backup og meta

မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်ဖို့ ဘာကြောင့်လိုအပ်တာလဲ


Ye Myo Myat မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်ဖို့ ဘာကြောင့်လိုအပ်တာလဲ

    မိမိကိုယ်ကိုယ် တန်ဖိုးထားခြင်း (Self Esteem)

    ဘဝအနာဂတ်မှာ အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေ၊ ပန်းတိုင်တွေ ဆွတ်ခူးနိုင်ဖို့ မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် တန်ဖိုးမထားတတ်ရင် ဘယ်သူကမှ ကိုယ့်ကို လာပြီးတန်ဖိုးထားမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ တန်ဖိုး၊ အားသာချက်တွေကို ကိုယ်တိုင်မှ နားမလည်ထားရင် တခြားသူတွေက ကိုယ့်ကို နားလည်ပေးဖို့ ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘဝမှာ ပျော်ရွှင်အေးချမ်းစွာနဲ့ သက်ဆုံးတိုင် နေထိုင်သွားဖို့အတွက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်ကို ကလေးဘဝမှာကတည်းက မိဘတွေအနေနဲ့ လေ့ကျင့်ပေးဖို့ အရမ်း အရေးကြီးပါတယ်။

    ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့သူတွေရဲ့ မျက်နှာဟာ ကြည်လင်ရှင်းသန့်ပြီး အမြဲတမ်း ပြုံးရွှင်နေတတ်ပါတယ်။ အများအမြင်မှာလည်း ဒီလိုမျိုး အေးချမ်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ သူတစ်ယောက်ကို ချစ်ခင်နှစ်သက် ပေါင်းသင်းလိုစိတ်တွေ အမြဲရှိလာတတ်ပါတယ်။ ဒီအချက်ဟာ ဘဝမှာ အထီးကျန်ဆန်ခြင်း၊ မေတ္တာတရားကို မခံစားရခြင်း၊ မကောင်းမြင်စိတ်၊ စိတ်ဓာတ်ကျခြင်း စတာတွေကို လုံးဝမဖြစ်လာအောင် ကြိုတင်ကာကွယ်ပေးထားလိုက်တာနဲ့ အတူတူပါပဲ။

    ကလေးဘဝနဲ့ မိမိကိုယ်ကိုယ် တန်ဖိုးထားစိတ်

    အစောဆုံး လူမှန်းသိတတ်စအရွယ်မှာ ကလေးတွေရဲ့ ကိုယ်ကိုယ်ကိုယ် တန်ဖိုးထားတဲ့ စိတ်တွေ စတင်ဖြစ်ပေါ်လာပါတယ်။ မိဘတွေရဲ့ ချစ်ခင်ကြင်နာမှု၊ ဂရုစိုက်ဖေးမှုတွေ၊ ချိုသာတဲ့ စကားသံတွေ၊ မျက်စိနဲ့ မမြင်ရတာတောင် ရင်ထဲကနေ လှိုက်ပြီး နွေးလာတဲ့ သံယောဇဉ် မေတ္တာတွေ စတဲ့အချက်တွေဟာ ကလေးဘဝကို ပျော်ရွှင်အေးချမ်းစေပါတယ်။ ပျော်ရွှင်နေတဲ့ ကလေးတစ်ယောက်၊ ချစ်ခင်ကြင်နာတဲ့ မိဘရိပ်အောက်မှာ ကြီးပြင်းလာရတဲ့ ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားတတ်သလို တခြားလူတွေကိုလည်း တန်ဖိုးထားတတ်တယ်။ တန်ဖိုးရဲ့ အဓိပ္ပါယ်၊ မေတ္တာတရားရဲ့ နွေးထွေးမှုတွေကို နားလည်သဘောပေါက်တယ်။ ဒီအချက်တွေဟာ ကလေးတစ်ယောက် ကြီးပြင်းလာတဲ့အခါ စိတ်ချမ်းသာပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့၊ အရည်အချင်းရှိ၊ ထူးချွန်ထက်မြက်တဲ့ လူကြီးတစ်ယောက်အဖြစ် မြေသြဇာပေါင်းသင် ပျိုးထောင်ပေးခြင်းပါပဲ။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေ စကားပြောတတ်ကာစ အရွယ်ကနေ ကြီးပြင်းလာတဲ့အထိ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ် မြင့်တက်အောင် ကူညီထိန်းကျောင်းပေးသင့်ပါတယ်။

    ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတာ၊ မထားတာ ဘယ်လိုခွဲခြားနိုင်လဲ။

    မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်သူတွေမှာ

    • ကိုယ့်အရည်အချင်းအပေါ် ယုံကြည်မှု အပြည့်အဝရှိခြင်း

    • လောကကြီးကို အကောင်းမြင်ခြင်း

    • မကောင်းမြင်စေတဲ့၊ တခြားသူတွေရဲ့ စိတ်ကို ညစ်နွမ်းစေတဲ့ စကားများ မပြောဆိုခြင်း၊ မပြုမူတတ်ခြင်း

    • မေတ္တာ ထားတတ်ခြင်း

    • ရိုင်းပင်းကူညီရန် အဆင်သင့် ဖြစ်နေတတ်ခြင်း

    • တခြားလူတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို မြင်တတ်ပြီး အရှိကို အရှိအတိုင်း လက်ခံတတ်ခြင်း

    • မကောင်းတဲ့အရာတွေ ဖြစ်လာခဲ့ရင်လည်း စိတ်ပျက် ဝမ်းနည်းနေမယ့်အစား သင်ခန်းစာအဖြစ် ခံယူကာ ပြန်လည် နာလန်ထူနိုင်ခြင်း

    • ဘာတွေ လိုအပ်နေလဲ၊ ခံစားနေရလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်ခြင်း စတဲ့အချက်တွေကို တွေ့ရပါတယ်။

    ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်စိတ် အရမ်းများတဲ့သူတွေ၊ တန်ဖိုးမထားတတ်သူတွေမှာတော့

    • မျက်နှာကို ကြည့်လိုက်တာနဲ့ မှိုင်တွေနေခြင်း

    • ရင်ထဲမှာ ဖြစ်နေတဲ့ ပူဆွေးမှုတွေဟာ ဘေးလူကိုပါ ရိုက်ခတ်မိခြင်း

    စိတ်ထား သဘောထား မကောင်းခြင်း

    • လူတစ်ဖက်သားကို အားမနာတတ်ခြင်း၊ မကူညီတတ်ခြင်း

    • အားသာချက်တွေကို မမြင်ဘဲ အားနည်းချက်တွေကိုသာ မြင်ပြီး ဒါတွေကို အသုံးချ၍ အပြစ်မြင်နေခြင်း

    • တခြားသူတွေဟာ ကိုယ့်ထက် အမြဲသာလွန်နေတယ်ဆိုတဲ့ အတွေးများနဲ့ တစ်ယောက်တည်း စိတ်အားငယ်နေတတ်ခြင်း

    • ကိုယ့်ဘဝနဲ့ ပတ်သက်ပြီး ကောင်းတဲ့အချက်တွေ၊ အားသာချက်တွေကို မစဉ်းစားနိုင်ခြင်း

    • ကျရှုံးရမှာ၊ အမှားလုပ်မိမှာကို အလွန်အမင်း ကြောက်ရွံ့ခြင်း

    • လက်တွေ့ဆန်တဲ့၊ အကောင်းဘက်ကို အပြုသဘောဆောင်တဲ့ အတွေးအခေါ်၊ အပြုအမူများ မတွေ့ရခြင်း စတဲ့ လက္ခဏာများကို မတွေ့ရခြင်း စတဲ့ လက္ခဏာများကို တွေ့ရနိုင်ပါတယ်။

    လူတစ်ယောက်ဟာ ပျော်ရွှင်အေးချမ်းစွာနဲ့ ဘဝအနာဂတ်ကို ဖြတ်သန်းသွားနိုင်ဖို့ ကိုယ့်ကိုယ့်ကိုယ် တန်ဖိုးထားတတ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့်လည်း မိဘတွေအနေနဲ့ ကိုယ်ချစ်တဲ့ သားသမီးတွေကို ငယ်စဉ်ကတည်းက လုံခြုံတဲ့ မိဘရိပ်အောက်မှာသာ ထားဖို့၊ သားသမီးတွေကို အပြစ်မမြင်ဖို့၊ မှားတာရှိရင် ဖေးမကူညီဖို့၊ လမ်းမှန်ရောက်အောင် ထိန်းကျောင်းပေးဖို့ အရမ်းအရေးကြီးတယ်နော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement