backup og meta

နေပူထဲမှာ အနေကြာပြီး ဖျားတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေပူထဲမှာ အနေကြာပြီး ဖျားတဲ့အခါ

    တစ်နေကုန် နေပူထဲ သွားပြီး ပြန်လာမယ်။ ညရောက်တော့ ချမ်းတုန်ပြီး အဖျားတွေ တက်ပါရော။ စိတ်ထဲမှာ အပူလျှပ်တယ်လို့ ထင်ပေမယ့် တကယ်အပူလျှပ်တယ်ဆိုရင် အပူချိန် ၁၀၃ ဒီဂရီဖာရင်ဟိုက်လောက်ရှိပြီး လူက ချွေးမထွက်ဘဲ ပူခြစ်နေတာမျိုးပါ။ ဒါဆိုရင် နေပူထဲမှာ သွားတာကြာရင် သာမန်အဖျားလိုပဲ ဖျားတတ်တာလား။ မဖျားအောင် ဘယ်လို လုပ်ရမလဲဆိုတာပါပဲ။

    နေပူထဲမှာ အနေကြာရင် ဘာကြောင့် ဖျားတတ်တာလဲ။

    နေပူထဲကို အကာအကွယ်မပါဘဲ ဒါမှမဟုတ် အကာအကွယ်မလုံလောက်ဘဲ ထွက်တဲ့အခါ နေလောင်ပါတယ်။ နေလောင်တဲ့အခါ ဆဲလ်တွေပျက်စီးပါတယ်။ ဒါကြောင့် နေပူထဲသွားပြီး ပြန်လာရင် အသားတွေနီပြီး နာနေတာပါ။ ဒါက အရေပြားတွေ ဆဲလ်တွေ ပျက်စီးပြီး ရောင်ရမ်းတာကြောင့်ပါ။ ဒါက အရေပြားလေးပဲ ကွက်ပြီး ရောင်တာပါ။ တကယ်လို့ တစ်ကိုယ်လုံးသာ နေလောင်ခံရမယ်ဆိုရင် တစ်ကိုယ်လုံးက ဆဲလ်တွေ ရောင်ရမ်းပြီး လူက အဖျားတက်လာမှာပါ။

    မဖျားခင်မှာ ဘာတွေ ခံစားရမလဲ။

    မနက်ပိုင်းမှာ နေရောင်ထိတာများမယ်။ နေလောင်တာများမယ်ဆိုရင် အိမ်ပြန်ရောက်တဲ့အခါ ဖျားဖို့ အခွင့်အလမ်းများပါတယ်။ နေလောင်ထားတဲ့ လက္ခဏာတွေကတော့

    • အရေပြားက နီရဲပြီး အရည်ကြည်ဖုတွေ ထွက်နေမယ်။
    • အသားက ထိလိုက်တိုင်း နာနေမယ်။
    • ရေဓာတ်ဆုံးရှုံးသလို ခံစားရပြီး အာတွေခြောက်၊ နှုတ်ခမ်းတွေ ခြောက်နေမယ်။
    • ပျို့အန်မယ်။
    • ခေါင်းတွေကိုက်မယ်။
    • မျက်လုံးတွေ ပူမယ် စတာတွေ ခံစားရမှာပါ။ ဒါဆိုရင်တော့ မကြာခင်မှာ ဖျားနိုင်ခြေ ရှိပါတယ်။

    နေပူထဲ မှာ အနေကြာပြီး ဖျားတဲ့အခါ

    ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။

    နေပူထဲကို ဆက်တိုက်သွားတဲ့သူတွေ၊ နေလောင်ကာခရင်မ် မလိမ်းတဲ့သူတွေ၊ ရေသောက်နည်းတဲ့သူတွေက ဖြစ်နိုင်ခြေရှိပါတယ်။ ဒီထဲမှာမှ အောက်ကအချက်တွေရှိနေရင် နေလောင်တာကို ပိုခံစားရပြီး ဖျားနိုင်ခြေရှိပါတယ်။

    • အသားရောင် နုတဲ့သူတွေ (အသားဖြူတဲ့သူတွေ)
    • ဆေးတစ်မျိုးမျိုး စွဲသောက်နေတဲ့သူတွေ (တချို့ဆေးတွေက နေလောင်ဒဏ်ကို ပိုခံရစေနိုင်ပါတယ်)
    • နေရောင်နဲ့ အသားမကျတဲ့သူတွေ (ဥပမာ တောင်ပေါ်ဒေသကသူတွေ)
    • နေပူထဲမထွက်ခင် အရေပြားကို ချေးချွတ်ထား၊ peeling လုပ်ထားတဲ့သူတွေက နေလောင်ဒဏ်ကို ပိုခံရနိုင်သလို နောက်ဆက်တွဲ ဖျားဖို့လည်း ပိုလွယ်ပါတယ်။

    နေပူထဲမှာ အနေကြာပြီး ဖျားတဲ့အခါ ဘယ်လို ကုသကြမလဲ။

    နေပူဒဏ်ကြောင့် ဖျားတာက ရိုးရိုးဖျားတာနဲ့ ဆင်တူပါတယ်။ တစ်ခါတလေ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပါတယ်။ ဖျားတဲ့အခါ လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေကတော့

    • ပါရာစီတမော သောက်ပါ။ ဖျားတာအတွက်ရော၊ ကိုယ်လက်ကိုက်တာအတွက်ရော ကောင်းပါတယ်။ ၅၀၀မီလီဂရမ်ကို ၆နာရီခြား ၄ကြိမ် (သို့) ၈နာရီခြား ၃ကြိမ် တိုက်ပေးနိုင်ပါတယ်။ ကလေးဆိုရင်တော့ ကိုယ်အလေးချိန်နဲ့ တွက်ပြီး တိုက်ရပါမယ်။
    • ရေများများ သောက်ပါ။ နေပူတာကြောင့် ရေဓာတ်လည်း ဆုံးရှုံးနေတတ်ပါတယ်။ ဆုံးရှုံးတာကို ပြန်ဖြည့်ဖို့အတွက်ရော၊ အဖျားကျဖို့အတွက်ရော ရေများများ သောက်ပေးပါ။ တတ်နိုင်ရင် ဓာတ်ဆားရည် သောက်ပေးပါ။ ချွေးထွက်များတဲ့အခါ ရေတင်မက ဓာတ်ဆားတွေပါ ဆုံးရှုံးတတ်လို့ပါ။
    • အဝတ်အစား ထူထူ မဝတ်ပါနဲ့။ ပွပွချောင်ချောင်နဲ့ ချွေးစုပ်တဲ့အသားမျိုး ဝတ်ပါ။
    • လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေပါ။ အပူလွန်ပြီး ဖျားတာ ဖြစ်တဲ့အတွက် ကိုယ်နေတဲ့ အခန်းက အေးပါစေ။
    • ရေချိုးနိုင်ပါတယ်၊၊ သာမန်ရေနဲ့ပဲ ချိုးပေးပါ။ ရေပတ်ဝတ်တိုက်ပါ။ ရေခဲဝတ်မသုံးရ။
    • အပူတက်လာတဲ့အခါ မျက်နှာသုတ်ပဝါ ၆ခုကို ရေရွှဲနေအောင် ဆွတ်ပြီး လည်ပင်း ၂ပတ်၊ ချိုင်းကြား ၂ဖက်၊ ပေါင်ခြံ ၂ဖက်မှာ တင်ထားပါ။
    • အစားဝင်အောင် စားပါ။ ထမင်းစားလို့ ရပါတယ်။
    • နေလောင်ထားလို့ အသားတွေ ရဲနေတယ်။ အရည်ကြည်ဖုတွေ ထွက်နေတယ်ဆိုရင် ရေခဲဝတ်လေး ကပ်ပေးပါ။ မကုတ်မိအောင် သတိထားပါ။ ရောင်ရမ်း နာကျင်နေရင်တော့ ဆရာဝန်နဲ့ ပြသပါ။

    ဒါလေးတွေ လိုက်လုပ်ပေးရင် ၁ရက် ၂ရက် နေတဲ့အခါ အဖျားကျပြီး ပြန်သက်သာသွားမှာပါ။ အရေးကြီးတဲ့အချက်က အပူဒဏ်ကြောင့် နေလောင်ပြီး ဖျားထားရင် မသက်သာမချင်း အနားယူရပါမယ်။ ဆေးသောက်ပြီး နောက်နေ့ နေပူထဲ ထွက်တာမျိုး မလုပ်ပါနဲ့။ နေဒဏ်ခံရလေလေ ဖျားတဲ့ရက်ပိုကြာလေလေ ဖြစ်နိုင်လို့ပါ။ ကောင်းကောင်း နေကောင်းမှ အကာအကွယ် အပြည့်အစုံနဲ့ ပြန်ထွက်ပါ။

    နေပူထဲ သွားလည်း မဖျားအောင် ဘယ်လိုကာကွယ်ကြမလဲ။

    ဖျားတာက နေပူဒဏ်၊ နေလောင်ဒဏ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့အတွက် နေလောင်ဒဏ်မခံရအောင် ကာကွယ်ဖို့က အရေးကြီးဆုံးပါပဲ။ ဒါကြောင့်

    • နေပူထဲသွားရင် နေလောင်ကာခရင်မ် လုံလုံလောက်လောက် လိမ်းပါ။ အပြင်မထွက်ခင် နာရီဝက်လောက် ကြိုလိမ်းပါ။ အပြင်ရောင်ပြီး ၂နာရီခြား တစ်ခါ ပြန်ပြန် လိမ်းပေးပါ။
    • ဦးထုပ် ဒါမှမဟုတ် ထီးဆောင်းပါ။
    • နေကာမျက်မှန် တပ်ပါ။

    နေပူထဲ မှာ အနေကြာပြီး ဖျားတဲ့အခါ

    • ရေခဏခဏ သောက်ပါ။ ဓာတ်ဆားရရင် ဓာတ်ဆားသောက်ပါ။
    • နေပူထဲမှာ ဆက်တိုက် မနေပါနဲ့။ မကြာခဏ အရိပ်ထဲမှာ နားပေးပါ။
    • နေလောင်ဒဏ်ကြောင့် အသားတွေ နီရဲပြီး စပ်ဖျင်းဖျင်း ဖြစ်လာရင် ရေအေး လောင်းချပါ။
    • နေလို့ မကောင်းတော့ဘူး။ ခေါင်းတွေ ကိုက်လာတယ်ဆိုရင် အိမ်ပြန်နားပါ။ သေချာအနားယူပြီးမှ နောက်နေ့ ဆက်ထွက်ပါ။

    နေပူထဲမှာ အနေကြာတဲ့ အခါ ဖျားတာက ဖြစ်တတ်ပါတယ်။ သိပ်တော့ စိုးရိမ်စရာ မရှိပေမယ့် ပြင်းပြင်းထန်ထန် နေလောင်ထားတဲ့ အဓိပ္ပာယ်မို့လို့ သေချာ အနားယူပြီး ကုသဖို့တော့ လိုပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement