သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

ရှူဆေးရှူ တိုင်း ကောင်းရဲ့လား

    ရှူဆေးရှူ တိုင်း ကောင်းရဲ့လား

    ယနေ့ခေတ် အပြင်ထွက်လိုက်တာနဲ့ ရှောင်လွှဲလို့မရတမ်း ရင်ဆိုင်နေရတာက ညစ်ညမ်းမှုပါ။ လျင်မြန်စွာပြောင်းလဲနေတဲ့ ရာသီဥတုအခြေအနေရယ်၊ ညစ်ညမ်းမှုရယ် ပေါင်းလိုက်တဲ့အခါမှာတော့ အလွယ်တကူဖျားနာလာရပါတော့တယ်။ ဒီလိုဖျားနာတဲ့အခါ အရင်ဆုံးခံစားရတာက နှာခေါင်းပိတ်မယ်ခေါင်းကိုက်မယ်၊ နေရထိုင်ရမအီမသာ ဖြစ်တာတွေပေါ့။

    နှာခေါင်းပိတ်တာနဲ့ ခေါင်းကိုက်တာက ရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် အလုပ်ထဲမှာ အာရုံစိုက်လို့မရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အမြဲလိုလိုဖြေရှင်းနေကျ နည်းလမ်းလေးတစ်ခုရှိတယ်နော်။ တော်တော်များများလည်း သုံးကြတယ်လေ။ ရှူဆေးရှူ လိုက်တာမျိုးပေါ့။ ဒါမှမဟုတ်လည်း ပရုတ်ဆီကို လက်မှာပွတ်ပြီး ရှူလိုက်တာမျိုးပါ။ ဒီလိုရှူလိုက်တဲ့အခါ သက်သာသွားတယ်ဆိုပေမယ့် ကျန်းမာရေးအတွက် တကယ်ရောကောင်းရဲ့လားလို့တွေးကြည့်ဖူးလား။ မတွေးကြည့်ဖူးသေးရင်ကောင်း၊ မကောင်းကို ဒီဆောင်းပါးလေးထဲမှာ တူတူဖတ်ကြည့်ရအောင်နော်။

    နှာခေါင်းပိတ်ခြင်းနဲ့ ရှူဆေးရှူ ခြင်း

    နှာခေါင်းပိတ်ရင် အရင်ဆုံးခံစားရမယ့်လက္ခဏာတစ်ခုက အသက်ရှူရခက်တာပါ။ တစ်နေ့တာလုံး အသက်ရှူရခက်မယ်၊ နေရထိုင်ရမသက်မသာဖြစ်မယ်၊ အလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်ရခက်တာမျိုးဖြစ်မယ်။ ဒီလိုဖြစ်တာက နှာခေါင်းအတွင်းပိုင်းနံရံထဲမှာရှိတဲ့သွေးကြောလေးတွေ ရောင်ရမ်းလာတာကြောင့်ပါ။

    ဒီလိုမျိုးရောင်ရမ်းလာတဲ့အခါ ချွဲတွေဖြစ်လာပါတယ်။ ဒီလိုဖြစ်တော့ နှာခေါင်းတွင်းမှာ ပိတ်ဆို့ပြီး အသက်ရှူရခက်တော့တာပေါ့။ နှာခေါင်းပိတ်တဲ့အခါ အသက်ရှူရခက်တာအပြင် ပါးတွေ၊ နဖူး နဲ့ မျက်လုံးနှစ်ခုကြားမှာ ရောင်ရမ်းနာကျင်မှုကိုပါခံစားရနိုင်ပါတယ်။

    နှာခေါင်းထဲမှာ ချွဲတွေပိုများလာလေလေ၊ ဘက်တီးရီးယားတွေပေါက်ဖွားနိုင်ခြေပိုများလေလေပါ။ ဒီလိုဖြစ်မှုက ရောဂါတွေကူးစက်ခံရနိုင်ခြေကို ပိုများသွားစေနိုင်ပါတယ်။ ဒီလိုအခြေအနေကို ချွဲတွေ အစိမ်းရောင် ဒါမှမဟုတ် အဝါရောင်ဖြစ်နေတာတွေကနေတဆင့် သိရှိနိုင်ပါတယ်။

    ဒီလိုဖြစ်တဲ့အခါ ဆေးခန်းသွားတာမျိုး၊ ဆေးသောက်တာမျိုးမလုပ်ခင် အများစုက အလွယ်တကူဝယ်လို့ရတဲ့ ရှူဆေးကိုရှူလိုက်ကြတာပါပဲ။ အချို့ဆို အိတ်ထဲမှာတောင် အလွယ်တကူဆောင်ထားတတ်ကြပါသေးတယ်။ ရှူဆေးရှူလိုက်တဲ့အခါ ချက်ချင်း နှာခေါင်းပွင့်သွားပြီး အသက်ရှူရချောင်သွားပေမယ့် ဒီသက်သာမှုက ကာလတိုပါပဲ။

    ဒီလိုအသက်ရှူရချောင်သွားတာကလည်း ရှူဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေကြာင့် ရောင်နေတဲ့ သွေးကြောလေးတွေ ကျုံ့သွားတာကြောင့်ပါ။ နောက်ပိုင်းမှာတော့ ရှူဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် နှာခေါင်းပိတ်တာက ပိုဆိုးလာတာမျိုးတောင်ရှိတတ်ပါတယ်။

    ရှူဆေးရှူတိုင်း ကောင်းရဲ့လား

    နှာခေါင်းပိတ်တဲ့အခါ၊ ခေါင်းကိုက်တဲ့အခါ အလွယ်တကူရှူတတ်တဲ့ ရှူဆေးက အချိန်တိုအတွင်းမှာ သက်သာသွားစေတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုသလို ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိပါတယ်။ ရှူဆေးရှူတဲ့အခါ ပါဝင်ပစ္စည်းတွေကြောင့် တစ်ခါတလေမှာ အခုလိုမျိုး ဆိုးကျိုးတွေကို တွေ့ရနိုင်ပါတယ်။

    • ပူစပ်ပူလောင်ဖြစ်တာမျိုး ခံစားရနိုင်တယ်
    • မအီမသာဖြစ်ပြီး အော့အန်နိုင်ပါတယ်
    • သွေးပေါင်ချိန် တက်နိုင်ပါတယ်
    • ငိုက်မြည်းမယ်၊ ငြီးစီစီခံစားရတာမျိုးဖြစ်နိုင်ပါတယ်
    • နှာခေါင်းပိတ်တာ ပိုဆိုးသွားနိုင်ပါတယ်
    • အရေပြားမှာ အဖုအပိမ့်တွေထွက်တာမျိုးဖြစ်နိုင်တယ်
    • အသက်ရှူရခက်တာမျိုးဖြစ်နိုင်တယ်
    • မျက်နှာ၊ နှုတ်ခမ်းနဲ့ လျှာတွေ၊ လည်ပင်းတွေမှာရောင်ရမ်းတာမျိုးဖြစ်နိုင်တယ်။
    • နှာခေါင်းပိတ်တာကို အားနဲ့ ရှူမိတဲ့အခါ နှာခေါင်းသွေးလျှံနိုင်ပါတယ်။

    ဒါကြောင့် နှာခေါင်းပိတ်တဲ့အခါ ရှူဆေးမရှူခင် ရေနွေးငွေ့ခံတာမျိုး လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ဘေးကင်းကင်းနဲ့ နှာခေါင်းပိတ်တာကို သက်သာစေတဲ့နည်းလမ်းတစ်ခုပါ။

    နောက်တစ်ချက်က တော်ရုံလေးစိတ်ရှုပ်တာကြောင့်ဖြစ်လာတဲ့ အခြေအနေလေးတစ်ခုကို ရှူဆေးအနံ့ပြင်းပြင်းတွေ ရှူတာမျိုးမလုပ်ပါနဲ့။ သင့်အနေနဲ့ ရှူဆေးရှူ ရတာကို နှစ်သက်တယ်ဆိုခဲ့ရင်လည်း သဘာဝအဆီတွေဖြစ်ကြတဲ့ စပါးလင်အဆီလိုမျိုး ဓာတုဆေးမပါတာမျိုးကို ရှူပေးပါ။ မကြာခဏ ရှူတာမျိုးကို ရှောင်ကြဉ်ပါ။

    ကိုယ့်ကျန်းမာရေးကိုစောင့်ရှောက်ဖို့ တာဝန်အရှိဆုံး ကိုယ်တိုင်ပါ။ ကဲ ရှူဆေးက ရှူတိုင်းကောင်းလား၊ မကောင်းဘူးလား ကိုယ်တိုင်ဆုံးဖြတ်လိုက်ပါနော်…….

    health-tool-icon

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Mentholhttps://www.lybrate.com/medicine/menthol Accessed Date 19 December 2018

    Are nasal menthol inhalers addictive or harmful?https://www.quora.com/Are-nasal-menthol-inhalers-addictive-or-harmful Accessed Date 19 December 2018

    HOW TO CURE RESPIRATORY INFECTION AND COUGH WITH MENTHOL CRYSTALShttp://eurospaaromatics.com/health-wellness/cure-respiratory-infection-cough-menthol-crystals/ Accessed Date 19 December 2018

    What Is Menthol Topical?https://www.everydayhealth.com/drugs/menthol-topical Accessed Date 19 December 2018

    Menthol steam inhalationhttps://therenegadepharmacist.com/menthol-crystals-for-congestion-sinus-problems/ Accessed Date 19 December 2018

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 01/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။