backup og meta

ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 31/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ

    ဆောင်းရာသီ လူတိုင်း ချမ်းတဲ့အချိန်မှာ ချမ်းတာ ပုံမှန်ပဲလို့ ဆိုနိုင်ပေမယ့် နွေခေါင်ခေါင် လူတိုင်း ပူနေချိန်မှာ ချမ်းတယ်လို့ ခံစားနေရမယ်။ အချိန်တိုင်းလိုလို ချမ်းနေမယ်ဆိုရင်တော့ ကျန်းမာရေး ပြဿနာ ရှိနေတာ ဖြစ်နိုင်ပါတယ်။ ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ဆိုတာကို မသိချင်ဘူးလား ……

    ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ

    တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားနေရတာ ဒီအချက်တွေကြောင့်ပါ။

    သွေးအားနည်း ရောဂါ ရှိတာ

    ကိုယ်ထဲမှာ သွေးနီဥဆဲလ်တွေ လုံလုံလောက် မရှိတဲ့ အခါ အဆုတ်နဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်စွာ ရရှိဖို့ ခက်ခဲသွားပါတယ်။ ဒီအခြေအနေကို သွေးအားနည်းတယ်လို့ ခေါ်တာပါ။

    သွေးအားနည်းတဲ့အခါ ပင်ပန်းတယ်လို့ ခံစားရတာ၊ ခေါင်းထဲမှာ မိုက်ခနဲ မူးတာ၊ အားမရှိသလို ခံစားရတာမျိုးတွေ ခံစားရနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အမျိုးသမီးတွေမှာ သံဓာတ် အားနည်းတာကြောင့် သွေးအားနည်းရောဂါကို ခံစားရတာပါ။ ရာသီသွေးဆင်း များသူတွေမှာ ပိုပြီး ခံစားရနိုင်ပါတယ်။ သွေးအားနည်းနေတာကလည်း တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားရစေနိုင်တဲ့ အချက် တစ်ချက်ပါ။

    သိုင်းရွိုက်ဟော်မုန်း နည်းနေတာ (Hypothyroidism)

    လည်ပင်း အရှေ့ဘက်ခြမ်း အောက်ခြေနားမှာရှိတဲ့ သေးငယ်တဲ့ ဂလင်းလေးကို သိုင်းရွိုက်ဂလင်းလို့ ခေါ်ပါတယ်။ သိုင်းရွိုက်ဂလင်းက ဟော်မုန်းတွေကို ထုတ်ပေးပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။

    သိုင်းရွိုက်ဟော်မုန်း အရမ်းနည်းလွန်းတဲ့အခါ ဇီဝကမ္မဖြစ်စဉ် နှေးသွားပြီး ချမ်းတယ်လို့ ခံစားရစေနိုင်ပါတယ်။ ဒီလို ဟော်မုန်း နည်းတဲ့အခါ ချမ်းတာ အပြင်၊ အသားအရေ ခြောက်တာ၊ ဆံပင်ပါးတာ၊ ဝမ်းချုပ်တာ၊ ရာသီသွေးဆင်းချိန် ကြာတာ၊ သွေးဆင်းများတာ၊ အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန်တက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    သွေးလွှတ်ကြောနဲ့ ဆိုင်တဲ့ ရောဂါတစ်မျိုး (Peripheral Artery Disease) ရှိနေတာ

    သွေးလွှတ်ကြောနဲ့ဆိုင်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ (Peripheral artery disease (PAD)) လို့ခေါ်တဲ့ ရောဂါကို အသက် ၅၀ နဲ့ ၅၀ အထက် လူတွေမှာ ပိုခံစားရနိုင်ပါတယ်။

    ဒီဝေဒနာ ခံစားရသူတွေမှာလည်း ခြေလက်တွေ အေးတာ၊ ထုံကျဉ်တာ၊ ခြေထောက်အမွေးတွေကျွတ်တာ၊ ခြေထောက်တွေ အာရုံခံစားမှု နည်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။ နှလုံးရောဂါကို အချိန်ကြာမြင့်စွာ ခံစားရတာ၊ ဆေးလိပ်သောက်တာ၊ သွေးတွင်းကိုလက်စထရော များတာ၊ သွေးတိုးတာတွေကြောင့် PAD ခံစားရနိုင်ခြေ များပါတယ်။

    ခြေချောင်းလက်ချောင်းတွေဆီ သွေးရောက်ရှိမှု နည်းတဲ့ရောဂါ (Raynaud’s Syndrome) ခံစားရတာ

    နောက်ထပ် သွေးလည်ပတ်မှုပြဿနာ တစ်မျိုးဖြစ်တဲ့ ခြေချောင်းလက်ချောင်းတွေဆီ သွေးရောက်ရှိမှု နည်းတဲ့ရောဂါ (Raynaud’s Syndrome) ခံစားရမယ်ဆိုရင်လည်း ကိုယ်ထဲမှာ သွေးစီးဆင်းရောက်ရှိမှု နည်းသွားတာကြောင့် တစ်ချိန်လုံး ချမ်းနေတာမျိုးကို ခံစားရနိုင်ပါတယ်။ မြင်သာတဲ့ လက္ခဏာအနေနဲ့ အေးတဲ့အခါ ခြေချောင်းလက်ချောင်းလေးတွေ ဖြူနေတာ ပြာနေတာမျိုး ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးတာ၊ စိုရိမ်မှု များတာတွေကြောင့်လည်း ဒီကျန်းမာရေးပြဿနာကို ခံစားရနိုင်ပါတယ်။

    ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတာ

    ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတာက ခန္ဓာကိုယ်မှာ အေးတယ်လို့ ခံစားရစေနိုင်တဲ့ အချက်တစ်ခုပါ။ လုံလောက်တဲ့ အာဟာရကို မရရှိတာက ဇီဝကမ္မဖြစ်စဉ်ကို နှေးစေပြီး ပင်ပန်းလွယ်တာ၊ မူးဝေတာ၊ ရာသီသွေး မမှန်တာမျိုးတွေ ခံစားရစေနိုင်ပါတယ်။

    ဒါကြောင့် အာဟာရပြည့်ဝအောင် စားပြီး ရှိသင့်တဲ့ ကိုယ်အလေးချိန် ရရှိစေဖို့အတွက် ထိန်းသိမ်းဖို့ လိုပါမယ်။

    ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ

    ဆေးဝါးတွေ

    အချို့သော ဆေးဝါးတွေကြောင့်လည်း တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားနေရတာပါ။ သွေးတိုးတာ၊ နှလုံးခုန် မမှန်တာတွေအတွက် သောက်ရတဲ့ ဆေးဝါးတွေက ခြေဖျားလက်ဖျားတွေကို အေးစက်စေပြီး တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားရစေနိုင်ပါတယ်။

    ရေဓာတ်ခမ်းခြောက်တာ

    ကိုယ်တွင်းမှာ ရေဓာတ်လုံလောက်စွာ မရှိတာကြောင့်လည်း ချမ်းတယ်လို့ ခံစားရနိုင်ပါတယ်။ ကိုယ်ထဲမှာ လုံလောက်တဲ့ ရေဓာတ် ရှိမှလည်း နွေးထွေးတယ်လို့ ခံစားရတာပါ။

    ရေဓာတ် ခမ်းခြောက်တဲ့အခါ ချမ်းတာအပြင် ခံတွင်းခြောက်တာ၊ ဝမ်းသွားရခက်တာ၊ ဆီးအရောင်ရင့်တာမျိုးတွေ ခံစားရစေနိုင်ပါတယ်။ အေးတဲ့ရာသီမှာ သတိထားပြီး ရေကို လုံလောက်အောင် သောက်ပေးဖို့ လိုပါမယ်။

    အိပ်ရေးပျက်တာ

    လုံလောက်တဲ့ အိပ်စက်ချိန် မရှိတာ၊ အိပ်ရေးပျက်တဲ့ရက်တွေ များလာတာကလည်း တစ်ချိန်လုံး အေးတယ်လို့ ခံစားရစေနိုင်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ် နဲ့ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့ ဟော်မုန်းတွေရဲ့ လုပ်ဆောင်မှုကို ပျက်ပြားစေပါတယ်။ ဒီလို ပျက်ပြားမှုက တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားရစေနိုင်ပါတယ်။

    အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ တစ်ညတာကို အိပ်ချိန် ၇ နာရီကနေ ၉ နာရီ ရှိဖို့ လိုပါမယ်။

    စိုးရိမ်စိတ် များတာ

    ဒါက အမြဲ ဖြစ်တာတော့ မဟုတ်ပါဘူး။ တစ်ခုခုကို ကြောက်တာ၊ ထိတ်လန့်စရာ အနေအထားတွေကြောင့် စိုးရိမ်စိတ် များလာတဲ့အခါ ခန္ဓာကိုယ်တွေ အေးစက်လာပြီး ချမ်းတယ်လို့ ခံစားရစေနိုင်ပါတယ်။

    ချမ်းတယ်လို့ ခံစားရတာနဲ့အတူ နှလုံးခုန် မြန်လာတာ၊ ချွေးပြန်တာ၊ မအီမသာဖြစ်တာ၊ ချမ်းတုန်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    ကဲ …သင်ရော ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ……. အဖြေရှာတွေ့ပြီလား။

    တစ်ချိန်လုံး ချမ်းနေရတဲ့ အကြောင်းအရင်း

    ချမ်းတယ်ဆိုတာ ပြင်ပက ရာသီဥတုကြောင့် ဖြစ်နိုင်သလို ကိုယ်တွင်းက ကျန်းမာရေး ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
    လူတိုင်းချမ်းတဲ့အချိန်မှာ ချမ်းတာက ပုံမှန်ပဲလို့ ဆိုနိုင်ပေမယ့် အခြားသူတွေက မချမ်းတဲ့ အချိန်မှာတောင် ချမ်းနေပြီဆိုရင်တော့ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 31/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement