အသက်အရွယ်ကြီးလာတာနဲ့အမျှ အရိုးများကြံ့ခိုင်မှုအားနည်းသွားပြီး အရိုးပွခြင်း ဖြစ်လာနိုင်ပါတယ်။ အရိုးပွတဲ့အခါ ထိခိုက်မိရင် အရိုးများကျိုးပဲ့ပျက်စီးလွယ်ပါတယ်။ အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့အတွက် ဗီတာမင်နဲ့ အာဟာရဓာတ်တချို့ကို စားသုံးပြီး ကာကွယ်နိုင်ပါတယ်။
အစားအစာများကတဆင့် လိုအပ်တဲ့ အာဟာရဓာတ်တွေ ရရှိနိုင်သလို ဖြည့်စွက်စာများ အားဆေးများ သုံးစွဲရာကနေလည်း ရရှိနိုင်ပါတယ်။ အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့အတွက် အောက်ပါအာဟာရဓာတ်တွေ လိုအပ်ပါတယ်။
ကယ်လ်ဆီယမ်
ကယ်လ်ဆီယမ်ဟာ အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့အတွက် အရေးအကြီးဆုံး သတ္တုဓာတ်ဖြစ်ပါတယ်။ များသောအားဖြင့် အစားအစာများကနေ ရရှိနိုင်ပြီး လုံလောက်မှုမရှိမှသာ အားဆေးအနေနဲ့ သုံးစွဲနိုင်ပါတယ်။
သင့်ရဲ့ခန္ဓာကိုယ်ဟာ တစ်ကြိမ်ကို ကယ်လ်ဆီယမ် ၅၀၀ မီလီဂရမ်ထက်ပိုပြီး မစုပ်ယူနိုင်ပါဘူး။ ဒါကြောင့် ဖြည့်စွက်စာဆိုရင် အချိန်ခွဲပြီး သောက်သုံးရပါတယ်။ အစားအစာနဲ့ အားဖြည့်ဓာတ်စာကို အတူသုံးစွဲတာ ခန္ဓာကိုယ်က စုပ်ယူခြင်းအတွက် ကောင်းစေပါတယ်။ ကယ်လ်ဆီယမ်များတဲ့ အစားအစာတွေကတော့
ဗီတာမင် D
အရိုးပွခြင်းကိုကာကွယ်ဖို့အတွက် ဗီတာမင် D ဟာလည်း ကယ်လ်ဆီယမ်လိုပဲ အရေးပါပါတယ်။ ကိုယ်ခန္ဓာကနေ ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်ဖို့အတွက် ဗီတာမင် D က အထောက်အကူပြုပါတယ်။ အရိုးပွရောဂါကို ကုသရာမှာ ကယ်လ်ဆီယမ်အပြင် ဗီတာမင် D ကိုလည်း သုံးစွဲဖို့ ထောက်ခံမှုပြုထားပါတယ်။ ဗီတာမင် D ကို နေရောင်ခြည်ကနေ ရရှိနိုင်ပါတယ်။
အသက်ငါးဆယ်အထက် လူကြီးများအနေနဲ့ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် D ပမာဏကတော့ ၈၀၀ ကနေ ၁၀၀၀ ယူနစ် (IU) ဖြစ်ပါတယ်။
မဂ္ဂနီဆီယမ်
မဂ္ဂနီဆီယမ်ဟာ အစားအစာတွေမှာ သဘာဝအတိုင်းတွေ့နိုင်တဲ့ သတ္တုဓာတ် ဖြစ်ပါတယ်။ ပေါင်မုန့်ကြမ်း၊ အစိမ်းရင့်ရောင်အရွက်များ၊ အခွံမာသီးများ စတာတွေမှာ ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်ဟာလည်း အရိုးများရဲ့ သန်မာမှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။ တနေ့တာလိုအပ်တဲ့ မဂ္ဂနီဆီယမ်ပမာဏကတော့ ၃၀၀ ကနေ ၅၀၀ မီလီဂရမ်ဖြစ်ပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ မုန့်ပဲသရေစာတွေကိုပဲ စားသုံးနေမယ်ဆိုရင်တော့ လိုအပ်တဲ့ မဂ္ဂနီဆီယမ်ပမာဏကို မရရှိနိုင်ပါဘူး။ မဂ္ဂနီဆီယမ်များတဲ့ လက္ခဏာတွေကိုလည်း သတိပြုသင့်ပါတယ်။ ဗိုက်အောင့်ခြင်း၊ ဝမ်းသွားခြင်း စတာတွေဖြစ်ရင် မဂ္ဂနီဆီယမ်ကို လျှော့ချသင့်ပါတယ်။
ဗီတာမင် K
ဗီတာမင် K ဟာ ကယ်လ်ဆီယမ်ကို အရိုးတွေဆီ ပေါင်းစပ်နိုင်အောင် ကူညီပေးပါတယ်။ ဒါပေမယ့် ဗီတာမင် K ကို မနည်းလွန်း မများလွန်းဖြစ်အောင်လည်း ဂရုစိုက်ရပါမယ်။ တနေ့တာ လိုအပ်တဲ့ ပမာဏကတော့ ၁၅၀ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ဗီတာမင် K ဟာ သွေးကျဲဆေးများရဲ့ အာနိသင်ကို ပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် K ကို တိုးမြှင့်သောက်သုံးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
ဘိုရွန် (Boron)
ဘိုရွန်ကို ကိုယ်ခန္ဓာကနေ များများစားစား မလိုအပ်ပါဘူး။ ဒါပေမယ့် ကိုယ်ခန္ဓာကနေ ကယ်လ်ဆီယမ်ကို ထိရောက်စွာ အသုံးချနိုင်ဖို့အတွက် ကူညီပေးတဲ့အတွက် အရေးကြီးပါတယ်။ အရိုးများ ဖြစ်ပေါ်ခြင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို လှုံ့ဆော်ပေးခြင်းအားဖြင့် အရိုးပွရောဂါကို ကုသရာမှာ ပါဝင်ပါတယ်။ တနေ့တာလိုအပ်တဲ့ ပမာဏကတော့ ၃-၅ မီလီဂရမ် ဖြစ်ပါတယ်။ ပန်းသီး၊ စပျစ်သီး၊ အခွံမာသီး၊ မက်မွန်သီး၊ သစ်တော်သီး စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ဘိုရွန် လွန်ကဲရင်တော့ ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဝမ်းပျက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
ဆီလီကွန်
ဆီလီကွန်ဟာ အရိုးများနဲ့ ကြွက်သားချောင်းများ၊ အရွတ်များ ကြံ့ခိုင်ဖွံ့ဖြိုးရေးအတွက် အရေးကြီးပါတယ်။ ဆီလီကွန်ကို တစ်နေ့တာလိုအပ်တဲ့ ပမာဏကတော့ ၂၅ – ၅၀ မီလီဂရမ် ဖြစ်ပါတယ်။
သတိပြုရန်
မည်သည့် ဗီတာမင်အားဆေးကိုမဆို၊ ဖြည့်စွက်စာကိုမဆို ရေရှည်သုံးစွဲတော့မယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်သင့်ပါတယ်။
[embed-health-tool-bmi]