backup og meta

နေကာမျက်မှန် ကို ဘာကြောင့်တပ်သင့်သလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေကာမျက်မှန် ကို ဘာကြောင့်တပ်သင့်သလဲ။

    နွေတုန်းကဆို ပူလိုက်တာမှ ခေါင်းတွေပါ ကိုက်လာတဲ့အထိပဲ။ နားထင်ကြောတွေထင်းပြီး မျက်လုံးတွေပါ ဝါးလာတယ်ဟုတ်။ နွေရာသီမှာ ထီးတွေဆောင်း sunscreenတွေ လိမ်းကြပေမယ့် မသိလိုက် မသိလိုက်ဘာသာနဲ့ ဂရုစိုက်ဖို့ လွတ်သွားတာ ရှိပါတယ်။ ဒါကတော့ မျက်လုံးပါ။ မျက်လုံးကို တော်ရုံတန်ရုံ ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ မျက်လုံးကို အပူဒဏ်က ကာကွယ်ဖို့ဆိုရင် နေကာမျက်မှန် တပ်ရမှာပါ။ အရင်ကတော့ နေကာမျက်မှန်ဆိုတာ ဖက်ရှင်တစ်ခုလို စတိုင်ထုတ်ပြီး တပ်ကြပေမယ့် အောက်က ဆောင်းပါးကို ဖတ်ပြီးသွားရင်တော့ ကျန်းမာရေးအရလည်း နေကာမျက်မှန်ဆိုတာ လိုပါလားလို့ သိသွားမှာပါ။

    နေကာမျက်မှန် ဝယ်မယ်ဆိုရင်

    အဲ့တာ အရင်မပြောခင် အရင်ဆုံး နေကာမျက်မှန်ကို ဘယ်လို ရွေးရမလဲဆိုတာ ပြောပြပေးပါ့မယ်။ မျက်နှာနဲ့ လိုက်ဖက်တာတွေ၊ brandတွေကို ခဏထားပြီး ကျန်းမာရေး အရ သင့်တော်တဲ့ နေကာမျက်မှန်ကို အရင်ရွေးရအောင်။ နေကာမျက်မှန်ဝယ်မယ်ဆိုရင် ကြည့်သင့်တဲ့အချက်တွေက

    • ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်တာ ဖြစ်ပါစေ။

    အရေးကြီးဆုံးအချက်က ကိုယ်ဝယ်မယ့် နေကာမျက်မှန်က UV raysကို ၁၀၀ရာခိုင်နှုန်း ကာကွယ်နိုင်ရပါမယ်။ ဒါမှ ကျန်းမာရေး နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်မှာပါ။ ခက်တာက တော်တော်များများ နေကာမျက်မှန်ဝယ်ရင် အဲ့ဒါကို သိပ်မစဥ်းစားဘဲ ကိုယ့်မျက်နှာနဲ့ လိုက်မလိုက်ကိုသာ စစဉ်းစားကြပါတယ်။

  • ကြီးလေ ကောင်းလေပါ။
  • မျက်မှန်က ကြီးလေလေ ကိုယ့်မျက်နှာကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်လေလေပါ။ တချို့မျက်မှန်တွေဆို ဘေး နားထင်နားတွေ အပိတ်မို့လို့ ဘေးကနေပါ UV raysတွေ မဝင်တော့ပါဘူး။

    • မှန်အရောင်နက်တိုင်း ကောင်းတာ မဟုတ်ပါဘူး။

    မှန်အနက်ကြီးတွေက ပိုပြီး စတိုင်ကျပေမယ့် ပိုနက်တိုင်း UV raysကို ပိုကာကွယ်နိုင်တာ မဟုတ်ပါဘူး။

    • အရောင်က ပြဿနာ မဟုတ်ပါဘူး။

    မျက်မှန်တွေက ရောင်စုံပါပဲ။ ပယင်းရောင်၊ အစိမ်းရောင်၊ မီးခိုရောင် စသဖြင့်ပေါ့။ ခုနကပြောသလိုပဲ UV raysကို ပိုကာကွယ်နိုင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုအရောင်တွေက ဘေ့စ်ဘောရိုက်တဲ့သူ၊ ဂေါ့ဖ်ရိုက်မယ့်သူတွေအတွက် ကြည့်လိုတာကို ပိုပြီး ကွဲကွဲပြားပြား မြင်နိုင်အောင် ကူညီပေးပါတယ်။

    • Polarized မျက်မှန်

    Polarized မျက်မှန်တွေက အလင်းပြန်တာ သက်သာအောင်ပဲ လုပ်ပေးနိုင်တာပါ။ Polarized ဆိုတိုင်း UV raysကို ပိုကာကွယ်နိုင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကားမောင်းမယ်၊ ရေနဲ့ ပတ်သတ်တာတွေ လုပ်မယ်ဆိုရင် UV ကာတာအပြင Polarizedလုပ်ထားတဲ့ မျက်မှန်ကို ရွေးချယ်ပါ။

    • စျေးက ပြဿနာ မဟုတ်ပါဘူး။

    ပြဿနာ မဟုတ်ဘူး ဆိုတာက စျေးကြီးတိုင်း ပစ္စည်းကောင်းမယ်လို့ သတ်မှတ်လို့ မရပါဘူး။ သင့်တင့်တဲ့ စျေးနဲ့ UV raysကို ကာကွယ်နိုင်တဲ့ မျက်မှန်တွေမှ အများကြီးပါပဲ။

    နေကာမျက်မှန်လေးရဲ့ ကျန်းမာရေး အကျိုးများ

    • အရေပြားကင်ဆာ ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

    အရေပြားကင်ဆာရဲ့ ၁၀ရာခိုင်နှုန်းက မျက်ခွံနားမှာ တွေ့ရတာပါ။ ဒါကြောင့် နေကာမျက်မှန်တပ်တာက မျက်ဝန်းနားတစ်ဝိုက်က  အရေပြားတွေ နေမလောင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    အသက်ကြီးလာတာနဲ့အမျှ မြင်လွှာက တဖြည်းဖြည်းဝါးလာပြီး မမြင်ရတော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ နေရာင်မှာ ပါတဲ့ UV rays က မြင်လွှာကို မြန်မြန်ပျက်စီးစေပါတယ်။ ဒါကြောင့် နေကာမျက်မှန်တပ်ဖို့ လိုတာပါ။

    • အတွင်းတိမ်ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။

    အတွင်းတိမ်ဟာ မျက်စိကွယ်ရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။ UV raysနဲ့ ထိတွေ့မှု များရင် ပိုတောင် ဖြစ်နိုင်ချေရှိပါတယ်။ နေကာမျက်မှန်တပ်မယ်ဆိုရင်တော့ အတွင်းတိမ်ဖြစ်ဖို့ အခွင့်အလမ်း နည်းသွားမှာပါ။

    • မျက်သားတက်တာကို  ကာကွယ်ပေးတယ်။

    သိကြတဲ့အတိုင်း မျက်သားတက်တာကို ပိုဆိုးစေတာတွေက နေရောင်ခြည်၊ လေသလပ်ခံတာနဲ့ ဖုန်မှုန့်တွေပါ။ နေကာမျက်မှန်တပ်မယ်ဆိုရင်တော့ ဒါတွေအားလုံးကို ကာကွယ်ပြီးသား ဖြစ်သွားမျာပါ။ ဒါ့ပြင် မျက်သားတက်တာကို ခွဲပြီးတဲ့ သူတွေလည်း ပြန်မဖြစ်အောင် ကာကွယ်ချင်တယ်ဆို နေကာမျက်မှန် တပ်သင့်ပါတယ်။

    Migrainesရှိတဲ့သူတွေက နေပူထဲသွားတာများရင် နေရောင်စူးစူးထဲ နေရတာများရင် ထထပြီး ခေါင်းကိုက်တတ်ပါတယ်။ ဒီလိုမဖြစ်ချင်ဘူးဆိုရင်တော့ နေကာမျက်မှန်သာ တပ်ထားလိုက်ပါ။

    • အရေးအကြောင်းတွေကို သက်သာစေတယ်။

    နေရောင်မှာ ပါတဲ့ UV rays က အသားအရေပို ပျက်စီးစေသလို နေရောင်ကြောင့် မျက်မှောင်ကျုံ့ပြီး ကြည့်ရလို့ အရေးကြောင်းတွေ ထွက်တတ်ပါတယ်။ အထူးသဖြင့် မျက်လုံးတစ်ဝိုက်မှာပါ။ ဒါတွေက ရေရှည်မှာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေပါတယ်။

    ဒါကြောင့် နေကာမျက်မှန်တပ်တာ စတိုင်ထုတ်တာသက်သက်ပဲ မဟုတ်တော့ပါဘူး။ ကျန်းမာရေး လိုအပ်လို့ တပ်ရတာ ဖြစ်လာပါပြီ။ သာမန်အချိန်တွေမှာ မတပ်ချင်ဘူး ဆိုရင်တောင် နေပူလွန်းတယ်၊ နေပူထဲမှာ အကြာကြီး နေရမယ်၊ ကားမောင်းရမယ်ဆို တပ်ဖြစ်အောင်တပ်ပါ။ ပြီးတော့ အရည်အသွေးပြည့်မီတဲ့ နေကာမျက်မှန်ကိုပဲ ဝယ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement