backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အရိုးပွခြင်းအကြောင်း သိသင့်သမျှ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


03/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အရိုးပွခြင်းအကြောင်း သိသင့်သမျှ

အရိုးပွခြင်း ဆိုတာ အရိုးတွေမှာရှိသင့်တဲ့ သိပ်သည်းဆ လျော့နည်းသွားခြင်း ဖြစ်ပါတယ်။ လူတိုင်းရဲ့ အရိုးတွေထဲမှာ ပျားအုံတစ်အုံလိုပဲ အခေါင်းပေါက်ငယ်ကလေးတွေ ရှိပါတယ်။ အရိုးပွခြင်းဖြစ်လာရင် အဆိုပါ အပေါက်ငယ်ကလေးများရဲ့ အရွယ်အစားဟာ ပိုမိုကျယ်ပြန့်လာပါတယ်။ ဒါကြောင့် အရိုးရဲ့ သိပ်သည်းဆရော ကြံ့ခိုင်မှုပါ အားနည်းလာပါတယ်။ အရိုးလည်း ပါးလျလာပြီး ထိခိုက်မိရင် ကျိုးပဲ့လွယ်လာပါတယ်။

အရိုးပွခြင်းအကြောင်း သိသင့်သမျှ

အရိုးပွခြင်းဟာ ဘယ်အရွယ်မှာမဆို ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးပိုင်း အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။ အရိုးပွနိုင်ခြေ အများဆုံး အရိုးများကတော့ နံရိုး၊ ပေါင်ရိုး၊ ခါးရိုးနဲ့ လက်ကောက်ဝတ်ရိုးများပဲ ဖြစ်ပါတယ်။

လက္ခဏာများ

များသောအားဖြင့် ကနဦးလက္ခဏာ မတွေ့ရတတ်ပါဘူး။ အရိုးကျိုးသည့်တိုင်အောင် အရိုးပွတဲ့ အခြေအနေကို ကြိုတင်ပြီး မသိတာများပါတယ်။ တစ်ခါတရံမှာ တွေ့ရတတ်တဲ့ အခြေအနေတွေကတော့

  • သွားဖုံးများ ချိုင့်ဝင်လာခြင်း
  • လက်များ ညှစ်ဆုပ်နိုင်မှု အားနည်းသွားခြင်း
  • လက်သည်းများ ကျိုးပဲ့လွယ်လာခြင်း စတာတွေ ဖြစ်ပါတယ်။
  • ဘာပြဿနာတွေဖြစ်နိုင်သလဲ

    အရိုးပွခြင်းကို ထိရောက်တဲ့ ကာကွယ်ကုသမှုမလုပ်ရင် အရိုးများ ပိုမိုပါးလျား အားနည်းလာပြီး ကျိုးပဲ့လွယ်လာပါတယ်။ ဆိုးရွားလွန်းတဲ့ အခြေအနေမှာဆိုရင် ချော်လဲရင်၊ ချောင်းပြင်းပြင်းဆိုးရင် ကျိုးပဲ့တတ်ပါတယ်။ ခါး၊ လည်ပင်းနာခြင်းတွေ ဖြစ်တတ်ပြီး ကိုယ်ခန္ဓာအပေါ်ပိုင်း ဖိအားကြောင့် ခါးဆစ်ရိုးကျိုးတတ်ပါတယ်။

    အရိုးပွခြင်းဖြစ်နိုင်ခြေ မြင့်စေသော အကြောင်းများ

    အဓိကကတော့ အသက်အရွယ်ဖြစ်ပါတယ်။ သင့်ဘဝတလျှောက်မှာ အရိုးများဟာ ပျက်စီးခြင်း၊ အသစ်ပြန်လည်ဖြစ်ပေါ်ခြင်း စတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အသက် ၃၀ ကျော်လောက်ကစပြီး အရိုးဆဲလ်များ ပျက်စီးနှုန်းက အသစ်ပြန်ဖြစ်နှုန်းထက် ပိုများလာပါတယ်။ ဒါကြောင့် အရိုးများ သိပ်သည်းဆနည်းလာနိုင်ပါတယ်။

    အမျိုးသမီးတွေမှာဆိုရင် အသက် ၄၀ ကျော် ၅၀ ခန့်အရွယ်မှာ သွေးဆုံးတတ်ပါတယ်။ သွေးဆုံးချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးများပိုမို ပျက်စီးလာတတ်ပါတယ်။ မိသားစုထဲမှာ အရိုးပွရောဂါ ဖြစ်သူရှိခြင်း၊ အာဟာရဓာတ် ချို့တဲ့ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ ဆေးလိပ်သောက်ခြင်း စတာတွေကြောင့်လည်း အရိုးပွနိုင်ခြေ များပါတယ်။

    သိုင်းရွိုက်ရောဂါမှာ ကုသတဲ့ဆေးဝါးတချို့ကြောင့်လည်း အရိုးပွနိုင်ခြေများပါတယ်။ ပရဒ်နီဆလုံး၊ ကော်တီဆုန်း စတဲ့စတီးရွိုက်ဆေးဝါးတွေကြောင့် အရိုးပွတတ်ပါတယ်။

    အရိုးပွခြင်းကို ဘယ်လိုစစ်ဆေးနိုင်သလဲ

    အရိုးပွခြင်းကိုစစ်ဆေးဖို့အတွက် ဆရာဝန်ဟာ ရောဂါရာဇဝင်မေးမြန်းပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ အရိုးများအခြေအနေကို သိရအောင် သွေး၊ ဆီးစစ်ခြင်း ပြုလုပ်ပါလိမ့်မယ်။ အဓိကအားဖြင့် အရိုးသိပ်သည်းဆကို စစ်ဆေးပါလိမ့်မယ်။ X-ray တစ်မျိုးကို အသုံးပြုပြီး လက်ကောက်ဝတ်၊ ပေါင်၊ ကျောရိုး စတာတွေရဲ့ သိပ်သည်းဆကို စစ်ဆေးပါလိမ့်မယ်။ အဆိုပါ စစ်ဆေးမှုဟာ ၁၀ မိနစ်ကနေ နာရီဝက်အထိကြာနိုင်ပြီး နာကျင်မှု မရှိပါဘူး။

    ဘယ်လိုကုသနိုင်သလဲ

    အရိုးပွနေကြောင်း သိရပြီဆိုရင်တော့ ဆရာဝန်ဟာ သင့်ပြဿနာကို ဘယ်လိုကုသပေးမလဲ အစီအစဉ်ဆွဲပါလိမ့်မယ်။ ဆေးဝါးများသောက်သုံးရသလို နေထိုင်မှုပုံစံတွ ပြောင်းလဲပေးခြင်းလည်း ပါဝင်ပါလိမ့်မယ်။ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D တွေကို ဆရာဝန်ညွှန်ကြားချက်နဲ့  သုံးစွဲရသလို သင့်တော်တဲ့ လေ့ကျင့်ခန်းတချို့လည်း ပြုလုပ်ရတတ်ပါတယ်။

    တကယ်တော့ အရိုးပွခြင်းကို လုံးဝပျောက်ကင်းအောင် ကုသခြင်းမရှိပါဘူး။ ဒါပေမယ့် ထိရောက်တဲ့ကုသမှုနဲ့ဆိုရင် အရိုးများကို သန်စွမ်းအောင်၊ ပျက်စီးခြင်းနည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။

    အာဟာရပြည့်ဝတဲ့ အစားအသောက်များကိုလည်း စားသုံးဖို့ အရေးကြီးပါတယ်။ အရေးအကြီး ဆုံးကတော့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D ပါပဲ။ ဒါ့အပြင် ပရိုတိန်း၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် K၊ ဇင့် စတာတွေဟာလည်း အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    03/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement