ပူလွန်းလို့ ပန်ကာဖွင့်အိပ်တာ အန္တရာယ်ရှိလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပူလွန်းလို့ ပန်ကာဖွင့်အိပ်တာ အန္တရာယ်ရှိလား
    ပြင်းလွန်းတဲ့အပူရှိန်ကို အံတုပြီး လှုပ်ရှားသွားလာနေရတာ အတော်ပင်ပန်းပါတယ်။ခုချိန်မှာ အရိပ်ထဲနေရင်တောင် ပူလောင်နေရတဲ့နွေအပူဒဏ်ကို ဘယ်လိုသက်သာအောင်နေရမလဲပဲတွေးနေကြမှာပါ။ အင်္ကျီဆိုင်ရှေ့ဖြတ်ရင်တောင် အသားအေးမယ့်အဝတ်အစားကိုပဲ မျက်လုံးထဲမြင်တော့တယ်။
    အပူသက်သာဖို့ အိမ်တိုင်းမှာ အမြဲသုံးလေ့ရှိတာက လျှပ်စစ်ပန်ကာနဲ့လေအေးပေးစက်ပါ။လေအေးပေးစက်မရှိတဲ့သူတွေတော့ ပန်ကာသုံးပါတယ်။ ပန်ကာက လိုသလိုနေရာရွှေ့ပြောင်းလို့ရတာလည်းပါတာပေါ့။ ပန်ကာကိုနေ့ဘက်အပြင် ညအိပ်တဲ့အခါ ဖွင့်ထားပြီး အိပ်တတ်ကြပါတယ်။ ညကျအိပ်ရာထဲဝင်တာနဲ့ တအားပူအိုက်တာကိုး။ချွေးတွေတလုံးလုံးနဲ့ လူးရင်းလှိမ့်ရင်း မိုးလင်းသွားမှာစိုးရတယ်လေ။
    ပန်ကာကို ဟိုးအရင်တည်းက အသုံးပြုလာခဲ့ကြတာဖြစ်ပြီး အန္တရာယ်ကြီးကြီးမားမားလည်း မဖြစ်လောက်ဘူးလို့ယူဆထားကြပါတယ်။ ဒါပေမယ့်တစ်ညလုံးပန်ကာရှေ့အိပ်စက်ကြတာဟာ စိုးရိမ်စရာရှိလားလို့မေးခွန်းထုတ်စရာရှိလာပါတယ်။ သုတေသနဆန်းစစ်ချက်တစ်ခုကြောင့်ပါ။လေအေးပေးစက်မသုံးဘဲ ပန်ကာသုံးသူတွေမှာ ကျန်းမာရေးထိခိုက်မှုတွေရှိတယ်လို့ ဆက်နွှယ်မှုအထောက်အထားတချို့ကို သူက ဖော်ပြလာတာဖြစ်ပါတယ်။
    ဒီဆန်းစစ်ချက်အရ အပူပြင်းထန်ချိန်အတွင်း ပန်ကာအသုံးပြုမှုရဲ့ကောင်းကျိုးဆိုးပြစ်တွေအကြောင်း မရေရာမှုတွေကိုသေချာဆက်လက်လေ့လာပြီး ခိုင်မာတဲ့အထောက်အထားဆက်ရှာဖွေဖို့လိုပါတယ်လို့ဗြိတိန်ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုဌာနမှKatie Carmichael ကပြောပါတယ်။

    ပန်ကာကြောင့် ပိုပူနိုင်

    ဒီလေ့လာဆန်းစစ်ချက်ကို အကျိုးအမြတ်မယူ သုတေသနအဖွဲ့The Cochrane Collaboration က ကျန်းမာရေးအာဏာပိုင်တွေအတွက် စုစည်းလေ့လာခဲ့တာဖြစ်ပါတယ်။

    အပူချိန်အရမ်းပြင်းနေတဲ့အချိန်မှာ ပန်ကာအသုံးပြုခြင်းက ခန္ဓါကိုယ်ကိုအေးစေတဲ့အစား ပိုပူစေနိုင်ပြီး ထိခိုက်မှုတွေရှိစေနိုင်တယ်လို့ စိုးရိမ်ကြတာပါ။ အပူချိန်မြင့်လွန်းတဲ့အခါ ပန်ကာတွေကြောင့်ချွေးပိုထွက်စေနိုင်ပြီး (ပန်ကာနဲ့ချွေးခဏတိတ်သလိုဖြစ်စေပေမယ့် အသားတွေပူလာတာ ခံစားဖူးမှာပေါ့)ရေဓါတ်ခန်းခြောက်တာနဲ့ ဓါတ်ဆားမမျှတာတွေဖြစ်စေနိုင်တယ်။ အဲဒီကနေ နှလုံးကအစ အာရုံကြောတွေအထိ ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို ကမောက်ကမဖြစ်စေနိုင်တယ်။

    ဒီအခြေအနေမျိုးဆို သက်ကြီးပိုင်းအရွယ်တွေ၊ သိပ်ငယ်သေးတဲ့ကလေးတွေနဲ့ရောဂါအခံရှိသူတွေအပါအဝင် ထိခိုက်လွယ်တဲ့သူတွေမှာ အထူးသဖြင့်ပိုဂရုစိုက်သင့်ပါတယ်။

    သုတေသနများစွာကိုလေ့လာဆန်းစစ်ခဲ့တဲ့အခါ ပန်ကာက အပူနဲ့ပတ်သက်တဲ့ထိခိုက်မှုအန္တရာယ်လျော့နည်းစေတယ်ဆိုတဲ့ ရလဒ်တွေရယ်၊ ပန်ကာကြောင့် အပူနဲ့ပတ်သက်တဲ့ကျန်းမာရေးအန္တရာယ်တွေပိုဆိုးစေတယ်ဆိုတာတွေရယ်ရောထွေးနေပါတယ်။

    သုတေသနအထောက်အထားတွေကို အခြေခံတဲ့ ပညာရှင်တွေရဲ့နောက်ဆုံးကောက်ချက်ကတော့ အပူချိန် 95 F ရောက်နေပြီဆိုရင် လျှပ်စစ်ပန်ကာတွေက အခန့်မသင့်ရင် ကျန်းမာရေးပြဿနာတွေရှိနိုင်တယ်ဆိုတာပါပဲ။

    အပူဒဏ်အောက် ဘယ်လိုနေထိုင်ကြမလဲ

    ပန်ကာနဲ့ အဲယားကွန်းကို အားကိုးနေတာထက် တခြားနည်းလမ်းတွေနဲ့ရော အပူဒဏ်အောက်က အန္တရာယ်တွေရှောင်လို့ရပါတယ်။ အရိပ်ထဲမှာနေဖို့တော့လိုတာပေါ့။ အမေရိကန်ကြက်ခြေနီအသင်းရဲ့ အကြံပြုချက်တွေက –

    • ရေများများသောက်ပါ။ရေမဆာရင်တောင် ပုံမှန်ဝင်အောင်သောက်ပါ။ ကဖင်းနဲ့အယ်လ်ကိုဟောကိုလျှော့ပါ။
    • နေ့ရဲ့အပူဆုံးအချိန်တွေမှာဖြည်းဖြည်းလှုပ်ရှားပါ။ အားစိုက်ပြီးမြန်မြန်လှုပ်ရှားတာတွေမလုပ်ပါနဲ့(အားကစားလုပ်တာမျိုး)။
    • အပူချိန်အပြောင်းအလဲကို သတိထားပါ။ သိပ်ပူနေရာကအေးတဲ့နေရာကို ရုတ်တရက်အဝင်အထွက်လုပ်တဲ့အခါ ခန္ဓါကိုယ်အပူချိန်မှာ ကမောက်ကမဖြစ်ပြီး ဦးနှောက်သွေးကြောပြတ်နိုင်ပါတယ်။
    • ချောင်ချောင်ချိချိ၊အသားအေးတဲ့အဝတ်အစားကိုဝတ်ပါ။ အရောင်ဖျော့တာပိုကောင်းပါတယ်။ အရောင်ရင့်လေနေရောင်ခြည်အပူကို ပိုစုပ်ယူထားလေဖြစ်လို့ပါ။
    • မဖြစ်မနေ အပြင်သွားရတယ်ဆို အရိပ်အောက် ခဏတော့ ဝင်ဝင်နားပေးပါ။
    • ပန်ကာဖွင့်ပြီးအိပ်မယ်ဆိုရင်တော့ လူပေါ်ကိုလေတိုက်ရိုက်မကျစေဘူးဆိုရပါတယ်။ ပန်ကာလေလမ်းကြောင်းကို ဘေးဘက်လွှဲထားရင် အနီးတဝိုက်မှာအေးမြစေမှာပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement