home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

Von Willebrand disease (ဗွန်ဝီလီဗရန် ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်|ရောဂါလက္ခဏာများ|ဖြစ်ပွားမှုအကြောင်းရင်းများ|ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ|ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း|လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

အဓိပ္ပါယ်ဖွင့်ဆိုချက်

ဗွန်ဝီလီဗရန် ရောဂါ ဆိုတာဘာလဲ။

ဗွန်ဝီလီဗရန် ရောဂါဆိုတာ သွေးမှန်မှန်မခဲတဲ့ ရောဂါပါ။ မွေးရာပါချို့ယွင်းချက်နေအနေနဲ့ ပါလာပြီး ရောဂါရှိကြောင့်လက္ခဏာတွေကိုလည်း နှစ်ပေါင်းများစွာ မပြသဘဲရှိတတ်ပါတယ်။ သွားဆေးခန်းသွားပြီ သွားဘက်ဆိုင်ရာခွဲစိတ်မှုပြုလုပ်ချိန်၊ မိန်းတွေဆိုရင် ရာသီလာချိန်တွေရောက်မှသာ သွေးများစွာထွက်ပြီး မရပ်တန့်တော့တာတွေကြောင့် ဗွန်ဝီလီဗရန် ရောဂါရှိမှန်း သိရှိကြရပါတယ်။

ဗွန်ဝီလီဗရန် ရောဂါဆိုတာ မွေးရာပါရောဂါတစ်မျိုးပါ။ သွေးခဲမှုဖြစ်စဉ်မှာအရေးကြီးတဲ့ ပရိုးတင်းထုတ်လုပ်မှုအတွက် တာဝန်ရှိသော မျိုးရိုးဗီမှာ ချို့ယွင်းမှုပေါ်ခြင်းကြောင့်ဖြစ်ပါတယ်။

ဗွန်ဝီလီဗရန် ရောဂါဟာ ပျောက်ကင်းအောင် ကုသလို့မရပါဘူး။ ဒါပေမယ့် မှန်ကန်တဲ့နည်းလမ်းတွေ၊ ဂရုစိုက်စောင့်ရှောက်မှုတွေနဲ့ဆိုရင် သာမန်ဘဝတစ်ခုအနေနဲ့ နေထိုင်သွားနိုင်ကြမှာပါ။

ဗွန်ဝီလီဗရန် ရောဂါဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ဗွန်ဝီလီဗရန် ရောဂါဖြစ်ပွားနှုန်းက လူအယောက်၁၀၀မှာ ၁ယောက်ပါ။ ဒါပေမယ့်လည်း ရောဂါရှိသူအများစုက ရောဂါလက္ခဏာတွေ မပြကြပါဘူး။ ကုသရေးမှာ တွေ့ရှိတဲ့လူနာအရေအတွက်နဲ့ဆိုရင် လူအယောက်၁၀၀၀မှာ ၁ယောက်နှုန်းဖြစ်သွားပါတယ်။ ထိုရောဂါအများစုက သိပ်မပြင်းထန်ကြတာကြောင့် အမျိုးသမီးတွေမှာပဲ ရာသီလာချိန်နဲ့ကိုက်ပြီး တွေ့ရှိကြတာပိုများပါတယ်။ သွေးအုပ်စု’အို’ဆိုရင်လည်း ပိုဆိုးနိုင်ပါတယ်။ ဒါပေမယ့်လည်း အန္တရယ်ရှိအချက်များကို ထိန်းချုပ်ခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါလက္ခဏာများ

ဗွန်ဝီလီဗရန် ရောဂါ ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ရောဂါလက္ခဏာတွေ မရှိခြင်း သို့မဟုတ် မပြင်းထန်ခြင်းကြောင့် ဗွန်ဝီလီဗရန် ရောဂါရှိသူအများစုက ရောဂါရှိမှန်း သတိမထားမိကြပါဘူး။

ဗွန်ဝီလီဗရန် ရောဂါရဲ့ အဖြစ်များဆုံး ရောဂါလက္ခဏာကတော့ ပုံမှန်မဟုတ်သော သွေးထွက်ခြင်းမျိုးပါပဲ။ သွေးထွက်တဲ့ အတိုင်းအတာကလည်း လူတစ်ယောက်နဲ့ တစ်ယောက်ကွဲပြားပါတယ်။

ဗွန်ဝီလီဗရန် ရောဂါရှိမယ်ဆိုရင် အောက်ပါရောဂါလက္ခဏာများကို တွေ့ကြုံရနိုင်ပါတယ်။

  • ဒဏ်ရာရခြင်း၊ ခွဲစိတ်ခြင်း၊ သွားဘက်ဆိုင်ရာခွဲစိတ်ခြင်းတို့ကြောင့် သွေအလွန်အကျွန်ထွက်ခြင်း
  • ၁၀မိနစ်အတွင်း မရပ်တန့်သွားသော နှာခေါင်းသွေးလျှံခြင်း
  • ရာသီသွေးကြာကြာများများပေါ်ခြင်း
  • အညိုအမဲဆွဲလွယ်ခြင်း၊ အညိုအမဲအဖုများထွက်ခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

မြန်မြန်သိ မြန်မြန်ကုသခြင်းက အခြေအနေပိုမဆိုးလာအောင် ကာကွယ်ပေးနိုင်ပြီး အရေးပေါ်အသက်အန္တရယ်ရှိစေတဲ့ အခြေအနေမျိုးတွေမှ ကင်းလွတ်စေပါတယ်။ ဒါကြောင့် အခြေအနေအရမ်းမဆိုးသွားစေရန်အတွက် ဆရာဝန်ဖြင့် တတ်နိုင်သလောက် မြန်မြန်ပြရပါမယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက ဗွန်ဝီလီဗရန် ရောဂါ ဖြစ်ပွားစေသလဲ။

သွေးခဲမှုမှာပါဝင်တဲ့ ဗွန်ဝီလီဗရန် ပရိုတင်း ထုတ်လုပ်မှုကို ထိန်းချုပ်ပေးသော မျိုးရိုးဗီဇချို့ယွင်းသွားမယ်ဆိုရင် ဗွန်ဝီလီဗရန် ရောဂါဖြစ်လာပါတယ်။ ထိုပရိုတင်းတွေ နည်းသွားရင် သို့မဟုတ် ကောင်းကောင်းအလုပ်မလုပ်နိုင်ရင် ဒဏ်ရာရရှိလာတဲ့အခါ သွေးခဲစေတဲ့ကလာပ်စည်းများ အချင်းချင်းတွယ်မကပ်နိုင်ခြင်း၊ သွေးကြောနံရံဖြင့်မတွယ်ကပ်နိုင်ခြင်းတို့ ဖြစ်ရပါတယ်။ ထိုရလဒ်ကြောင့် သွေးခဲမှုဖြစ်စဉ် ပျက်ယွင်းသွားပြီး သွေးမတိတ်တာတွေ ဖြစ်လာပါတယ်။

ဗွန်ဝီလီဗရန် ပရိုတင်းက သွေးခဲမှုကို လှုံ့ဆော်ပေးသော factor VIII ဆိုတဲ့ အပိုပစ္စည်းတစ်ခုကို သယ်ဆောင်ပါတယ်။ ရောဂါရှိသူအများစုမှာ factor VIII ပမာဏနည်းကြပါတယ်။ ထို factor VIII ဟာလည်း ဟေမိုဖီးလီးယားလို့ခေါ်တဲ့ မွေးရာဂါသွေးရောဂါတစ်မျိုးရဲ့ အဓိကတရားခံပါပဲ။ ဟေမိုဖီးလီးယားက ယောက်ျားတွေမှာ ပိုဖြစ်ပြီး ဗွန်ဝီလီဗရန် ရောဂါကတော့ မိန်းမနဲ့ယောက်ျား ဖြစ်ပွားနှုန်းအတူတူပါပဲ။ သိပ်လည်း မပြင်းထန်ပါဘူး။

ဗွန်ဝီလီဗရန် ရောဂါဟာ မိဘတွေထံမှ ချို့ယွင်းမျိုးဗီဇကို လက်ခံမရရှိဘဲနဲ့ သူ့အလိုလိုလည်း အသက်ကြီးလာရင် ဖြစ်ပွားတတ်ပါတယ်။ မွေးရာပါမဟုတ်သော ဗွန်ဝီလီဗရန် ရောဂါလို့ခေါ်ပြီး အခြားရောဂါတစ်ခုခုကြောင့် ဖြစ်ပေါ်လာတာများပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက ဗွန်ဝီလီဗရန် ရောဂါဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

မိသားစုထဲမှာ ထိုရောဂါဖြစ်ဖူးတဲ့သူရှိမယ်ဆိုရင် သင့်မှာလည်းရှိနိုင်ခြေများပါတယ်။ ပြောင်းလဲသွားတဲ့ မျိုးရိုးဗီဇဟာ မိဘတွေထံမှ သားသမီးထံသို့ ရောက်ရှိနိုင်ပါတယ်။

ရောဂါဖြစ်ဖို့ မိဘတစ်ပါးထံမှ မျိုးရိုးဗီဇတစ်ခုသာလိုပါတယ်။ သင့်မှာဗွန်ဝီလီဗရန် ရောဂါရှိမယ်ဆိုရင် သင့်ကလေးမှာ ရောဂါဖြစ်နိုင်ခြေ ၅၀ရာခိုင်နှုန်းရှိပါမယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ဗွန်ဝီလီဗရန် ရောဂါဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

သင့်မှာ ထိုရောဂါရှိမယ်လို့ ဆရာဝန်က သံသယရှိရင် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။

ဗွန်ဝီလီဗရန် ရောဂါကို အကဲဖြတ်ရန် သင့်ကို ဆေးမှတ်တမ်းရာဇဝင်တွေမေးမြန်းပြီး အညိုအမဲဆွဲတာတွေ၊ အခြားသွေးထွက်တဲ့လက္ခဏာတွေ ရှိမရှိ စစ်ဆေးပါလိမ့်မယ်။ ဆရာဝန်က အောက်ပါ သွေးစစ်ခြင်းများကိုလည်း အကြံပြုပါလိမ့်မယ်။

  • ဗွန်ဝီလီဗရန် ပရိုတင်းအန်တီဂျင်

ထိုစစ်ဆေးမှုက ဗွန်ဝီလီဗရန် ပရိုတင်း သွေးထဲမှာ ဘယ်လောက်ပမာဏရှိလဲဆိုတာကို တိုင်းတာတာပါ။

  • ရစ်စတိုစီတင်ကိုဖက်တာလုပ်ဆောင်မှုတိုင်းတာခြင်း

ထိုစစ်ဆေးမှုက သွေးခဲမှုဖြစ်စဉ်မှာ ဗွန်ဝီလီဗရန် ပရိုတင်း ဘယ်လောက်အလုပ်လုပ်နိုင်တယ်ဆိုတာကို တိုင်းတာတာပါ။ ရစ်စတိုစီတင်က ပဋိဇီဝဆေးတစ်မျိုးဖြစ်ပြီး ဓါတ်ခွဲခန်းစစ်မှုမှာသုံးပါတယ်။

  • factor VIII သွေးခဲခြင်းစွမ်းရည်

factor VIII စွမ်းရည်မကောင်းဘူးလား၊ အရမ်းနည်းနေလားဆိုတာကို သိနိုင်ပါတယ်။

  • ဗွန်ဝီလီဗရန် မာတီမာ

ထိုစစ်ဆေးမှုဟာ သွေးထဲမှ ဗွန်ဝီလီဗရန် ပရိုတင်းရဲ့ တည်ဆောက်ပုံ၊ ပရိုတင်းကွန်းပလက် (မာတီမာ)နဲ့ မော်လီကျူးပြိုကွဲပုံကို အကဲဖြတ်ပေးပါတယ်။ သင့်ရဲ့ ဗွန်ဝီလီဗရန် ရောဂါက ဘယ်လိုအမျိုးအစားလဲဆိုတာ သိရှိစေနိုင်ပါတယ်။

ဗွန်ဝီလီဗရန် ရောဂါ ကို ဘယ်လိုကုသလဲ။

အောက်ပါကုသနည်းများက ဗွန်ဝီလီဗရန် ပရိုတင်းပမာဏများအောင်၊ သွေးခဲမှုကောင်းအောင်နဲ့ အမျိုးသမီးတွေမှာဆို ရာသီးသွေးပေါ်ခြင်းအား ထိန်းချုပ်နိုင်အောင် ကူညီပေးနိုင်မှာပါ။

  • ဒက်စ်မိုပရက်စင်

သဘာဝဟော်မုန်း ဗေစိုပရက်စင်နဲ့ဆင်တူသော ဟော်မုန်းတုဖြစ်ပါတယ်။ သွေးကြောအတွင်းမှာ ရှိပြီးသာ ဗွန်ဝီလီဗရန် ပရိုတင်းတွေကို ထွက်အောင် လှုံ့ဆော်ပေးခြင်းအားဖြင့် သွေးထွက်ခြင်းကို ရပ်တန့်စေနိုင်ပါတယ်။

  • အစားထိုးကုသနည်းများ

ဗွန်ဝီလီဗရန် ပရိုတင်းနဲ့ factor VIII တို့ပါဝင်သော သွေးအပြစ်ကို အချိုးအစားချိန်ညှိပြီး သွေးကြောအတွင်းသို့ ထိုးသွင်းပေးခြင်း ဖြစ်ပါတယ်။

  • ကိုယ်ဝန်တားဆေးများ

မိန်းမတွေမှာ ရာသီအရမ်းမလာအောင် ကူညီပေးနိုင်ပါတယ်။ ထိုဆေးတွေမှာပါတဲ့ အီစထရိုဂျင်ဟော်မုန်းက ဗွန်ဝီလီဗရန် ပရိုတင်းနဲ့ factor VIII လုပ်ဆောင်မှုတွေကို မြှင့်တင်ပေးပါတယ်။

  • သွေးခဲတည်ငြိမ်ဆေးဝါးများ

aminocaproic acid (Amicar) and tranexamic acid (Cyklokapron, Lysteda နှင့်အလားတူဆေးဝါးများ)တို့ကဲ့သို့ သွေးခဲမပျက်စီးစေသော ဆေးတွေက သွေးခဲပြိုကွဲမှုကို နှေးကွေးစေခြင်းအားဖြင့် သွေးတိတ်စေပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဗွန်ဝီလီဗရန် ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဗွန်ဝီလီဗရန် ရောဂါကို ကြုံတွေ့နေရတယ်ဆိုရင် အောက်ပါတို့ကို ပြုလုပ်သင့်ပါတယ်။

  • အကိုက်အခဲပျောက်ဆေးပြောင်းသုံးပါ။

aspirin, ibuprofen (Advil, Motrin IB, others) နဲ့ naproxen (Aleve, Anaprox) တို့လိုမျိုး သွေးကြဲစေသောဆေးများ အသုံးမပြုခင်မှာ ဆရာဝန်ဖြင့် ဆွေးနွေးခြင်းဖြင့် သွေးမတိတ်ခြင်းပြဿနာတွေကို ကာကွယ်ပါ။

  • ဆရာဝန်နဲ့သွားဆရာဝန်တို့အားပြောပြပါ။

ခွဲစိတ်မှုမပြုလုပ်ခင်၊ ဆေးဝါးအသစ်အသုံးမပြုခင်နဲ့ ကလေးမမွေးခင်တို့မှာ ဗွန်ဝီလီဗရန်ရောဂါရှိကြောင်းကို ဆရာဝန်၊ သွားဆရာဝန်တို့အား ပြောပြပါ။ ဒါမှမဟုတ် မိသားစုထဲမှာ သွေးမတိတ်ဖူးသူ၊ သွေးအလွန်အကျွန်ထွက်ဖူးသူရှိရင် ပြောပြထားပါ။

  • တက်တက်ကြွကြွနဲ့ဘေးကင်းအောင်နေပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ ကိုယ်အလေးချိတ်တစ်ခုကို ထိန်သိမ်းဖို့ သို့မဟုတ် ရရှိဖို့အတွက် ကိုယ်လက်လေ့ကျင့်ခန်းလိုအပ်ပါတယ်။ ဘောလုံးနဲ့ နပန်းလိုမျိုး ထိခိုက်အနာတရ ရစေမယ့် အားကစားတွေတော့ ရှောင်ကျဉ်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Phyo Wai Yan မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။