home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

Extrapyramidal Side Effects (Extrapyramidal Symptoms) (စိတ်ရောဂါကုဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်|ရောဂါလက္ခဏာများ|ဖြစ်ပွားမှုအကြောင်းရင်းများ|ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ|ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း|လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

အဓိပ္ပါယ်ဖွင့်ဆိုချက်

စိတ်ရောဂါကုဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ (Extrapyramidal Symptoms) ဆိုတာ ဘာလဲ။

စိတ်ရောဂါကုဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး တနည်းအားဖြင့် Extrapyramidal Symptoms (EPS) ဆိုတာ Antipsychotic အုပ်စုဝင် ဆေးဝါးတွေနဲ့ အခြားဆေးအမျိုးအစား အနည်းငယ်ကြောင့် ဖြစ်လေ့ရှိတဲ့ ဆိုးကျိုးလက္ခဏာတွေကို ခေါ်တာဖြစ်ပါတယ်။ Antipsychotic အုပ်စုဝင် ဆေးဝါးတွေကို စိတ်ကစဉ့်ကလျားရောဂါ၊ ပြင်းထန်စိတ်ကျရောဂါ စတဲ့ စိတ်ရောဂါအမျိုးမျိုးကို ကုသရာမှာ အဓိကအသုံးပြုပါတယ်။

၎င်းဆေးဝါးတွေကြောင့် ဖြစ်ပေါ်လာတဲ့ Extrapyramidal ဘေးထွက်ဆိုးကျိုးတွေကို တူရာတူရာစုပြီး အုပ်စုခွဲခြားထားပါတယ်။ လှုပ်ရှားမှုပုံမမှန်တဲ့ ပြဿနာတွေကို dyskinesias၊ ကြွက်သားကျုံ့မှုပုံမမှန်တဲ့ ပြဿနာတွေကို dystonias လို့ခေါ်ပြီး ကြွက်သားအလိုအလျောက်လှုပ်ရှားတဲ့ (အရပ်အခေါ် အကြောဆွဲတဲ့) ပြဿနာတွေကိုတော့ tardive symptoms လို့ ခေါ်ပါတယ်။ စိတ်ရောဂါကုဆေးဝါးတွေကို နှစ်နဲ့ချီအောင် သောက်သုံးရတဲ့ လူနာတွေမှာ tardive symptoms တွေ တွေ့ရတတ်ပြီး ဆေးရပ်လိုက်တဲ့နောက်မှာတောင် မပျောက်နိုင်ဘဲ တစ်သက်လုံးစွဲကျန်ခဲ့ဖို့ အလားအလာများပါတယ်။

စိတ်ရောဂါကုဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ (Extrapyramidal Symptoms) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

စိတ်ရောဂါကုဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ (Extrapyramidal Symptoms) ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

EPS ရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့

  • ဂနာမငြိမ် ယောက်ယက်ခတ်ခြင်း၊ စိတ်လှုပ်ရှားထိတ်လန့်ခြင်း၊ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ခြင်း၊ ရှပ်တိုက်သွားခြင်း၊ ခြေဆောင့်ခြင်း
  • ဦးခေါင်း၊ လည်ပင်း၊ ကိုယ်ထည်နှင့် ခြေလက်ကြွက်သားများ သူ့အလိုလိုကျုံ့ပြီး လျှာတောင့်တင်းခြင်း၊ လည်လိမ်ခြင်း၊ ကျောကိုင်းခြင်း
  • ကတုန်ကယင်ဖြစ်ခြင်း၊ ခန္ဓါကိုယ်တောင့်တင်းခြင်း၊ လက်မလွှဲဘဲ လမ်းလျှောက်ခြင်း
  • လျှာ၊ မေး၊ နှုတ်ခမ်းနှင့် မျက်နှာကြွက်သားများ အလိုအလျောက်လှုပ်ရှားခြင်း ဥပမာ နှုတ်ခမ်းစူခြင်း၊ ခဏခဏ မျက်တောင်ခတ်ခြင်း
  • ခြေချောင်းလက်ချောင်းများ အလိုအလျောက်လှုပ်ရှားခြင်း၊ ခေါင်းငြိမ့်ခြင်း၊ ကော့ထိုးခြင်း
  • စည်းချက်မမှန်ဘဲ အသက်မြန်မြန်ရှူခြင်း၊ မေးထိုးရှူခြင်း၊ သက်ပြင်းချခြင်း
  • အသံကောင်းကောင်းမထွက်ခြင်း၊ သွားရည်ကျခြင်း၊ မျက်နှာအမူအရာမပြခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက စိတ်ရောဂါကုဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ (Extrapyramidal Symptoms) ဖြစ်ပွားစေသလဲ။

များသောအားဖြင့် Dopamine လုပ်ငန်းစဉ်ကို ပိတ်ပင်တားဆီးတဲ့ သမားရိုးကျ စိတ်ရောဂါကုဆေးဝါး (typical antipsychotics) တွေကြောင့် ဘေးထွက်ဆိုးကျိုး ဖြစ်လေ့ရှိပေမယ့် သမားရိုးကျမဟုတ်တဲ့ စိတ်ရောဂါကုဆေးဝါး (atypical antipsychotics) တွေကြောင့်လည်း ရံဖန်ရံခါ ဖြစ်ပွားနိုင်ပြီး ရှားရှားပါးပါးဆိုသလို စိတ်ကျဝေဒနာသက်သာဆေး (antidepressants) တွေကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။ အဆိုပါဆေးဝါးတွေကို ပုံမှန်သောက်သုံးနေရတဲ့ စိတ်ကစဉ့်ကလျားရောဂါနဲ့ စိတ်ကြွစိတ်ကျရောဂါ ဝေဒနာရှင်တွေမှာ Extrapyramidal ဘေးထွက်ဆိုးကျိုးလက္ခဏာတွေ အများဆုံးတွေ့မြင်နိုင်ပေမယ့် ဆေးလုံးဝမသောက်ဖူးတဲ့ လူနာတွေမှာလည်း တွေ့ရတတ်ပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက စိတ်ရောဂါကုဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ (Extrapyramidal Symptoms) ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

အသေးစိတ်အချက်အလက်များကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။

စိတ်ရောဂါကုဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ (Extrapyramidal Symptoms) ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

သင့်ဆရာဝန်အနေနဲ့ လိုအပ်တဲ့ ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခြင်းအားဖြင့် သင့်မှာ စိတ်ရောဂါကုဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်နေခြင်းရှိမရှိ အဖြေရှာအတည်ပြုနိုင်ပါတယ်။

အဖြစ်အများဆုံး လှုပ်ရှားမှုဆိုင်ရာပြဿနာတွေကို ဆန်းစစ်အကဲဖြတ်ဖို့ စံသတ်မှတ်ချက်အမျိုးမျိုးရှိပေမယ့် ဘေးထွက်ဆိုးကျိုးလက္ခဏာအပေါ် မူတည်ပြီး ကုသမှုတွေလည်း ကွဲပြားနိုင်တဲ့အတွက် လှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြည့်ပြည့်စုံစုံ စမ်းသပ်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

စိတ်ရောဂါကုဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ (Extrapyramidal Symptoms) ကို ဘယ်လိုကုသလဲ။

ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ ဆေးဝါးနဲ့ ဖြစ်ပွားနေတဲ့ လက္ခဏာတွေအပေါ်မူတည်ပြီး ကုသမှုခံယူရမှာဖြစ်ပါတယ်။

သင့်ဆရာဝန်အနေနဲ့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးပမာဏကို လျှော့ချတာပဲဖြစ်ဖြစ်၊ ဘေးထွက်ဆိုးကျိုးနည်းတဲ့ အခြားဆေးတစ်မျိုး ပြောင်းပေးတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

တစ်ခါတစ်ရံမှာ extrapyramidal ဘေးထွက်ဆိုးကျိုးတွေကို တုန့်ပြန်သက်ရောက်နိုင်တဲ့ benzodiazepines နဲ့ anticholinergics အုပ်စုဝင်ဆေးဝါးတွေ သောက်သုံးခြင်းအားဖြင့်လည်း သက်သာနိုင်ပါတယ်။

အကြောင်းကတော့ antipsychotics တွေက dopamine လုပ်ငန်းစဉ်ကို ပိတ်ပင်တားဆီးပြီး anticholinergics တွေက dopamine ထွက်ရှိမှုကို မြင့်တက်စေတာကြောင့်ပဲ ဖြစ်ပါတယ်။

သမာရိုးကျ Antipsychotic များ

ပထမမျိုးဆက် စိတ်ရောဂါကုဆေးဝါးတွေဖြစ်တဲ့ သမားရိုးကျ antipsychotic (Typical antipsychotic) တွေက extrapyramidal ဘေးထွက်ဆိုးကျိုး အများဆုံးဖြစ်ပေါ်စေပါတယ်။ အမေရိကန်နိုင်ငံ အစားအသောက်နဲ့ဆေးဝါး စီမံကွပ်ကဲရေးဦးစီးဌာန (FDA) ရဲ့ ခွင့်ပြုချက်ရ Typical antipsychotic တွေကတော့

  • Thorazine (chlorpromazine)
  • Inapsine (droperidol)
  • Prolixin (fluphenazine)
  • Haldol (haloperidol)
  • Loxitane (loxapine)
  • Trilafon (perphenazine)
  • Orap (pimozide)
  • Compazine (prochlorperazine)
  • Navane (thiothixene)
  • Mellaril (thioridazine)
  • Stelazine (trifluoperazine)

သမားရိုးကျမဟုတ်သည့် Antipsychotic များ

အကယ်၍ သမားရိုးကျ antipsychotic တစ်ခုခုကြောင့် ဘေးထွက်ဆိုးကျိုးဖြစ်လာခဲ့ရင် သင့်ဆရာဝန်က အောက်ဖော်ပြပါ ဒုတိယမျိုးဆက် antipsychotic (Atypical antipsychotic) တစ်ခုခု ပြောင်းပေးနိုင်ချေရှိပါတယ်။ အမေရိကန်နိုင်ငံ အစားအသောက်နဲ့ဆေးဝါး စီမံကွပ်ကဲရေးဦးစီးဌာန (FDA) ရဲ့ ခွင့်ပြုချက်ရ Atypical antipsychotic တွေကတော့

  • Abilify (aripiprazole)
  • Saphris (asenapine)
  • Clozaril (clozapine)
  • Fanapt (iloperidone)
  • Zyprexa (olanzapine)
  • Invega (paliperidone)
  • Seroquel (quetiapine)
  • Risperdal (risperidone)
  • Geodon (ziprasidone)

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက စိတ်ရောဂါကုဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ (Extrapyramidal Symptoms) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

What Are Extrapyramidal Side Effects? https://www.verywellmind.com/extrapyramidal-side-effects-380021. Accessed May 21, 2018.

Extrapyramidal Symptoms. http://www.psychvisit.com/conditions/schizophrenia/2-symptoms-definition-schizophrenia/2-04-extrapyramidal-symptoms-EPSE.html. Accessed May 21, 2018.

Extrapyramidal Symptoms. https://www.drugs.com/cg/extrapyramidal-symptoms.html. Accessed May 21, 2018.

Recognition of Movement Disorders: Extrapyramidal Side Effects and Tardive Dyskinesia. https://www.medicalnewstoday.com/releases/13702.php. Accessed May 21, 2018.

စာရေးသူ ဓာတ်ပုံbadge
Dr. Ye Mhan Linn မှ ရေးသားသည်။ 2 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။