backup og meta

ကိုယ်ခံအားကောင်းစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်အချို့


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ခံအားကောင်းစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်အချို့

    ရောဂါတွေကလည်း ဆန်းပါသဘိ။ ရောဂါတွေပေါ်လာတိုင်းမှာ ကာကွယ်ဆေး၊ ကုသဆေးတွေကို လိုက်ထုတ်ကြပေမယ့် ရောဂါတစ်ခု စစဖြစ်ပြီဆိုတာနဲ့ ကာကွယ်ဆေး၊ ကုသဆေးတွေကို ချက်ချင်းထုတ်လို့မရပါဘူး။ အချိန်တစ်ခုယူရပါတယ်။ ဒီကာလမှာ ရောဂါကူးစက်တာမျိုး မဖြစ်စေဖို့ဆိုရင် အကောင်းဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းတစ်ခုက ကိုယ်ခံအားကို အကောင်းဆုံးဖြစ်အောင် ဂရုစိုက်ဖို့ပါ။

    ကိုယ်ခံအားကောင်းစေဖို့ ဘာတွေဂရုစိုက်ရမလဲ………..

    ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့လိုပါမယ်။

    အာဟာရပြည့်ဝပါစေ

    နေ့စဉ်စားသုံးတဲ့အခါ အာဟာရပြည့်ဝအောင် စားသုံးဖို့ကတော်တော်လေးအရေးပါပါတယ်။ အာဟာရပြည့်ဝမှာ ခန္ဓာကိုယ် မှာ အင်အားပြည့်ဝပြီး ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ နေ့စဉ် စားသုံးတဲ့ အဟာရထဲမှာ ပရိုတင်းနဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ လုံလောက်ပြည့်ဝစွာ ပါဝင်အောင် စားသုံးပေးပါ။

    အိပ်ရေးဝပါစေ

    အိပ်ရေးဝဖို့က ခန္ဓာကိုယ် ကျန်းမာဖို့အတွက် လိုအပ်တဲ့အချက်တစ်ခုပေါ့။ ညတိုင်း အိပ်ချိန်ကို အနည်းဆုံး ၆ နာရီ ရှိအောင် ဂရုစိုက်ပါ။ အိပ်ချိန်က အနည်းဆုံး ၆ နာရီကနေ အများဆုံး ၈ နာရီရှိဖို့ လိုပါမယ်။

    ရေဓာတ် ပြည့်ဝပါစေ

    ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ဖွဲ့စည်းထားတဲ့ ရေဓာတ်ပြည့်ဝဖို့လည်း အရေးပါပါတယ်။ ရေဓာတ်ပြည့်ဝမှ ခန္ဓာကိုယ်ရော စိတ်ပါ ကျန်းမာလန်းဆန်းပြီး ကောင်းမွန်နဲ့ ကိုယ်ခံအား စနစ်ကို ပိုင်ဆိုင်နိုင်စေမှာပါ။

    ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ

    အလုပ်တွေများနေရင်တောင်မှ တစ်နေ့တာရဲ့ အချိန်တွေထဲက ၁၅ မိနစ် နာရီဝက်လောက်ကို ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်တာ၊ Gym သွားတာ၊ စက်ဘီးစီးတာ၊ ကတာ၊ ယောဂလုပ်တာ စသဖြင့် လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးပါ။

    တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ

    တစ်ကိုယ်ရေသန့်ရှင်းရေးက ကိုယ်ခံအားအပေါ်မှာ တော်တော်လေး သက်ရောက်နေတဲ့အချက်တစ်ခုပေါ့။ ဒီတော့ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် နေ့စဉ် ရေချိုး သန့်စင်ပါ။ ညစ်ပေတဲ့အရာတွေကို ကိုင်ပြီးတိုင်း၊ အစားမစားခင်နဲ့ အပြင်က ပြန်လာတိုင်းမှာ လက်ကို ရေနဲ့ဆပ်ပြာ အသုံးပြုပြီး သေချာစွာ သန့်စင်ဆေးကြောပါ။

    လူစူလူဝေးကို ရှောင်ပါ

    လူစုလူဝေးများတဲ့ နေရာတွေကို သွားတာက ရောဂါပိုးတွေ အလွယ်တကူကူးစက်ခံရနိုင်ပြီး ကိုယ်ခံအားကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် လူစုလူဝေးကိုရျောင်ပါ။

    ကာကွယ်ဆေး ထိုးပါ

    ကိုယ်ခံအားက ရောဂါတွေကို ကာကွယ်ပေးတယ်ဆိုပေမယ့် ကြိုတင်ကာကွယ်တာကလည်း နည်းလမ်းကောင်းတစ်ခုပါ။ ဒါကြောင့် ကိုယ်ခံအားကောင်းစေဖို့ဆိုရင် ရာသီတုပ်ကွေး ကာကွယ်ဆေးကစလို့ ကာကွယ်ဆေးတွေကို ကြိုတင် ထိုးထားတာက အကောင်းဆုံးပါ။

    သင့်တင့်တဲ့ ကိုယ်အလေးချိန် ရှိပါစေ

    ကိုယ်ခံအားကောင်းဖို့ဆိုရင် အဝလွန်နေလို့ မဖြစ်သလို ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတာ၊ များနေတာမျိုးလည်း မဖြစ်နေရပါဘူး။ ဒါကြောင့် သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့လိုပါမယ်။

    အရက်၊ဆေးလိပ် လျှော့ပါ

    ဖြစ်နိုင်ရင် အရက်နဲ့​ဆေးလိပ်ကို ဖြတ်လိုက်တာက အကောင်းဆုံးပါ။ ဒါတွေက ကျန်းမာရေးကို အထောက်အကူ မပြုသလို ကိုယ်ခံအားကို ထိခိုက်စေနိုင်တဲ့ အဓိက အကြောင်းအရင်းပါ။ ဒါကြောင့် ကျန်းမာတဲ့ ကိုယ်ခံအား စနစ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အရက် နဲ့ ဆေးလိပ်ဖြတ်ပါ။

    စိတ်ဖိစီးမှုတွေကို ဖြေလျော့ပါ

    စိတ်ဖိစီးမှုတွေက ကိုယ်ခံအားကို ထိခိုက်စေတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုပါ။ ဒါကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ဆိုရင် စိတ်ဖိစီးမှု ကင်းကင်းနေဖို့လိုပါမယ်။ ဒါကြောင့် နေ့စဉ် သီချင်းနားထောင်တာတရားထိုင်တာ လိုမျိုး စိတ်ဖိစီးမှု ပြေလျော့စေတဲ့ အလေ့အကျင့်လေးတွေကို လုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement