစေတဲ့အတွက် ရောင်ရမ်းခြင်းကို သက်သာစေနိုင်ရုံသာမကဘဲ သွေးထွက်ခြင်းကိုလည်း လျော့နည်းစေနိုင်ပါတယ်။

သွေးထွက်တာက မိနစ်၃၀ လောက်နေတဲ့အထိ မသက်သာဘူးဆိုရင် (သို့) သွေးထွက်တဲ့ ပမာဏက အရမ်းများနေရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

သွေးတိတ်သွားပြီဆိုရင်တော့ သွေးပြန်မထွက်စေဖို့ နှာခေါင်းပေါက်ကို သွားထိတာမျိုး၊ လေကို မှုတ်ထုတ်တာမျိုး ၊ လက်နဲ့ သွားနှိုက်တာမျိုး မလုပ်မိဖို့ ဂရုစိုက်ပေးရပါမယ်။ ဒါ့အပြင် ရေခဲကို အဝတ်လေးနဲ့ အုပ်ပြီး နှာခေါင်းပေါ်ကို ကပ်ပေးမယ်ဆိုရင်လည်း သွေးတိတ်အောင် ပိုပြီး အထောက်အပံ့ပေးနိုင်တဲ့အပြင် ရောင်ရမ်းခြင်းတွေကိုပါသက်သာစေနိုင်ပါတယ်။ ဒါပေမယ့် အရေပြားကို မထိခိုက်မိစေဖို့အတွက် ၁၀မိနစ်ထက်ပိုပြီး ရေခဲကပ်မထားဖို့ အကြံပေးချင်ပါတယ်။

ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါ နှာခေါင်းသွေးယိုတာတွေ ဖြစ်လာတိုင်း အန္တရာယ်ကင်းပြီး မှန်ကန်တဲ့ နည်းလမ်းတွေကို စိတ်အေးအေးနဲ့ လုပ်ဆောင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

ကျန်းမာကြပါစေ။

ရေးသားသူ – Khine Phoo Ngon

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

https://www.healthline.com/health/how-to-stop-a-nosebleed

https://www.webmd.com/first-aid/nosebleeds-causes-and-treatments

https://www.webmd.com/first-aid/qa/how-do-i-treat-a-nosebleed

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 17/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။